သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘူးသီးတောင် မောင်တောဒေသ ညမထွက်ရ အမိန့်သက်တမ်းတိုး


မောင်တောဈေးတနေရာ
မောင်တောဈေးတနေရာ

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသတွေမှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ကို သက်တမ်းထပ်တိုးလိုက်ပါတယ်။ အခုလို ပုဒ်မ ၁၄၄ ကိုထပ်သက်တမ်းတိုးထုတ်ပြန်ရတာဟာ နယ်မြေတွင်း လုံခြုံရေးစိုးရိမ်ရဆဲအခြေအနေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတချို့ကို အသက်အန္တရာယ် ရန်ရှာမှုတွေရှိနေတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ ဘူးသီးတောင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ ဒေသခံတွေအတွက် ပုံမှန်လုပ်ငန်းခွင်လုပ်ကိုင်မှု ခရီးသွားလာမှုအတွက် အခက်ခဲရှိပေမဲ့ အခုလိုလုံခြုံရေးအခြေအနေအရ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာက စိတ်ချရတဲ့အခြေအနေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် ပြောပြပါမယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသဘက်မှာ နယ်စပ်လုံခြုံရေး နယ်ခြားစောင့်တပ်စခန်း အချို့ အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေရဲ့နောက်ပိုင်း နယ်မြေတည်ငြိမ်ရေးအရ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြီး စစ်ဆင်ရေးနယ်မြေအဖြစ်သတ်မှတ်ကာ တပ်မတော်က ရဲတပ်ဖွဲ့နဲ့အတူ လုံခြုံရေးယူထားတာဖြစ်ပါတယ်။ အဲ့ဒီ့လိုနယ်မြေလုံခြုံရေးအရ ထုတ်ပြန်ထားတဲ့ပုဒ်မ ၁၄၄ကိုပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ရက်နေ့ကစလို့ ည ၇နာရီကနေ မနက် ၆နာရီ အစား ည ၉နာရီကနေ မနက် ၅နာရီ အထိ ပြန်လည်လျှော့ပေါ့ ထုတ်ပြန်ပေးခဲ့ပါတယ်။ ဒါပေမယ့် လို့ ပုဒ်မ ၁၄၄ကိုတော့ လနဲ့အလိုက် သက်တမ်းဆက်တိုက်တိုးလာခဲ့တာမှာ ပြီးခဲ့တဲ့ ဇွန်လ ၉ရက်နေ့ကစလို့ နောက်ထပ် ၂လ သက်တမ်းထပ်တိုးလိုက်ပါတယ်။

ဒါကတော့ နယ်မြေအတွင်း ကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေကို အသက်အန္တရာယ်ရန်ရှာမှုတွေနဲ့ အကြမ်းဖက်မှုတွေရှိနေဆဲဖြစ်တဲ့အတွက် နယ်မြေလုံခြုံရေးအရ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ကို ထပ်တိုးထုတ်ပြန်လိုက်တာဖြစ်တယ်လို့ ဘူးသီးတောင်မြို့နယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ဒီမှာလုံခြုံရေးအခြေအနေက ဒီမှာက နေ့တိုင်းလိုလို အကြမ်းဖက်မှုတွေက ရှိနေတယ်။ အဲဒါကြောင့် ကျနော်တို့လုံခြုံရေးက အလွန်တရာမှ အရေးကြီးနေတဲ့အခြေအနေဖြစ်နေတယ်။ အဲဒီအတွက်ကြောင့် ပုဒ်မ ၁၄၄ ကိုထုတ်ပြန်တာဖြစ်တယ်။ ကျနော်တို့ ရခိုင်တိုင်းရင်းသားတွေရဲ့ ကျေးရွာတွေမှာ ကျနော်တို့လုံခြုံရေးကို တိုးမြင့်ဖို့လိုနေတယ်။ ဘင်္ဂလီရွာတွေမှာ ဝင်ပြီးတော့အကြမ်းဖက်နေတယ်။ နောက်တော့ကျနော်တို့ ရခိုင်တိုင်းရင်းသားရွာတွေကို ဝင်မလာဘူးလို့ ကျနော်တို့ ပြောလို့မရဘူး အဲဒီအတွက်ကြောင့် ကျနော်တို့ရခိုင်တိုင်းရင်းသားရွာတွေကို ကျနော်တို့လုံခြုံရေးကို အလေးအနက်ထားပေးသင့်တယ်လို့ ကျနော်မြင်ပါတယ်ခင်ဗျ။”

ရခိုင်ပြည်နယ်တွင်း အထူးသဖြင့် ဘူးသီးတောင်၊ မောင်တောဒေသတွင်း ဒေသခံပြည်သူတွေအတွက် လုံခြုံရေးနဲ့ နယ်မြေတည်ငြိမ်ရေး တရားဥပဒေစိုးမိုးရေး လုံခြုံရေးအစီအမံတွေကို ရခိုင်ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရတို့ဘက်က စနစ်တကျ ထပ်တိုး ဆောင်ရွက်ပေး ဖို့နဲ့ ဒီကိစ္စနဲ့ပတ်သက်လို့လည်း ရခိုင်ပြည်နယ်လွှတ်တော်တွင်းဆွေးနွေးဖို့လည်းရှိတယ်လို့ ဘူးသီးတောင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ကပြောပါတယ်။

“လုံခြုံရေးအရ ကျနော်တို့ အခြေအနေတွေက စိုးရိမ်ရတဲ့အခြေအနေဖြစ်လာတယ်ဆိုတော့ လာမယ့်လွှတ်တော်မှာတော့ ကျနော်တို့ ဆွေးနွေးဖို့တော့ရှိလာနိုင်ပါတယ်။ ကိုယ့်အနေနဲ့ဆိုရင် ဒီမှာရှိနေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တပ်မတော်သားတွေပေ့ါနော် တရားဥပဒေစိုးမိုးရေး လုပ်သင့်တယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။ အဲဒါက ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောမှာရှိနေတဲ့ ဘင်္ဂလီရွာတွေလည်း နိုင်ငံတော်ရဲ့အချုပ်အခြာ အာဏာ အောက်မှာရှိနေတဲ့အတွက်ကြောင့် မြန်မာနိုင်ငံအစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းတာကို နားလည်ပေးဖို့လိုတယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်ခင်ဗျ။”

အခုလို ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသတွေဘက်မှာ ည ၉နာရီကနေ မနက် ၅နာရီအထိ ညမထွက်ရအမိန့် ၁၄၄ ထုတ်ပြန်လိုက်တဲ့အပေါ် ဒေသခံပြည်သူတွေရဲ့ စီးပွားရေးနဲ့ နေ့စဉ်ပုံမှန်လုပ်ငန်းခွင် သွားလာလုပ်ကိုင်ရေးမှာ အခက်အခဲဖြစ်ပေမဲ့လို့ နယ်မြေလုံခြုံရေးအတွက် အခုလို လုပ်ဆောင်တဲ့အပေါ် ဒေသခံတွေကတော့ ကြိုဆိုပါတယ်။ ရခိုင်ဒေသခံတဦးလည်းဖြစ်တဲ့ ကိုဇော်ဇော်ထွန်းက ဒေသတွင်းလုံခြုံရေးအခြေအနေနဲ့ပတ်သက်လို့ အခုလိုပြောပြပါတယ်။

“ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တဲ့အခါကျတော့ ဒီဒေသခံတွေရဲ့ စီးပွားရေးနဲ့ တခြားသော လူမှုရေးအပိုင်းမှာတော့ ထိခိုက်မှုတော့ ရှိတာပေါ့လေနော်။ ဒါပေမယ့် တဖက်က ကြည့်ရင်လည်း လုံခြုံရေးအခြေအနေအရကတော့ ကျနော်တို့လည်း လိုအပ်တယ်လို့ မြင်တယ်ပေါ့နော်။ ဘာလို့ဆိုတော့ ဒီအောက်တိုဘာ ၉ ရက်နေ့ကနေ စပြီးတော့မှ ဒီနေ့အထိကို အကြမ်းဖက်သမားတွေကနေပြီးတော့ ဆူပူမှုတွေဖြစ်စေပြီး ကျေးရွာအုပ်ချုပ်မှုပိုင်းတွေဆက်စပ်တဲ့ ဘင်္ဂလီအသိုင်းအဝိုင်းက ပုဂ္ဂိုလ် တွေကို ရန်ရှာတာတို့ တိုက်ခိုက်တာတို့ရှိတဲ့အခါကျတော့ ဒါကတော့ ကျနော်တို့ အနေနဲ့ လုပ်သင့်တဲ့ကိစ္စပေါ့နော်။ လိုအပ်တယ်လို့ မြင်ပါတယ်ခင်ဗျ။”

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၉ရက်နေ့ကစလို့ ဘူးသီးတောင်နဲ့ မောင်တောခရိုင် နယ်ခြားစောင့်ရဲစခန်းတွေ အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်တပ်နဲ့ ရဲလုံခြုံရေးက နယ်မြေရှင်းလင်းရေးလုပ်စဉ်မှာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂဘက်က စုံစမ်းစစ်ဆေးရေးအဖွဲ့စေလွှတ်ဖို့ပြင်ဆင်နေချိန်မှာပဲ ရခိုင်ပြည်နယ်တွင်း အုပ်ချုပ်ရေးမှူးတချို့သတ်ဖြတ်ခံရတာလို လုံခြုံရေးစိုးရိမ်ရဆဲ အခြေအနေတွေကြောင့် ဒေသတွင်းမှာတော့ အခုလို ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားရဆဲ အနေအထားဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG