သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်း လုံခြုံမှုအားနည်းနေဆဲ


ရခိုင်ပြည်နယ်မောင်တောဒေသတွင်း လုံခြုံရေးတာဝန်ယူရသူတွေအတွက်ကတော့ အခက်အခဲတွေကြုံနေရတယ်လို့ မောင်တော ဒေသ လုံခြုံရေးတာဝန်ယူထားသူတွေက ပြောဆိုလိုက်ပါတယ်။ ဒီဒေသအတွင်းကျေးရွာတွေမှာ အကြမ်းဖက်သမားတွေရဲ့ သြဇာခံတွေ စိမ့်ဝင်ပျံ့နှံ့နေတယ်လို့လည်း အစိုးရပိုင်းတာဝန်ရှိသူတွေက သတ်မှတ်ထား ပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စစ် ယန်ဟီးလီ ရောက်နေချိန်မှာ ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးပိုင်းအခြေအနေတွေနဲ့ ပတ် သတ်လို့ ဗွီအိုအေ သတင်းထောက် မေခက တင်ပြပေးသွားမှာပါ။

ရခိုင်ပြည်နယ်မောင်တောဒေသတွင်း အစ္စလာမ်ကျေးရွာတွေမှာ အစိုးရအုပ်ချုပ်ရေးပိုင်းနဲ့ အဆက်အသွယ်လုပ်သူတွေကို အကြမ်းဖက်သမားတွေက လုပ်ကြံသတ်ဖြတ်မှု တွေတိုးလာနေပါတယ်။ ဒါတွေကြောင့် လုံခြုံရေးတာဝန်ယူထားသူတွေမှာ အရင်ကလို သတင်းအချက်အလက်ရယူနိုင်ဖို့ အခက်အခဲတွေကြုံနေရတယ်လို့ မောင်တော ဒေသ လုံခြုံရေးတာဝန်ယူထားသူ အမှတ် ၁ နယ်ခြားစောင့်ရဲတပ်ဖွဲ့က ရဲမှုးဉာဏ်မြင့်ဇော်က ပြောပါတယ်။

“သတင်းရယူမှုပိုင်းကတော့အရင်ကထပ်ပိုခက်ခက်ခဲခဲရယူနေရမှုကတပိုင်းပေါ့။ နောက်တပိုင်းကတော့ လုံခြုံရေးနဲ့ နယ်မြေအေးချမ်းရေးရယူမှုပိုင်းမှာ ကျနော်တို့က ဥပဒေကို လေးစားလိုက်နာစောင့်ထိန်းဖို့လိုတဲ့အတွက်အချို့နေရာတွေမှာလည်းဒါလေးကအခက်အခဲတခုဖြစ်လာနေပါတယ်။ ဥပမာကျနော်တို့ကမသင်္ကာ လို့ခေါ်မယ်စစ်မယ် ဒီလိုလူကိုဖမ်းမယ်စီးမယ်ကျနော်တို့က လုပ်ထုံးလုပ်နည်းအတိုင်းလုပ်ရပါတယ်။ မောင်ဖြူကိုခေါ်ပြီပေါ့မောင်ဖြူကိုခေါ်တဲ့အချိန်ကျနော်တို့သွားချိန်မှာ သူကထွက်ပြေးသွားတယ်။ ကျနော်တို့ကဘာလုပ်မလဲ နည်းနည်းလေး သူတို့ကကျနော်တို့ဥပဒေကိုလေးစားလိုက်နာမှုအားနည်းတယ်။ ကျနော်တို့ကဥပဒေကိုလေးစား လိုက်နာနေရတယ်။ အဲ ၂ခုကွာဟချက်ကကျနော်တို့အတွက် အခက်အခဲလေးတခုဖြစ်နေပါတယ်”

ပြီးခဲ့တဲ့ ရက်ပိုင်းက ဘူးသီးတောင်မြို့နယ် တင်းမေရွာမှာ အကြမ်းဖက်သမားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား တဦးကို ဖမ်းဆီးရမိထားပါတယ်။ လတ်တလောမှာ အရှင်ဖမ်းဆီးရမိထားသူကိုစစ်ဆေးလျက်ရှိပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာဖြစ်စဉ်ဖြစ်ပွားပြီးနောက်ပိုင်း ဘူးသီးတောင်မောင်တော ဒေသအချို့တွေမှာ အကြမ်းဖက်သမားများက အပြစ်မဲ့အရပ်သားတွေကို သတ်ဖြတ်တာတွေ၊ ဖမ်းဆီးတာတွေလုပ်ဆောင်လာတာတွေရှိတာမို့ ဒီဒေသအုပ်ချုပ်ရေးနဲ့ လုံခြုံ ရေးပိုင်းကိုမေးခွန်းထုတ်စရာတွေရှိလာတာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းကပါတီ ၁၄ခုက ဒီဒေသကိုစစ်အုပ်ချုပ်ရေးကြေညာပေးဖို့ တောင်းဆိုလာတာ တွေရှိနေပါတယ်။

လက်ရှိအခြေအနေအရ ရခိုင်ပြည်နယ်မောင်တောဒေသတွင်း အကြမ်းဖက်သမားတွေလိုယူဆရသူတွေက ကျေးရွာတွေထဲ စိမ့်ဝင် နေတာတွေရှိတယ်လို့ အစိုးရပိုင်းကသတ်မှတ်ထားပါတယ်။

“ရွာတွေအားလုံးမှာအကြမ်းဖက်သမားတွေ ရောက်နေပြီ၊ ပြန့်နှံနေပြီလို့ ခြုံငုံပြီးကျနော်မပြောလိုဘူးခင်ဗျ၊ သို့သော်ရွာတိုင်းပေါ့ သူတို့ကွန်ယက်ကလေးတခုလို အကြမ်းဖက်သမားတွေနဲ့အဆက်အဆံရှိတဲ့ရွာသားတွေ နောက်အကြမ်းဖက်သမားတွေရဲ့အထောက်အပံ့ကိုယူတဲ့ရွာသားတွေတော့ ရွာတိုင်း percentage (ရာခိုင်နှုန်း) တော်တော်များများမှာ ရှိနေတယ်လို့တော့ ကျနော်ပြောချင်ပါတယ်”

မောင်တော ဒေသ လုံခြုံရေးတာဝန်ယူထားသူ အမှတ် ၁ နယ်ခြားစောင့်ရဲတပ်ဖွဲ့က ရဲမှုးဉာဏ်မြင့်ဇော် သုံးသပ်ချက်ပါ။

လက်ရှိမှာရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်နဲ့ မောင်တောဒေသမှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ထားဆဲပါ။ ခုလက်ရှိအခြေအနေအရ လုံခြုံရေးတာဝန်ယူ ထားမှုနဲ့ပတ်သတ်လို့ ရခိုင်ပြည်နယ် မောင်တောဒေသ က အထွေထွေအုပ်ချုပ်ရေးမှုး ဦးရဲထွဋ်ကတော့ မောင်တောဒေသတွင်းမှာ အခြေအနေတည်ငြိမ်လျက်ရှိပြီး လုံခြုံ ရေးတာဝန်ကို အစိုးရဘက်ကအပြည့်အဝလုပ်ဆောင်ပေးနေတာကြောင့် စစ်တပ်အုပ်ချုပ်ရေး ထုတ်ဖို့မလိုသေးဘူးလို့ပြောဆိုလိုက်သလို အခုလိုတောင်းဆိုလာတာက ဒေသအခြေအနေကို ပိုရှုပ်စေတယ်လို့လည်းပြောပါတယ်။

“သူဟာသူ ကြိုကြားကြိုကြားတော့ အကြမ်းဖက်သမားတွေကိုဖမ်းမိနေတာပါဘဲ။ လုံခြုံရေးအဖွဲ့တွေလည်းနိုင်နိုင်နင်းနင်း လုပ်နေတယ်။ ဒါတွေကနယ်မြေ ဒေသမှာရှိတဲ့ တိုင်းရင်းသားတွေအတွက် အများကြီး အများကြီး ထိခိုက်မှုရှိတယ်။ အဲလိုစွတ်အော်နေတာတွေက။ ဘာမှအဲလောက်မဟုတ်ဘူး။ ဒီမှာရှိတဲ့လုံခြုံရေးအင်အား ကနိုင်နင်းတယ်။ လုပ်နိုင်တယ်။ တတ်နိုင်သမျှ လုပ်နေတာဘဲ။”

ရခိုင်ပြည်နယ် မောင်တော ဒေသမှာ နယ်ခြားစောင့်တပ်ဖွဲ့တွေရဲ့ ကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခံခဲ့ရတဲ့ ၂၀၁၆ အောက်တိုဘာ ၉ ရက်နေ့ကစလို့ ဇွန်လ ၂၇ ရက်နေ့အထိ လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူအရပ်သား စုစုပေါင်း ၃၈ ဦး ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG