သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထူးကိုယ်စားလှယ် ကရင်ပြည်နယ်ရောက်ရှိ


 မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဒေါက်တာ Yanghee Lee ၂၀၁၇ခရီးစဉ်တွင်း ရခိုင်ပြည်နယ် ခရီးစဉ် သတင်းဓာတ်ပုံ။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဒေါက်တာ Yanghee Lee ၂၀၁၇ခရီးစဉ်တွင်း ရခိုင်ပြည်နယ် ခရီးစဉ် သတင်းဓာတ်ပုံ။

မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေကို လာရောက်စုံစမ်းဖို့ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဒေါက်တာ Yanghee Lee ဟာ ဒီကနေ့မှာတော့ ကရင်ပြည်နယ်ကို ရောက်ရှိနေပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ကရင်လူမှုအဖွဲ့အစည်းတွေကို တွေ့ဆုံနေတယ်လို့ ကုလသမဂ္ဂမြန်မာနိုင်ငံရုံးပြောခွင့်ရကပြောပါတယ်။ ကရင်ပြည်နယ်ကို ကုလအထူးကိုယ်စားလှယ် ပထမဆုံးအကြိမ် သွားရောက်တဲ့ခရီးစဉ်လည်းဖြစ်ပါတယ်။ အသေးစိတ် ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်ပြောပြပါမယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေကို လာရောက်စုံစမ်းဖို့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ဒေါက်တာYanghee Lee ဟာ သူ့ရဲ့ ၁၂ရက်တာ ခရီးစဉ်အတွင်း မနေ့ကတော့ ရှမ်းပြည်နယ်ကိုသွားရောက်ခဲ့တာပါ။ ရန်ကုန်မြို့ကို ခေတ္တပြန်လာပြီးနောက်မှာ အခုလို ကရင်ပြည်နယ်ဘက်ကို ခရီးဆက်တာလည်းဖြစ်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ဒေါက်တာ Yanghee Lee ပထမဆုံးအကြိမ်သွားရောက်တာဖြစ်တဲ့ ကရင်ပြည်နယ်ခရီးစဉ်အတွင်းမှာတော့ ကရင်ပြည်နယ်အစိုးရ နောက် ကရင်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံနေတဲ့အကြောင်း ကုလအထူးကိုယ်စားလှယ် Ms.Yanghee Lee နဲ့အတူ ခရီးစဉ်မှာ လိုက်ပါနေတဲ့ ကုလသမဂ္ဂမြန်မာနိုင်ငံရဲ့ ရန်ကုန်ရုံးတာဝန်ခံဦးအေးဝင်းက ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။

“ဟုတ်ကဲ့ခင်ဗျ ဒေါက်တာYanghee Lee အဖွဲ့ ဒီကနေ့ ဘားအံမြို့ကိုရောက်ပါတယ်၊ ရောက်ပြီးတော့ ကရင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ပြီးသွားပါပြီ။ ကျန်တာတွေကတော့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တွေ့ဖို့ပါပဲခင်ဗျ။

မေး။ ။ ကရင်ပြည်နယ်က ပထမဦးဆုံးခရီးစဉ်လို့ ပြောလို့ရသလားရှင့်။

ဖြေ။ ။ ဟုတ်ပြောလို့ရပါတယ်။ ဒေါက်တာ Yanghee Leeရဲ့ ပထမဦးဆုံးခရီးစဉ်လို့ ပြောလို့ရပါတယ်။ ကရင်ပြည်နယ်ကိုလာတာ။

မေး။ ။ ဘာကြောင့် ဒီတခေါက်ကရင်ပြည်နယ်ကို ရွေးချယ်ရပါသလဲ။

ဖြေ။ ။ကျနော်နားလည်တာကတော့ သူ့ Mandate က ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ အဲဒါကြောင့် သူက ပြည့်စုံအောင်လိုက်ကြည့်ရပါတယ် သူလေ့လာပါတယ်။

မေး။ ။အခုကရင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့တဲ့အခါမှာ အဓိက ဘယ်လိုအကြောင်းအရာတွေ ဆွေးနွေးဖြစ်ပါသလဲ။

ဖြေ။။ဒါတော့ တံခါးပိတ်ဆွေးနွေးတာဖြစ်တဲ့အတွက် ကျနေ်ာဒီဟာကို ပြောလို့မဖြစ်ပါဘူး။

မေး။။ အခုကတော့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံနေတဲ့ အနေအထားမှာ ရှိတာပေါ့နော်

ဖြေ။ ။ ဟုတ်ပါတယ်။

မေး။ ။ ဒီကရင်ပြည်နယ်ခရီးစဉ် ပြီးရင် ဘယ်ကိုသွားဖို့ရှိပါသလဲ။

ဖြေ။ ။ ဒါပြီးရင်တော့ နေပြည်တော်တက်မှာပါ။

မေး။ ။နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ရှိပါသလား။

ဖြေ။ ။ ရှိမယ်လို့ယူဆပါတယ် ဒါပေမယ့် အစီအစဉ်အသေးစိတ်တော့ ကျနော်တို့ မသိသေးပါဘူး။”

ကရင်ပြည်နယ်တွင်းက လူ့မှုအဖွဲ့အစည်းတွေနဲ့တွေ့ဆုံတဲ့အခါမှာတော့ ကရင်ပြည်နယ်တွင်းက နေရပ်ရင်းပြန်လာမယ့် စစ်ဘေးရှောင်ဒုက္ခသည်တွေရဲ့အခြေအနေတွေ၊ မြေမြုပ်မိုင်းတူးဖော်ရေးကိစ္စတွေအပါအဝင် သဘာဝသယံဇာတတူးဖော်နေတဲ့ စက်ရုံအလုပ်ရုံတွေနဲ့ သဘာပတ်ဝန်းကျင်ဆိုင်ရာကိစ္စတွေကို ဆွေးနွေးနိုင်ခြေရှိနေပါတယ်။

ကရင်ပြည်နယ်ကို လာလေ့လာတဲ့ ကုလသမဂ္ဂအနေနဲ့ ကရင်လူထု ရင်ဆိုင်တွေ့ကြုံနေရတဲ့အခက်အခဲတွေ၊ ကရင်ပြည်နယ်တွင်းက သဘာဝသယံဇာတတွေ ထုတ်လုပ်နေတဲ့ စက်ရုံအလုပ်ရုံတွေကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးနိုင်တဲ့ အခြေအနေ အနေအထားတွေကို အဓိကထားလေ့လာသင့်တယ်လို့ တာကပေါလူငယ်အဖွဲ့က နော်ပီသလောက အကြံပြုပါတယ်။

“ကရင်ပြည်နယ်ကို လာလေ့လာတယ် အဓိကတော့ တနေ့နေ့ တချိန်ချိန်ကျရင် ဒုက္ခသည်စခန်းမှာ ရှိနေတဲ့ ကျမတို့ ပြည်သူတွေလည်း ပြန်လာမှာပဲလေ၊ အဓိက နေရာပေါ့နော် ။ နေရာကို သူတို့ပြန်မလာခင်မှာ သူတို့အတွက် သေသေချာချာလေး စီစဉ်ပေး ၊ ကြိုပြီးတော့ ဆောင်ရွက်သင့်တယ်။ သူကတော့ အဓိက ကရင်ပြည်နယ်မှာ ထောက်ပြတာကတော့ ကျောက်မီးသွေး စက်ရုံပေါ့နော်။ အရင်တုန်းကတော့ ကျမတို့ ပထမတခေါက်မှာ စစ်ဒဏ်ကြောင့်ပေါ့နော် ကျမတို့က ထွက်ပြေးခဲ့ရတယ်။ ဒါပေမယ့် နောက်ပိုင်းကျရင် ဒီသဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် နောက်တကြိမ်ပေါ့ ထွက်ပြေးရမယ့် ကိန်းရှိတယ်ပေါ့နော်။ ဥပမာ ကရင်ပြည်နယ်မှာ တည်ဆောက်မယ့် အကြီးစားလုပ်ငန်းတွေဖြစ်တဲ့ ဟိုင်းကြီး dam တို့ ကျောက်မီးသွေးစက်ရုံတို့ရှိတယ်ပေါ့ အဲဒါကြောင့်မို့လို့ ဒီဟာတွေကို ကျမတို့ ပေါ့ပေါ့တန်တန်ပဲ ကျမတို့ စွမ်းအင်လိုအပ်ချက်ကြောင့် လုပ်ရမယ်ဆိုရင် နောက်ပိုင်းကျရင်လူတွေက စစ်ဒဏ်ကြောင့်မဟုတ်ပဲနဲ့ ၊ သဘာဝဘေးဒဏ်ကြောင့်ထွက်ပြေးရမယ့် သဘောရှိတယ်ပေါ့နော်။”

ကရင်ပြည်နယ်ကို အခုလို ကုလအထူးကိုယ်စားလှယ် လာရောက်လေ့လာနေချိန်မှာ ကရင်ပြည်နယ်တွင်း စစ်ရေးပဋိပက္ခတွေကြောင့် နယ်စပ်တွေကို တိမ်းရှောင်သွားရတဲ့ ကရင်စစ်ဘေးစစ်ရှောင်ဒုက္ခသည်တွေ နေရပ်ရင်း လုံခြုံစိတ်ချစွာပြန်လာနိုင်ရေး ကုလသမဂ္ဂဘက်က ကူညီဆောင်ရွက်ပေးဖို့ကို တိုက်တွန်းလိုပါတယ်လို့ ကရင်ဒုက္ခသည် ကော်မတီ -KRC ဥက္ကဋ္ဌစောရောဘတ်ထွေးက မေတ္တာရပ်ခံပါတယ်။

“ ကျနော်တို့ လူထုအတွက်ကတော့ အထူးသဖြင့်ပေါ့နော် ဒုက္ခသည်တွေနဲ့ ပတ်သက်တာ ကျနော်တို့ လောလောဆည်မှာတော့ သိတာက ၂၀၁၈ ကျရင် ဒုက္ခသည်တွေကို ပံ့ပိုးတာတွေက တဝက်လောက်လျှော့ကျသွားမယ်။ ဒါကြောင့် ကျနော်တို့ KRC က အဲဒါနဲ့ ပတ်သက်တာတွေ တိုက်တွန်းတာရှိမယ်။ နောက်တခုကလည်း ပြန်ရင် ကျနော်တို့အတွက် ဘာမှ အာမခံမှုမရှိသေးဘူး ၊ ကျနော်တို့ ၁ နှစ်အတွက်လား၊ ၂ နှစ်အတွက်လား ပံ့ပိုးတာတွေလည်း ဘာမှ သူတို့မပြောဘူး ၊ ပြီးရင် ကျနော်တို့ ဒုက္ခသည်တွေကို ဖိတ်ခေါ်ဖို့ကလည်း ကျနော်တို့ ဘာမှ မကြားသေးဘူး။

ကုလသမဂ္ဂအနေနဲ့ ကရင်ဒုက္ခသည်တွေအရေး နိုင်ငံတော်ကို တိုက်တွန်းပေးဖို့ အုန်းဖြန်ဒုက္ခသည်စခန်းတာဝန်ခံဥက္ကဋ္ဌ ဦးစောဝါးထီးကလည်း ပြောပါတယ်။

“ကုလသမဂ္ဂကလည်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်တွေကို သူကတော့ ကြိုဆိုပါတယ်တဲ့။ အဲဒီ ကြိုဆိုမှုအပေါ်မှာ UN တာဝန်ခံကလည်း ကြိုဆိုတာနဲ့တော့ မပြီးဘူးပေါ့နော် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး အစစအရာရာ ကူညီဖို့အတွက် တိုက်တွန်းတဲ့အပေါ်မှာ လက်ရှိအစိုးရသော်လည်းကောင်း ၊ တပ်မတော်သော်လည်းကောင်း ဒီအကြံပြုချက်ကို လက်ခံပြီးတော့ အကောင်အထည်ဖော်သွားမယ်လို့ တော့ ကျနော်ကတော့ ယုံကြည်ထားပါတယ်။”

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဒေါက်တာ Yanghee Lee ဟာ သူ့ရဲ့ကရင်ပြည်နယ် ခရီးစဉ်အပြီးမှာတော့ နေပြည်တော်ကို ခရီးဆက်ဖို့ရှိပါတယ်။ ဇူလိုင် ၁၀ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ၁၂ ရက်တာ ကြာမြင့်မယ့် သူ့ရဲ့ ၆ ကြိမ်မြောက် မြန်မာပြည် ခရီးစဉ်အပြီးမှာတော့ သတင်းစာရှင်းလင်းပွဲ ကျင်းပဖို့ရှိပြီး ဒီခရီးစဉ်ကအပြန် မြန်မာပြည်တွင်းက သူစုံစမ်းလေ့လာတွေ့ရှိခဲ့သမျှ လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်လို့ တွေ့ရှိချက်တွေကို လာမယ့် အောက်တိုဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တင်ပြသွားဖို့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG