သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယန်ဟီးလီရှမ်းပြည်နယ်တွင်း၊ လူ့အခွင့်အရေး အခြေအနေလေ့လာ


 မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee
 မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee

ရှမ်းပြည်နယ်ကိုရောက်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ ရှမ်းပြည်နယ်တွင်းက လားရှိုးအကျဉ်းထောင်ကို သွားခဲ့ပြီး ဖမ်းဆီးခံအကျဉ်းသားတချို့ကိုတွေ့ဆုံခဲ့သလို စစ်ရေးပဋိပက္ခတွေနဲ့ တင်းမာနေဆဲ ရှမ်းပြည်နယ်တွင်းက စစ်ဘေးစစ်ရှောင်ဒုက္ခသည်တွေရဲ့အခက်အခဲတွေ လူ့အခွင့်အရေးအခြေအနေတွေနဲ့ပတ်သက်လို့ လေ့လာခဲ့တယ်လို့ ကုလသမဂ္ဂမြန်မာနိုင်ငံ ရန်ကုန်ရုံးပြောခွင့်ရကပြောပါတယ်။ ဒီကနေ့မနက်ပိုင်း ရှမ်းပြည်နယ် လားရှိုးမြို့မှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ ရှမ်းလူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ လူမှုအဖွဲ့အစည်းကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ကုလကိုယ်စားလှယ်အပေါ် ရှမ်းပြည်နယ်တွင်းက လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အခြေအနေတွေကို တင်ပြနိုင်ခဲ့တဲ့အပေါ် တက်ကြွလှုပ်ရှားသူတွေဘက်က ဘယ်လိုမျှော်လင့်ချက်ရှိပါသလဲ။ အသေးစိတ် မဆုမွန် တင်ပြပေးပါမယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေကို လာရောက်စုံစမ်းဖို့ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ အခုဆိုရင်တော့ ရှမ်းပြည်နယ်ခရီးစဉ်ကတဆင့် ရန်ကုန်မြို့ကို ဒီညနေခင်းမှာပဲ ပြန်လည်ဆိုက်ရောက်သွားပြီဖြစ်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Leeရဲ့ ရှမ်းပြည်နယ်ခရီးစဉ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂ မြန်မာနိုင်ငံက ရန်ကုန်ရုံး ပြောခွင့်ရဦးအေးဝင်းက ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပြပါတယ်။

“မနက်ကတော့ အဲဒီကရှိတဲ့ အရပ်ဖက်အဖွဲ့ပေါ့နော် ရှမ်းအဖွဲ့တွေနဲ့တော့တွေ့တယ်၊ နောက်မနေ့ကတော့ လားရှိုးထောင်သွားတယ်။ အဲဒီမှာ အကျဉ်းသား၂ ယောက်နဲ့ တွေ့ပါတယ်။ အဲဒီကလည်း အရပ်ဖက်အဖွဲ့အစည်းတချို့လည်းလာတွေ့ကြပါတယ်။ အခုရန်ကုန်ပြန်ရောက်လာပါပြီခင်ဗျ။

မေး။ ။ ဟုတ်ကဲ့ နောက်ထပ် ခရီးစဉ်က ဘာတွေများရှိပါသလဲ။

ဖြေ။ ။ရှိပါတယ် ကရင်ကျန်ပါသေးတယ် နောက်နေပြည်တော်လည်းကျန်တယ်။

မေး။ ။ ကချင်ပြည်နယ်ဘက်ရော သွားဖို့ရှိပါသလား။

ဖြေ။ ။မရှိဘူးခင်ဗျ။

မေး။ ။ အဓိကတော့ ကရင်ပြည်နယ်နဲ့ နေပြည်တော်ဆက်သွားမှာပေါ့နော်။

ဖြေ။ ။ ဟုတ်ကဲ့ခင်ဗျ။”

ဒီကနေ့ ဇူလိုင်လ ၁၅ရက်နေ့ စနေနေ့မနက်ပိုင်းမှာတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee နဲ့ ရှမ်းပြည်နယ်တွင်းက လူ့အခွင့်အရေးနဲ့ စစ်ပြေးဒုက္ခသည်အရေးလှုပ်ရှားသူတွေ တွေ့ဆုံခဲ့ကြပါတယ်။ ရှမ်းလူငယ်တွေ စုဖွဲ့ထားတဲ့ ရှမ်းလူငယ်ကွန်ရက်က ကိုယ်စားလှယ်တွေနဲ့ ရှမ်းပြည်နယ် လားရှိုးမြို့မှာ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ရှမ်းပြည်နယ်ထဲမှာ ရှိတဲ့ ဖြစ်ပွားနေတဲ့တိုက်ပွဲအခြေအနေ၊ စစ်ပြေးစစ်ရှောင်ဒုက္ခသည်တွေ တွေ့ကြုံနေရတဲ့အခက်အခဲတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အခြေအနေတွေအပါအဝင် သဘာဝသံယံဇာတ တူးဖော်နေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး အဓိကထား တင်ပြခဲ့ကြတယ်လို့ဆိုပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee ကို တင်ပြခဲ့တဲ့အကြောင်းအရာတွေကို ကိုယ်တိုင်တွေ့ဆုံခွင့်ရခဲ့တဲ့ ရှမ်းလူငယ်ကွန်ရက်က ကိုစိုင်းနော်စိုင်းက အခုလိုရှင်းပြပါတယ်။

“ဟုတ်ကဲ့မနက်က ၉နာရီကနေ ၁၀ နာရီအထိ ကျနော်တို့ တွေ့ခွင့်ရပါတယ်ခင်ဗျ။ Golden Hill Hotel မှာတွေ့တယ်ခင်ဗျ။ ရှမ်းလူငယ်ကွန်ရက်အနေနဲ့ ၅ ဦးသွားတွေ့တယ်ခင်ဗျ။ လူငယ်ကွန်ယက်ရဲ့ CEC ၂ယောက်ရယ်၊ အတိုင်ပင်ခံထဲက တယောက်ပါတယ်။ ပြီးတော့ နမ္မတူစစ်ဘေးရှောင်တွေ ကိုကူညီနေတဲ့ သူတယောက်ပါတယ် ပြီးတော့ ရှမ်းလူငယ်အစည်းအရုံးက တယောက်ပါတယ် အားလုံး ၅ ယောက်။ ကျနော်တို့အနေနဲ့ ဆွေးနွေးဖြစ်တာက အခုလက်တလောဖြစ်နေတဲ့ နမ္မတူဘက်က တိုက်ပွဲရယ် ၊ land mine ရယ် ပါတယ်။ ဒီတိုက်ပွဲကြားထဲမှာ ပြည်သူလူထုအနေနဲ့ ခံစားရတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ ၊နောက်ပြီးတော့ ကျနော်တို့ ကျောက်မီးသွေးကိစ္စတွေပါတယ်။ ဟိုပုံးဘက်က ပင်းပက်သံမဏိစက်ရုံကိစ္စတွေပါတယ်။”

Ms.Yanghee Lee အနေနဲ့ ရှမ်းပြည်နယ်တွင်းက စစ်ပြေးဒုက္ခသည်စခန်းတွေအထိ သွားရောက်လေ့လာခွင့်ရစေချင်ပေမဲ့ လုံခြုံရေးအရ ခွင့်မပြုခဲ့တဲ့အတွက် သူ့အနေနဲ့သွားရောက်နိုင်ခြင်းမရှိဘူးလို့ Yanghee Lee ဘက်က ပြောဆိုခဲ့တဲ့အကြောင်း ရှမ်းလူငယ်ကွန်ရက်က ကိုစိုင်းနော်စိုင်းကပြောပါတယ်။

“အစိုးရဆီခွင့်တောင်းတော့ အစိုးရက ခွင့်မပြုလာတဲ့အခါကျတော့ ကျနော်တို့လည်း တိုက်တွန်းတာကတော့ တိုက်တွန်းတာပဲခင်ဗျ၊ သွားသင့်တယ်လို့ပြောပါတယ်။ ဒါပေမယ့် သူ့ဘက်က နိုင်ငံတော်ခွင့်ပြုချက်မရလို့ သွားလို့မရဘူးလို့ သူပြောတယ်။ သူ့ဘက်ကတော့ သူတို့ Data ကောက်တာပဲရှိမယ်လို့ ကျနော်တို့ထင်တယ်။ နောက်ပိုင်း သူအပြန်ခရီးစဉ်မှာ သူ Report တင်ဖို့ပဲ များမယ်ထင်ပါတယ်။ ကျနေ်ာတို့ကိုတော့ သိချင်တဲ့အချက်တွေ မေးခွန်းထုတ်သွားတာများပါတယ်။”

ရှမ်းပြည်နယ်ကို မနှစ်က Ms.Yanghee Leeရောက်ခဲ့ချိန်တုန်းကလည်း ရှမ်းပြည်နယ်တွင်းက လူ့အခွင့်အရေးအခြေအနေတွေကို တင်ပြခဲ့သလို ဒီတကြိမ်မှာလည်း တင်ပြခဲ့ပေမဲ့လို့ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့အခြေအနေတွေကို သူမအနေနဲ့ ထိရောက်အောင် ဆောင်ရွက်ပေးနိုင်ပါ့မလားဆိုတဲ့စိုးရိမ်မှုတော့ရှိတယ်လို့လည်း ကိုစိုင်းနော်စိုင်းကပြောပါတယ်။

“ မနှစ်ကတကြိမ်ကျနော်တို့နဲ့ တွေ့တယ် ဒီနှစ်က ဒုတိယတကြိမ်ပေါ့နော် ။ ကျနော်တို့ ၂ ကြိမ်ရှိပြီ။ ပထမတကြိမ်တွေ့တုန်းကလည်း ကျနော်တို့ တင်ပြသင့်တဲ့ အချက်အလက်တွေ ကျနော်တို့ တော်တော်များများတင်ပြတယ်။ ဒါပေမယ့် သိပ်ပြီးတုံ့ပြန်မှုမရှိသလောက်ပဲလို့ ကျနော်တို့ သတိထားမိတယ်လေ။ ဆိုတော့ ဒီနှစ်က မနှစ်ကထက် အခြေအနေက ပိုပြီးတော့ ကြမ်းတမ်းတဲ့အနေအထားမှာ ရှိတယ်လို့မြင်တယ်။ အများကြီးတော့ ကျနော်တို့ မျှော်လင့်လို့မရနိုင်ဘူးလို့တော့ ထင်တယ်။”

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ ဇူလိုင် ၁၀ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ၁၂ ရက်တာ ကြာမြင့်မယ့် သူ့ရဲ့ ၆ ကြိမ်မြောက် မြန်မာပြည်ခရီးစဉ်ကို ဇူလိုင်လ ၁၀ရက်နေ့ တနင်္လာနေ့က စတင်ခဲ့တာပါ။ သူ့ရဲ့ ခြောက်ကြိမ်ခြောက် မြန်မာပြည်ခရီးစဉ်အတွင်း လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ ၆၆ဃဖျက်သိမ်းရေး လွတ်လပ်စွာပြောဆိုခွင့်လှုပ်ရှားသူတွေ၊ ဖမ်းဆီးခံသတင်းသမားများအရေး သတင်းစာနယ်ဇင်း တာဝန်ရှိတွေနဲ့တွေ့ဆုံခဲ့သလို ရန်ကုန်နဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေ၊ ဘူးသီးထောင်အကျဉ်းထောင်တို့ကိုလည်း သွားရောက် လေ့လာခဲ့ပြီးဖြစ်ပြီး ကရင်ပြည်နယ်နဲ့ နေပြည်တော်ကိုလည်း သွားရောက်ဖို့ရှိပါတယ်။ ဒီခရီးစဉ်အပြီးမှာတော့ သတင်းစာရှင်းလင်းပွဲ ကျင်းပဖို့ရှိပြီး ဒီခရီးစဉ်ကအပြန် မြန်မာပြည်တွင်းက သူစုံစမ်းလေ့လာတွေ့ရှိခဲ့သမျှ လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်လို့ တွေ့ရှိချက်တွေကို လာမယ့် အောက်တိုဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တင်ပြသွားဖို့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG