သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး ကုလစုံစမ်းရေးအဖွဲ့ မြန်မာနိုင်ငံကို လာရောက်ခွင့်ပြုမည်မဟုတ်


မောင်တောက မီးလောင်ခံထားရတဲ့ဈေးတခု၊ ၂၇ အောက်တိုဘာ၊ ၂၀၁၆။
မောင်တောက မီးလောင်ခံထားရတဲ့ဈေးတခု၊ ၂၇ အောက်တိုဘာ၊ ၂၀၁၆။

ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနိုင်ဖို့အတွက် အချက်အလက် ရှာဖွေရေးအဖွဲ့ကို နိုင်ငံတကာက ကျွမ်းကျင်ပညာရှင်တချို့နဲ့ ကုလသမဂ္ဂက ဖွဲ့စည်းလိုက်ပါပြီ။ ဒီအပေါ် မြန်မာအစိုးရဘက်က သဘောထား၊ လူ့အခွင့်အရေးအဖွဲ့တချို့ရဲ့ အမြင်တွေကို မခင်ဖြူထွေးက စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့အတွက် အချက်အလက်ရှာဖွေရေးအဖွဲ့ စေလွှတ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ပြီးခဲ့တဲ့မတ်လ ၂၄ ရက်နေ့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးတဲ့နောက် ဒီကနေ့မှာတော့ နိုင်ငံတကာ ကျွမ်းကျင်သူပုဂ္ဂိုလ် ၃ ယောက်ပါဝင်တဲ့ ဒီအဖွဲ့ကို ဖွဲ့စည်းလိုက်တဲ့အကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ မြန်မာအစိုးရဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ သဘောမတူတဲ့အတွက် ပူးပေါင်း ဆောင်ရွက်မှာ မဟုတ်တဲ့အကြောင်းကို အဲဒီအချိန်ကတည်းက အတိအလင်း ပြောဆိုခဲ့ပြီးဖြစ်သလို၊ အခုလည်း ဒီအတိုင်းပဲ ဆက်လက် ရပ်တည်မှာ ဖြစ်တယ်လို့ မြန်မာသမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောပါတယ်။

“ဒါနဲ့ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံတော်အစိုးရရဲ့ ရပ်တည်ချက်သဘောထားကိုး ၂၀၁၇ မတ်လ ၂၄ ရက်နေ့မှာ ကျနော်တို့ သတင်းထုတ်ပြန်ချက်ထုတ်ပြန်ထားပြီးဖြစ်တယ်။ အခု လူ့အခွင့်အရေးကောင်စီက Fact-Finding Mission သူ့ Resolutionအရ သူတို့ဆက်လုပ်တယ်ပေါ့နော်။ လုပ်ပေမယ့်လို့လည်း ကျနော်တို့က ကျနော်တို့နိုင်ငံရပ်တည်ချက်အရ မတ်လ ၂၄ ရက်နေ့မှာထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်မှာ သူတို့က Resolutionအရလုပ်သလို ကျနော်တို့က ကျနော်တို့နိုင်ငံရပ်တည်ချက်အရ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်။”

နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေကတော့ မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂဦးဆောင်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်တာဟာ မြန်မာအစိုးရအတွက် တိုင်းပြည်အတွက် အကျိုးရှိစေမယ့်နည်းလမ်း ဖြစ်တယ်လို့ ထောက်ပြ တိုက်တွန်း နေကြပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Fortify Rights အဖွဲ့က အမှုဆောင်အရာရှိချုပ် Matthew Smith က အခုလို မှတ်ချက်ပေးပါတယ်။

“ဒါဟာ သိပ်ကို အရေးကြီးတဲ့ တာဝန်ပေးမှု၊ လုပ်ငန်းတရပ် ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တခုတည်းမှာတင် မဟုတ်ပါဘူး။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ ဖြစ်ခဲ့တဲ့ ရာဇဝတ်ပြစ်မှုတွေဟာ သိပ်ကို ဆိုးရွားပါတယ်။ အပြစ်ကျူးလွန်သူတွေဟာလည်း အပြစ်ကလည်း ကင်းလွတ်ခွင့်ရနေပါတယ်။ ဒါကြောင့် အခု နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့ အနေနဲ့ ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အနီးကပ် လေ့လာပြီး ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နိုင်ပါတယ်။ ဒါဟာ တိုက်ခိုက်ခံရတဲ့ လူမှုအသိုင်းအဝိုင်းတွေ အတွက်တင်မဟုတ်ပါဘူး။ တိုင်းပြည်တခုလုံးအတွက် အလွန်ကို အရေးပါတဲ့ကိစ္စ ဖြစ်ပါတယ်။”

အခုဖွဲ့စည်းလိုက်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့ အနေနဲ့ နိုင်ငံထဲ ဝင်ရောက်ခွင့် တောင်းခံတဲ့အခါ မြန်မာအစိုးရဘက်က လိုက်လျော ခွင့်ပြုပြီး ပူးပေါင်းဆောင်ရွက်လာဖို့ မျှော်လင့်တဲ့အကြောင်းလည်း Matthew Smith က ပြောပါတယ်။ တကယ်လို့ မြန်မာအစိုးရဘက်က ဆက်ပြီး ငြင်းဆန်နေမယ်ဆိုရင်လည်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ကတော့ တခြား ဖြစ်နိုင်ချေ လမ်းကြောင်းတွေကနေဆင့် စုံစမ်းစစ်ဆေးမှုတွေ ဆက်ပြီးတော့ လုပ်သွားနိုင်တယ်လို့Matthew Smith က ထောက်ပြပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင် အပါအဝင် အစိုးရက ဖွဲ့စည်းထားတဲ့ ကော်မရှင်တွေကတော့ ရခိုင်ပြည်နယ်တွင်းက ပဋိပက္ခဖြစ်ပွားနေတဲ့ လူမှုအသိုင်းအဝိုင်းတွေ သာမက ဒေသခံအစိုးရ တာဝန်ရှိသူတွေ၊ လူမှုရေးအဖွဲ့အစည်းတွေနဲ့ပါ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး အစိုးရကို အပြီးသတ်အစီရင်ခံစာ တင်ပြနိုင်ဖို့ ကြိုးပမ်းနေတာပါ။ ရခိုင်အကြံပေး ကော်မရှင်အနေနဲ့ ကြားဖြတ် အစီရင်ခံစာ ထုတ်ပြန်ချိန်တုန်းကတော့ - ဘယ်သူဘယ်ဝါတွေ ပါဝင်ပြီး ဘယ်လိုလုပ်ရမယ်ဆိုတာ ထည့်သွင်း ပြောမထားပေမဲ့ လွတ်လပ် တရားမျှတတဲ့ စုံစမ်းစစ်ဆေးမှု လိုအပ်တယ်ဆိုတာကို ထောက်ပြ အကြံပြုထားတဲ့အကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က ပြောပါတယ်။

“ကျနော်တို့ကတော့ ကော်မရှင်ရဲ့ သဘောထားပဲပြောချင်တာပေါ့နော် ၊ ကော်မရှင်ကြားဖြတ် အစီရင်ခံစာမှာ ကျနော်တို့က ဒီကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့ လွတ်လပ်တဲ့၊ တရားမျှတတဲ့ စုံစမ်းစစ်ဆေးမှုတခု လိုအပ်တယ်။ အဲဒီက အဖြေကို ကျနော်တို့ တရားဥပဒေနဲ့ အညီ ဆောင်ရွက်ပေးဖို့လုပ်သင့်ပါတယ်ဆိုတဲ့ အကြံပေးထားပါတယ်။ အဲဒီတော့ တရားမျှတတဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုကို ဘယ်လိုလုပ်ရမယ် ၊ ဘယ်မှာလုပ်ရမယ်။ ပြည်တွင်းပြည်ပ ကျနော်တို့ ဘာမှမပြောထားပါဘူး။ အဲဒီတော့ အဲဒီအတိုင်းလေးပဲ ကျနော်မှတ်ချက်ပေးချင်ပါတယ်။”

ပြီးခဲ့တဲ့နှစ်ထဲ ရခိုင်ပြည်နယ်မှာ နယ်ခြားစောင့်တပ်စခန်းတချို့ တိုက်ခိုက်ခံခဲ့ရပြီးနောက်ပိုင်း လုံခြုံရေးအဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းမှုတွေ အတွင်း ရိုဟင်ဂျာ မူစလင်တွေ အများအပြား သတ်ဖြတ်ခံရတာ၊ အဓမ္မပြုကျင့်ခံရတာ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင် သုံးဦးရဲ့ အမည်ကိုတော့ ကုလသမဂ္ဂ ဒီကနေ့ပဲ ကြေညာလိုက်တာပါ။ အိန္ဒိယနိုင်ငံက တရားရုံးချုပ်ရှေ့နေ Indira Jaising က ဒီအဖွဲ့ကို ဦးဆောင်မှာ ဖြစ်ပြီး သီရိလင်္ကာနိုင်ငံက လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌဟောင်း Radhika Coomaraswamy သြစတြေးလျနိုင်ငံက နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ် Christopher Dominic Sidoti တို့လည်း အဖွဲ့ဝင်တွေအဖြစ် တာဝန်ယူမှာ ဖြစ်တဲ့အကြောင်းကို ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ ဥက္ကဋ္ဌက ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ မတ်လတုန်းက လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်နဲ့အညီ ဆောင်ရွက်တဲ့အကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပြီး မြန်မာအစိုးရအနေနဲ့လည်း ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေး အဖွဲ့နဲ့ အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်ဖို့ ထပ်မံ တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG