သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောမှာ ဖမ်းဆီးထားစဉ် သံသယရှိသူသေဆုံးမှု စုံစမ်းစစ်ဆေးမည်


ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ဆက်နွယ်ပြီး သံသယရှိသူအဖြစ် မေးမြန်းစစ်ဆေးစဉ် အစ္စလာမ်ဘာသာရေးဆရာတဦး သေဆုံးမှုနဲ့ ပတ်သက်လို့ အဖြစ်မှန်ကို သိနိုင်အောင် စုံစမ်းစစ်ဆေးသွားမှာဖြစ်ကြောင်း မြန်မာအစိုးရက ပြောဆိုလိုက်ပါတယ်။ ဒေသခံရဲတပ်ဖွဲ့ကတော့ အကြမ်းဖက် ဝါဒစွဲနဲ့ လူငယ်တွေကို စည်းရုံးသိမ်းသွင်းရာမှာ ဘာသာရေးဆရာတွေ ပါဝင်နေတာ တွေ့ရှိထားကြောင်းလည်း ပြောဆိုထားတာပါ။ ရခိုင်ပြည်နယ်တွင်းက နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မေခက သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်းမှာ အကြမ်းဖက်လှုပ်ရှားမှုတွေအတွက် စည်းရုံးလှုံ့ဆော်သူအဖြစ် အာဏာပိုင်တွေက ဖမ်းဆီးစစ်ဆေးနေစဉ်မှာပဲ အစ္စလာမ် ဘာသာရေးဆရာတဦး ရုတ်တရက် သေဆုံးသွားတဲ့အပေါ် စုံစမ်းစစ်ဆေးသွားမယ့်အကြောင်း မြန်မာအစိုးရက ပြောဆိုလိုက်တာပါ။ မောင်တော မြို့နယ် အင်းဒင်ကျေးရွာ က မော်လဝီဆရာ မာမတ်တော်ယာလ် ဆိုသူကိုတော့ အကြမ်းဖက်လုပ်ရပ်တွေ ကျုးလွန်အောင် သွေးထိုးလှုံ့ဆော်မှု စွပ်စွဲချက် တွေနဲ့ ဒေသခံရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းနေစဉ် သေဆုံးခဲ့တာဖြစ်ကြောင်းလည်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး ကပြောပါတယ်။

“မော်လဝီ အူမောဆာဒက် က အကြမ်းဖက်သင်တန်း တက်ရောက်သူတွေကို ထောက်ပံ့ပေးနေတယ်ဆိုတာကို ကျန်တဲ့တယောက်ရဲ့ ထွက်ဆိုချက်အရ သူ့ကိုဖမ်းတာ ဖမ်းတော့ ဇွန်လ ၂၆ ရက် ညနေ ၆ နာရီမှာ ဖမ်းဆီးရမိတယ်။ နောက်ပြီးတော့ ဆက်လက်ပြီးတော့ စစ်ဆေးတယ်။ စစ်ဆေးတဲ့အခါမှာ ပြည်ပနိုင်ငံထဲမှာ ရောက်နေတဲ့ တရွာထဲနေ ဆော်လိမ် ဆိုတဲ့လူကတဆင့် ငွေကြေးထောက်ပံ့တယ်ဆိုတာကို သူထွက်ဆိုခဲ့တယ်။ အဲဒီတော့ ပထမဖမ်းမိတဲ့ မာမောက်တော်ယု ရယ် မော်လဝီ အူမောဆာဒက် ကို သူတို့ကို မျက်နှာချင်းဆိုင် ရဲကနေပြီးတော့ အပြန်အလှန်စစ်ဆေးမေးမြန်းတယ်။ ဇွန်လ ၂၆ ရက်နေ့ ၆ နာရီမှာ ဖမ်းတယ် အဲဒီလို စစ်ဆေးမေးမြန်း ပြုလုပ်နေတဲ့အချိန် ၁၀ နာရီမှာ စစ်ဆေးမေးမြန်းနေတဲ့အချိန်မှာ ရင်ဘက်အောင့်တယ်ဆိုပြီးတော့ လဲသွားလို့ ဆေးရုံပို့တယ်။ ဆေးရုံပို့တဲ့အချိန်မှာ ဆေးရုံကိုရောက်သွားတဲ့ အချိန် ၁၁ နာရီ ၁၅ မှာ သေသွားတယ်လို့ သိရတယ်။”

မတည်မငြိမ်အခြေအနေတွေနဲ့ ကြုံနေရတဲ့ ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အပါအဝင် လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေက ဝေဖန်မှုတွေ ထွက်ပေါ်နေချိန်မှာပဲ အခုအဖြစ်အပျက်နဲ့ ကြုံခဲ့ရတာပါ။ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး ကတော့ ဖမ်းဆီးစစ်ဆေးနေချိန် သေဆုံးမှုအတွက် အဖြစ်မှန်အတိုင်း သိရှိနိုင်အောင် စုံစမ်းစစ်ဆေးသွားမှာဖြစ်ကြောင်း ပြောပါတယ်။

“ သေသွားတယ် ဆိုတဲ့ဟာနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာ ဆရာဝန်ရင်ခွဲစစ်ဆေးချက်ကတော့ ရုတ်တရက်နှလုံးခုန်ရပ်ပြီးတော့ သေဆုံးတယ်ဆိုတာကို ကနဦး သတင်းအရ သိရတယ်။ သို့သော် ကျနေ်ာတို့က ဒါကို ဒီလိုမျိုး စစ်ဆေးမေးမြန်းနေတဲ့အချိန်မှာ ဒီလိုသေဆုံးသွားတဲ့အတွက် ဒါနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုဖြစ်သလဲ ၊ ဘာကြောင့်ဖြစ်သလဲ ၊ ဘယ်လိုဖြစ်ခဲ့သလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးရေးခုံရုံးပေါ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကနေပြီးတော့ ဖွဲ့စည်းပြီးတော့ အခုစစ်ဆေးဖို့ လုပ်နေပါတယ်။”

ရခိုင်ပြည်နယ် မေယုတောင်ကြောပေါ်မှာ အကြမ်းဖက်ဝါဒီတွေရဲ့ စခန်းတွေကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အစိုးရတာဝန်ရှိသူတွေ မကြာသေးခင်က ကြေညာခဲ့ ပြီးနောက်မှာပဲ၊ နောက်ဆက်တွဲအဖြစ် အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ၊ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာပါ။ အာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေး တွေ့ရှိချက်တွေအရ ရခိုင်ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် တနိုင်ငံလုံး အတိုင်းအတာနဲ့ ချိတ်ဆက်လုပ်ဆောင်နေတာ တွေ့ရှိရကြောင်းလည်း မောင်တောမြို့နယ် နယ်ခြားစောင့်ရဲစခန်းက ရဲမှူး ဉာဏ်မြင့်ဇော်က ဗွီအိုအေကို ပြောပါတယ်။

“နောက်ဆက်တွဲသတင်းတွေ၊ နောက်ဆက်တွဲ ကျနော်တို့ဖော်ထုတ်တာတွေရှိပါတယ်ခင်ဗျ။ အားပေးအားမြောက်လုပ်နေတဲ့လူတွေရှိပါတယ်ဆိုတာကို ဒီဒေသကလူတွေရော ၊ နိုင်ငံရပ်ခြားမှာရော ၊ တခြားမြန်မာပြည်တွင်းက မြို့ကြီးက အဖွဲ့တွေရော ရှိပါတယ်ခင်ဗျ။ ဒါကတော့ လူ ပုဂ္ဂိုလ်အနေနဲ့ ကျနော်ပြောတာမဟုတ်ပါဘူး။ အဖွဲ့အစည်းအနေနဲ့ သူတို့ ကွန်ယက်သဖွယ်ရှိပါတယ်ခင်ဗျ ။ နိုင်ငံတော်အစိုးရရဲ့ အုပ်ချုပ်မှုယန္တယားကို ပျက်အောင် သူတို့ နည်းမျိုးစုံနဲ့ဆောင်ရွက်လာတဲ့ အတားအဆီးတွေ ၊ သူတို့အာဏာကို အုပ်ချုပ်မှုဖြစ်အောင်တည်ဆောက်နေတဲ့ သဘောရှိပါတယ်ခင်ဗျ။”

ရခိုင်ပြည်နယ် မောင်တော ဒေသမှာ နယ်ခြားစောင့်တပ်ဖွဲ့တွေရဲ့ ကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခံခဲ့ရတဲ့ ၂၀၁၆ အောက်တိုဘာ ၉ ရက်နေ့ကစလို့ ဇွန်လ ၂၇ ရက်နေ့အထိ လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူအရပ်သား စုစုပေါင်း ၃၈ ဦး ရှိခဲ့ကြောင်းလည်း ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာပဲ မြန်မာအစိုးရက သတင်းထုတ်ပြန်ထားပါတယ်

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG