သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားအကူအညီ မောင်တောဒေသ ရောက်ရှိ


မလေးရှားနိုင်ငံကလှူဒါန်းတဲ့ အစားအသောက်နဲ့ ဆေးဝါးတွေ ရခိုင်ပြည်နယ်ကို ရောက်ရှိ (MOI)
မလေးရှားနိုင်ငံကလှူဒါန်းတဲ့ အစားအသောက်နဲ့ ဆေးဝါးတွေ ရခိုင်ပြည်နယ်ကို ရောက်ရှိ (MOI)

ရခိုင်ပြည်နယ်က ၂ ဘက်အသိုင်းအဝိုင်းအတွက် မလေးရှားနိုင်ငံကလှူဒါန်းတဲ့ အစားအသောက် နဲ့ ဆေးဝါးတွေဟာ မနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ရခိုင်ပြည်နယ် ကို ရောက်ရှိလာပါပြီ။ ဖေဖော်ဝါရီလ အစောပိုင်းက ရန်ကုန်မြို့ကနေတစ်ဆင့် ရခိုင်ပြည်နယ်ကို ပို့ဆောင်ခဲ့တဲ ဒီအလှူပစ္စည်းတွေကို ပြည်နယ်အစိုးရကနေတစ်ဆင့် ပဋိပက္ခဖြစ်ပွားရာ မောင်တောဒေသနဲ့ တခြား မြိူ့တွေကို စတင်ဝေဌနေပြီဖြစ်တယ် လို့လည်း ပြည်နယ်အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မေခက တင်ပြပေးမှာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခဒဏ်ခံ ခဲ့ကြရတဲ့ သူတွေအတွက် မလေးရှားနိုင်ငံက လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ အစားအသောက် လူသုံးကုန်ပစ္စည်း နဲ့ ဆေးဝါး တွေ ကိုပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က ရန်ကုန်သီလဝါ ဆိပ်ကမ်းကို လာရောက်လှူဒါန်းခဲ့ပါတယ်။ ဒီ အကူအညီအထောက်အပံ့တွေဟာ ရခိုင်ပြည်နယ်ကို မနေ့က ရောက်ရှိသွားပါပြီ။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်မြောက်ပိုင်း မောင်တောဒေသကို ဒီအကူအညီတွေကို အများဆုံး ဝေဌသွားမှာလည်း ဖြစ်ပါတယ်။ ဒီအလှူပစ္စည်းတွေကို ရခိုင်ပြည်နယ် အစိုးရအစီအစဉ်နဲ့ ဖြန့်ဖြူး သွားမှာဖြစ်ပြီးရခိုင်နဲ့ မွတ်စလင် ၂ ဘက်အသိုင်းအဝိုင်းအတွက် မျှမျှတတဖြစ်အောင် မျှဝေသွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရ ပြောခွင့်ပု ဂ္ဂိုလ် ဦးမင်းအောင်က ပြောပါတယ်။

“မနေ့က ၈ နာရီကရောက်တယ် ၊ မောင်တော ပို့တယ်၊ နောက်စစ်တွေရယ်၊ ပေါက်တော ရယ် ဒီဘက်က မြေပုံရယ်၊ ဒီမြို့တွေအတွက် ရခိုင်IDP တွေ ရခိုင် ဒုက္ခသည်တွေ အဲလိုပဲ၊ မွတ်စလင်အသိုင်းအဝိုင်း ထဲက ဒုက္ခသည်တွေ အကုန်လုံးကိုပေါ့နော် မျှမျှတတ ဖြန့်ဝေသွားမှာပါ။”

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက် မှုတွေဖြစ်ပွားပြီး တဲ့နောက် မြန်မာနိုင်ငံ အနေနဲ့ ဒေသ တွင်း အာဆီယံ နိုင်ငံတွေ ဆီကနေ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ ရယူတာ ဒါဟာ ဒုတိယအကြိမ်လည်း ဖြစ်ပါတယ်။ မလေးရှားနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ် အတွက် အစားအသောက်နဲ့ လူသုံးကုန် ပစ္စည်းတွေနဲ့ ဆေးဝါးစတဲ့ အကူအညီတွေ ကို ဒေါ်လာ ၁ သန်းကျော် ထောက်ပံ ကူညီတာလည်းဖြစ်တာပါ။ ဒီပစ္စည်းတွေကို မိသားစု တစ်စုချင်းစီအလိုက် အချိုးကျ ဝေဌသွားမှာဖြစ်တယ်လို့လည်း ဦးမင်းအောင်က ဆိုပါတယ်။

“ကျနော်တို့ ဒီ အထွေထွေဦးစီးဌာန လမ်းကြောင်းထဲကပဲ ခွဲပြီးတော့ ပေးတာပေါ့၊ ဝေတာပေါ့ ။ ပစ္စည်းတွေက ဆန်တွေ ပါတယ်၊ ခေါက်ဆွဲခြောက်ထုတ်တွေ ၊ နောက်ပြီး သွားတိုက်ဆေးတွေ ပစ္စည်းတွေက အစုံပေါ့ဗျာ လူသုံးပစ္စည်းတွေ မိသားစုအလိုက်ပေ့ါဗျာ ဘယ်သူကဘယ်လောက်ဆိုတာကို ခွဲတန်းချပြီးတော့ ဝေပေးမှာပါ။”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အစောပိုင်းက ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းမှာ ပြုလုပ်ခဲ့တဲ့ ဒီအထောက်အပံ့တွေ အကူအညီတွေပေးအပ်တဲ့ အခမ်းအနားမှာတော့ မလေးရှား ဒုနိုင်ငံခြားရေး ဝန်ကြီး ကိုယ်တိုင် လာရောက်ခဲ့ပြီး မလေးရှားနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ် က လူတွေအတွက် စိုးရိမ်မကင်းဖြစ်ခဲ့ရတဲ့ အကြောင်း ပြောဆိုခဲ့သလို အကူအညီတွေ လိုအပ်နေတဲ့ လူတွေဆီကို ဒီအထောက်အပံ ပစ္စည်းတွေ လွဲပြောင်းပေးနိုင်ဖို့ အတူလက်တွဲလုပ်ဆောင်ဖို့ လိုတယ်လို့ တိုက်တွန်းပြောကြားသွားခဲ့ပါတယ်။

မလေးရှားနိုင်ငံကနေ ရခိုင်ပြည်နယ်က နှစ်ဘက်အသိုင်းအဝိုင်းတွေအတွက် ဆန်တန်ချိန် ၃၀၀ အပါအဝင်တကိုယ်ရည် သန့်ရှင်းရေးအတွက် သုံးပြုဖို့ ပစ္စည်းထုတ် တစ်သောင်း ၊ ခေါက်ဆွဲခြောက်ပုံး တစ်သောင်း ငါးထောင်၊ ရေသန့်ပုံး တစ်သောင်းတွေကိုပါ လှူဒါန်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG