သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်ရှိ မွတ်စလင်အသိုင်းအဝိုင်းအရေး ကုလစုံစမ်းရေးအဖွဲ့ ဖွဲ့စည်း


ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ
ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးမယ့် နိုင်ငံတကာ ကျွမ်းကျင်သူပုဂ္ဂိုလ် ၃ ယောက်ရဲ့ အမည်ကို ကုလသမဂ္ဂက ကြေညာလိုက်ပါတယ်။

သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှုတွေ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ အချက်အလက်ရှာဖွေရေး နိုင်ငံတကာအဖွဲ့ကိုတော့ အိန္ဒိယနိုင်ငံက တရားရုံးချုပ်ရှေ့နေ Indira Jaising က ဦးဆောင်မှာ ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ ဥက္ကဋ္ဌက ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။

အဖွဲ့ဝင် ၃ ဦးပါ အဖွဲ့မှာ သီရိလင်္ကာနိုင်ငံက လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌဟောင်း Radhika Coomaraswamy သြစတြေးလျနိုင်ငံက နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ် Christopher Dominic Sidoti တို့လည်း အဖွဲ့ဝင်တွေအဖြစ် တာဝန်ယူမှာ ဖြစ်ပါတယ်။

စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကျုးလွန်ခဲ့တယ်လို့ဆိုတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာက သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ မတ်လထဲမှာတုန်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အရ ဖွဲ့စည်းလိုက်တာ ဖြစ်ကြောင်းလည်း ကြေညာချက်က ဖော်ပြထားပါတယ်။ မြန်မာအစိုးရ အနေနဲ့ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေး အစီအစဉ်ကို အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ သက်ဆိုင်ရာ ဒေသတွေ အားလုံးကို သွားရောက်ခွင့်ပြုဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာအစိုးရကတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ကော်မရှင် ၂ ခု ဖွဲ့စည်းထားပြီး စုံစမ်းစစ်ဆေးနေတာကြောင့် ကုလသမဂ္ဂက သီးခြားစုံစမ်းမယ့် အစီအစဉ်ကို လက်မခံနိုင်ကြောင်း ငြင်းဆန်ထားတာပါ။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင် အပါအဝင် အစိုးရက ဖွဲ့စည်းထားတဲ့ ကော်မရှင်တွေကတော့ ရခိုင်ပြည်နယ်တွင်းက ပဋိပက္ခဖြစ်ပွားနေတဲ့ လူမှုအသိုင်းအဝိုင်းတွေ သာမက ဒေသခံအစိုးရ တာဝန်ရှိသူတွေ၊ လူမှုရေးအဖွဲ့အစည်းတွေနဲ့ပါ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး အစိုးရထံ အပြီးသတ်အစီရင်ခံ တင်ပြဖို့လည်း ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG