သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောဒေသ အပြစ်မဲ့အရပ်သားသတ်ဖြတ်ခံရမှုများ ဆက်ရှိနေ


မောင်တောက မီးလောင်ခံထားရတဲ့ဈေးတခု၊ ၂၇ အောက်တိုဘာ၊ ၂၀၁၆။
မောင်တောက မီးလောင်ခံထားရတဲ့ဈေးတခု၊ ၂၇ အောက်တိုဘာ၊ ၂၀၁၆။

ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင်း တချို့နယ်မြေတွေမှာ အစိုးရနဲ့ပူးပေါင်းဆောင်ရွက်သူတွေကို ပစ်မှတ်ထား သတ်ဖြတ်တာ တွေ ဆက်ဖြစ်နေဆဲရှိတာကြောင့် အဲဒီနယ်မြေဒေသတွေဘက်ကနေ မြေပြင် သတင်းအချက်အလက်တွေရဖို့ ခက်လာတယ် လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးက ဗွီအိုအေကို ပြောပါတယ်။ အစွန်းရောက် အကြမ်းဖက်ဝါဒီတွေဟာ အရပ်သားတွေနဲ့ရော ပြီး ကျေးရွာတွေမှာ ဝင်နေကြတယ်လို့လဲ အစိုးရဘက်က ထင်မြင် ယူဆထားတာပါ။ ရခိုင်ပြည်နယ်၊ နယ်စပ်ရေးရာနဲ့ လုံခြုံရေး ဝန်ကြီးကတော့ အသတ်ခံရတဲ့ဖြစ်ရပ်တချို့ဟာ တဦးနဲ့တဦး မကျေနပ်တာကြောင့်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့နှစ်အောက်တိုဘာ ၅ ရက်နေ့ကနေ မေလ ၈ရက်နေ့အထိ ၇ လကျော်ကာလအတွင်း မောင်တောဒေသအတွင်း အပြစ်မဲ့ အရပ်သားပြည်သူတွေအသတ်ခံရမှုက အယောက်၃၀ရှိနေပါတယ်။ ဖမ်းဆီးခေါ်ဆောင်ခံရတာနဲ့ ပျောက်ဆုံးနေ တဲ့ လူစာရင်းကတော့ မေ ၈ရက်နေ့အထိဆိုရင် ၂၂ယောက်ပါ။ အပြစ်မဲ့အရပ်သားတွေကို အစွန်း ရောက် အကြမ်းဖက်သမား တွေကအခုလို သတ်ဖြတ်တာတွေ၊ ဖမ်းဆီးခေါ်ဆောင်တာတွေရှိနေတာတွေက ရဲကင်းတွေဝင်တိုက်ခံရပြီး ၇လတာအထိ ရပ်မသွားသေးပါဘူး။

အစွန်း ရောက် အကြမ်းဖက်သမား တွေက အစိုးရနဲ့ပူးပေါင်းဆောင်ရွက်သူတွေ ကို အဓိကပြစ်မှတ်ထား သတ်ဖြတ်တာတွေလုပ်လာတာတွေကြောင့် နယ်မြေဒေသတွေမှာသတင်း အချက်အလက် ရယူနိုင်ဖို့ခက်ခဲနေတယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှုး ဦးရဲထွဋ်ကပြောပြပါတယ်။

“သူတို့ကျေးရွာတွေမှာရတဲ့သတင်းက ရဖို့နည်းနည်းအခက်အခဲရှိနေတယ်။ ပြီးတော့လည်း ကြောက်နေရတာပေါ့ သတင်းက မပေါ်ထွက်လာဘူးဖြစ်နေတယ်။ အကူအညီလိုသူတွေ အေးအေးချမ်းချမ်း ဥပဒေအတိုင်းနေလိုတဲ့လူတွေအများစုရဲ့ ပူးပေါင်းပါဝင်ဖို့က ကျနော်တို့အတွက် အများကြီးအရေးကြီးတယ်။ အုပ်စုရွာတွေနားမှာလည်း နယ်ခြားစောင့်ရဲစခန်းတွေရှိတယ် အဲဒါတွေနဲ့ ဆက်သွယ်ရမယ့် Contact Person ဖုန်းနံပတ်တွေကလည်း ကျေးရွာအလိုက်ကို ပေးထားတာရှိတယ်။ အဲဒါတွေကို သူတို့ကိုယ်တိုင်က မဆက်သွယ်ဘူးဖြစ်နေတယ်။”

အစွန်းရောက်အကြမ်းဖက်သမား အချို့တွေက ကျေးရွာတွေထဲမှာပါ ရောနေတယ်လို့လည်း အစိုးရဘက်က ထင်မြင် ယူဆထား သလို သွေးထိုးလှုံဆော်မှုတွေကြောင့်လည်း အစိုးရဘက်က ကိုင်တွယ်ဖို့ခက်ခဲနေတာ တွေရှိတယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှုး ဦးရဲထွဋ်ကပြောပြပါတယ်။

“ဘာသာရေးလွှမ်းမိုးမူများတဲ့အတွက် ဒါကိုနင်းပြီးတော့ Education အရမ်းနိမ့်တဲ့အတွက် အစွန်းရောက်တဲ့ခေါင်းဆောင်တွေရဲ့ သြဇာလွှမ်းမိုးမှုကအရမ်းကြီးနေတယ် အဲဒီအတွက် သတင်းပို့ဖို့အခက်အခဲရှိတယ်၊ ပို့ရကောင်းမှန်းလည်းမသိဘူး ။ လောလောဆယ်ကတော့ ကျနေ်ာတို့ကတော့ အုပ်ချုပ်ရေးယန္တရား၊ လုံခြုံရေးယန္တရားကတော့ ပုံမှန်အတိုင်းတော့ လည်ပတ်နေတယ်။ သို့သော် ကျနေ်ာတို့ရဲ့ အဲဒီမှာရောက်တုန်းကပြောသလိုပဲ Individual လုံခြုံရေးအတွက် ခိုင်မာအောင် အတိအကျ မြေပြင်သတင်းကို လက်ငင်းရဖို့လိုတယ်။”

ရခိုင်နယ်စပ်ရေးရာနဲ့လုံခြုံရေးရာ နယ်လုံဝန်ကြီး ဗိုလ်မှုးကြီးထိန်ဝင်းကတော့ အခုလိုအသတ်ခံမှု တွေမှာ တဦးနဲ့တဦး မကျေနပ်မှု ကြောင့် လုပ်ကြံသတ်ဖြတ်တာတွေ ရှိတယ်လို့ပြောပါတယ်။

“အဓိကတော့ သူတို့အချင်းချင်း ဖြစ်တဲ့ဖြစ်စဉ်ကတော့ ပိုများတယ်လို့ထင်ပါတယ်။ သူတို့အချင်းချင်းမှာလည်း မနာလိုဝန်တိုတာတွေရှိတယ် ဟိုတုန်းကလည်း ဖြစ်စဉ်တွေလည်း ဖြစ်ပွားလေ့ရှိတာတွေလည်း ရှိပါတယ်လေ။ ဒါကြောင့်မို့ ဖြစ်စဉ်တွေအပေါ်မှာမူတည်ပြီးတော့ ကြည့်လိုက်ရင် မျက်နှာဖုံးစွတ်ပြီးတော့ လုပ်တဲ့ကိစ္စတွေ ကျနော်ထင်ပါတယ် လူစိမ်းထက်စာရင် ရွာခံထဲကပဲ တယောက်နဲ့တယောက်မလိုမုန်းထားစိတ်တွေနဲ့ လုပ်တာကတော့ပိုများတာကို ကျနေ်ာသွားပြီးတွေ့ရပါတယ်။”

ဒီလို အသတ်ခံရတဲ့ဖြစ်ရပ်တွေအပေါ်မှာ အချို့ကတော့ အစိုးရဘက်က လုံခြုံရေးပိုင်းရယူမှုက အားနည်းနေတာတွေကြောင့်လို့ ဝေဖန်မှုတွေရှိနေပါတယ်။ ဒါပေမယ့် ဗိုလ်မှုးကြီးထိန်ဝင်းကတော့ ဒါကိုအခုလိုငြင်းဆိုသွားပါတယ်။

“တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအပိုင်းကိုတော့ ကျနော်တို့ စနစ်တကျ ဆောင်ရွက်နေပါတယ်။ ထို့အတူ အဲဒီမှာ ရဲမှူးချုပ်ကြီးတယောက်ဦးစီးပြီးတော့ နယ်ခြားစောင့် အဖွဲ့လည်းရှိတယ်။ နယ်မြေလိုက် စီမံခန့်ခွဲပြီးတော့ လုပ်တာတွေရှိပါတယ်။ ကျနေ်ာတို့ကတော့ သူ့ဧရိယာအလိုက်ကို တာဝန်ပေးအပ်ထားတာရှိပါတယ်။ တာဝန်ပေးထားတာရှိတဲ့အတွက် ဖြစ်စဉ်တွေအပေါ်မှာလည်း သူတို့လည်း သုံးသပ်နေပါတယ် လိုအပ်တာတွေကိုလည်း ဖြည့်ဆည်း ပြီးတော့ ဆောင်ရွက်နေတာတွေလည်းရှိပါတယ်။ ထို့အတူကျနော်တို့ ပြည်နယ်မှာလည်း တပတ်ကို ၃ ရက်ပေါ့ လုံခြုံရေးအစည်းအဝေးတွေ ဆောင်ရွက်ပြီးတော့ လိုအပ်တာတွေကိုလည်း ကျနော်တို့ ဒီကလမ်းညွန်မှာကြားတာတွေရှိပါတယ် လက်ရှိကတော့လေ။”

လက်ရှိချိန်မှာ ကွဲပြားနေတဲ့ လူမှုအဝန်းအဝိုင်းနှစ်ခုအကြား ယုံကြည်မှု ပြန်တည်ဆောက်နိုင်ဖို့ကလည်းခက်ခဲနေဆဲပါ။ မောင်တောခရိုင်အတွင်းမှာ အစ္စလာမ်ဘာသာဝင်ဦးရေ ၇ သိန်းကျော်လောက်ရှိပါတယ်။ ဗွီအိုအေက မောင်တောဒေသဘက် သတင်းသွားရောက်ယူစဉ်မှာ တွေ့ရှိချက်အရ အဲဒီက ဒေသအတော်များများဟာ အစိုးရရဲ့ ထိရောက်တဲ့ အုပ်ချုပ်မှုကနေ ကင်းလွတ်နေတာကို တွေ့ခဲ့ရပြီး အဲဒီဒေသတွေမှာ တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက်ဆောင်ရွက်ဖို့ လိုအပ်နေပါ တယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG