သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး ကုလအချက်အလက် ရှာဖွေရေးအဖွဲ့ ပြည်ဝင်ခွင့်ပေးမည်မဟုတ်ဟု ဒုနိုင်ငံခြားရေးဝန်ကြီးဆို


နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်တင် (MOI)
နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်တင် (MOI)

ကုလသမဂ္ဂက ဖွဲ့စည်းလိုက်တဲ့ ရခိုင်အရေး အချက်အလက်ရှာ အဖွဲ့ကို မြန်မာနိုင်ငံတွင်း လာရောက်ခွင့်ပြုမှာ မဟုတ်ဘူးလို့ မြန်မာ အစိုးရက ပြောဆိုလိုက်ပါတယ်။ တချိန်တည်းမှာဘဲ ရခိုင်အရေး နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ လျော့သွားစေဖို့ ဒေသတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိစေရေး၊ ဖွံ့ဖြိုးရေးတို့ကို ဆောင်ရွက်သွားရမှာ ဖြစ်သလို ခွဲခြားဆက်ဆံမှုနဲ့ အမုန်းစကားတွေ တားဆီးရေးကိုလည်း ဆောင်ရွက်သွားမယ်လို့ ပြောဆိုပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းလိုက်တဲ့ ရခိုင်အရေး အချက်အလက်ရှာဖွေရေး အဖွဲ့ကို မြန်မာနိုင်ငံတွင်း လာရောက်ခွင့် ပြုမှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်တင်က လွှတ်တော်မှာ ပြောဆိုလိုက်ပါတယ်။

“ ကျနော်တို့ အနေနဲ့ Fact Finding Mission စေလွှတ်တဲ့ အစီအစဉ်ကို ကန့်ကွက်ရန်ပြုနိုင်သော်လည်းပဲ ကုလသမဂ္ဂရဲ့ Mandate နဲ့ ဖွဲ့စည်းတဲ့ အဲဒီ ဖွဲ့စည်းခြင်းကိုသော်လည်းကောင်း အဲဒီ Mission ကနေပြီးတော့ အစီရင်ခံစာ ပြုစုတင်သွင်းခြင်းကို သော်လည်းကောင်း ကျနော်တို့ အနေနဲ့ ဟန့်တားနိုင်တဲ့ အနေအထား ရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ အနေနဲ့ မြန်မာနိုင်ငံကိုတော့ လာရောက်ခွင့် မပြုဖို့ အတွက် မြန်မာသံရုံးတွေကို လိုအပ်တဲ့ ညွှန်ကြားမှုများ ပြုလုပ်ကာ တားဆီးသွားမှာ ဖြစ်ပါတယ်။ သို့သော်လည်း အဲဒီ မစ်ရှင်ဟာ မြန်မာနိုင်ငံကို မလာရောက်နိုင်လို့ ရှိရင် အိမ်နီးချင်း နိုင်ငံများကို သွားရောက် စုံစမ်းပြီးတော့ ပြည်တွင်းရှိ သက်ဆိုင်သူတွေကို ဆက်သွယ်မေးမြန်းမှုတွေ ပြုပြီး တွေ့ရှိချက် အစီရင်ခံစာကို လူ့အခွင့်အရေး ကောင်စီကို တင်ပြသွားမှာသာ ဖြစ်ပါတယ်။ ”

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလက အကြမ်းဖက်မှုတွေ နောက်ပိုင်း ဒေသခံတွေရဲ့ အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်ပြီး အချက်အလက် ရှာဖွေဖို့ ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတကာ ပညာရှင် သုံးဦးပါ အဖွဲ့က ကုလသမဂ္ဂမှာ လာမယ့် စက်တင်ဘာလ အတွင်း နှုတ်အားဖြင့် အစီရင်ခံရမှာ ဖြစ်သလို ၂၀၁၈ ခုနှစ် မတ်လမှာတော့ အစီရင်ခံစာ အပြည်အစုံ တင်သွင်းရမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာ အရေး အချက်အလက်ရှာဖွေရေး အဖွဲ့နဲ့ ပတ်သက်ပြီး အစိုးရရဲ့ အစီအစဉ်ကို လွှတ်တော် အမတ် ဗိုလ်ချုပ်ကြီးဟောင်း ဦးလှဌေးဝင်းက မေးခဲ့တာပါ။ ဒီအဖွဲ့ ဖွဲ့စည်းတာဟာဆိုရင် မြန်မာနိုင်ငံကို မထေမဲ့မြင်လုပ်ရာ ရောက်တယ်လို့လည်း အခုလို ပြောဆိုပါတယ်။

“ လူ့အခွင့်အရေး ကောင်စီဟာ မေလ ၃၀ ရက်နေ့မှာ နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့ တဖွဲ့ကို ကျွမ်းကျင် ပညာရှင်များနဲ့ ဖွဲ့စည်းလိုက်ကြောင်းနဲ့ လပိုင်း အတွင်းမှာ စေလွှတ်ဖို့ ကြေညာခဲ့ပါတယ်။ ယခုကဲ့သို့ ရှေ့တဆင့်တိုးပြီးတော့ အဖွဲ့ဖွဲ့စည်းခဲ့ခြင်းဟာ မြန်မာနိုင်ငံရဲ့ သဘောထားကို ပစ်ပယ်ပြီးတော့ မထေမဲ့မြင်ပြုလိုက်ခြင်း ဖြစ်လိုက်တဲ့ အတွက် စိတ်မသက်မသာ ခံစားရပါတယ်။”

ရခိုင် အရေး နိုင်ငံတကာရဲ့ ဖိအားတွေကို တုံ့ပြန်ရေးမှာ ဒုတိယ သမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ မောင်တော အရေး စုံစမ်းရေး ကော်မရှင်က အများယုံကြည်လေးစား လက်ခံနိုင်တဲ့ အစီရင်ခံစာထုတ်ပြန်နိုင်မှု ကလည်း အရေးပါတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထောက်ပြပါတယ်။ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးကျော်တင်က အခုလို ပြောပါတယ်။

“ အဲတော့ ကော်မရှင်ဟာ ဖြစ်စဉ် ဖြစ်ပွားခဲ့တဲ့ ဒေသများကို သွားရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့တဲ့ အပြင် ဘင်္ဂလားဒေရှ့် နိုင်ငံ ကော့ဘဇားကို သွားရောက်ပြီးတော့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးနိုင်ဖို့ အတွက် နိုင်ငံခြားရေး ဝန်ကြီးဌာနက နေပြီးတော့ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါတယ်။ အဆိုပါ ကော်မရှင်မှ နိုင်ငံတကာ ယုံကြည် လက်ခံတဲ့ အစီရင်ခံစာ ထုတ်ပြန်လာနိုင်မယ် ဆိုလို့ ရှိရင် လူ့အခွင့်အရေး ကောင်စီက စေလွှတ်မယ့် အချက်အလက်ရှာဖွေရေး မစ်ရှင်အား လက်ခံရန် နိုင်ငံတကာမှ ဖိအားပေးမှုများကို ပိုမိုထိရောက်စွာ တုံ့ပြန်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒုသမ္မတ ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ရဲ့ အစီရင်ခံစာရဲ့ Credibility ဖြစ်မှု အနေအထား သူ့ရဲ့ ထုတ်ပြန်တဲ့ အရည်အသွေးကောင်းမှုဟာ အင်မတန် အရေးကြီးတယ်ဆိုတဲ့ အကြောင်းလည်း ထပ်လောင်း တင်ပြလိုပါတယ်။ ”

ရခိုင်အရေး ကုလသမဂ္ဂဘက်က အရေးယူ ဆောင်ရွက်လာတာတွေကို သံတမန်နည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်နေတဲ့ တဖက်မှာ ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှု မရှိအောင်၊ ဒေသ ဖွံ့ဖြိုးရေး၊ နောက် လူသားချင်း စာနာမှုဆိုင်ရာ အထောက်အကူ ပေးရေး လုပ်ငန်းတွေကို အစိုးရက တဖက်က ဆောင်ရွက်နေသလို နိုင်ငံတွင်းက ခွဲခြားဆက်ဆံမှုတွေ၊ အမုန်းစကား တွေကိုလည်း အရေးယူ ဆောင်ရွက်နေတယ်လို့ ဒုတိယ ဝန်ကြီး ဦးကျော်တင်က ပြောပါတယ်။

“ တချိန်တည်းမှာဘဲ နိုင်ငံတော် အစိုးရ အနေနဲ့ ပြည်တွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ခွဲခြားဆက်ဆံမှုတွေ ကာကွယ်တားဆီးရေး၊ အမုန်းစကားတွေ တားဆီးမှု ပြုလုပ်ရေးတို့ အတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ဒါ့အပြင် ကျနော်တို့ အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိကြောင်း အထောက်အထား ခိုင်လုံမှု ရှိလို့ ရှိရင်လည်း ဥပဒေနဲ့ အညီ လိုအပ်တဲ့ အရေးယူမှုများ ပြုလုပ်သွားရန် လိုအပ်မှာ ဖြစ်ပါတယ်။”

ကုလ လူ့အခွင့်အရေး ကောင်စီက ရခိုင်ပြည်နယ်တွင်း အချက်အလက်ရှာ အဖွဲ့ ဖွဲ့စည်းရေး အဓိက တွန်းအားပေးခဲ့တဲ့ ဥရောပ သမဂ္ဂ အပါအဝင် ဥရောပ နိုင်ငံတွေကိုလည်း ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့ပြီး ကုလသမဂ္ဂက ဖွဲ့စည်းတဲ့ အဖွဲ့ကို လက်မခံနိုင်တဲ့ အကြောင်းရင်းနဲ့ ရခိုင်ပြည်နယ် တင်းမာမှုကို မြန်မာ အစိုးရဘက်က ဆောင်ရွက်ချက်တွေကို ရှင်းလင်း ပြောဆိုခဲ့တယ်လို့လည်း လွှတ်တော်မှာ ပြောဆိုသွားပါတယ်။ ရခိုင်ပြည်နယ်ရဲ့ အရေးကိစ္စတွေ ပိုပြီး ရှုပ်ထွေးလာနိုင်တာကြောင့် ကုလသမဂ္ဂရဲ့ အချက်အလက်ရှာ အဖွဲ့ကို လက်သင့်မခံတဲ့ အကြောင်း မြန်မာ အစိုးရက အခိုင်အမာ ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG