သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားအကူအညီပေးရေးသင်္ဘော စစ်တကောင်း ဆိုက်ရောက်


Malaysia Rohingya Aid
Malaysia Rohingya Aid

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ဘက်ခြမ်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေး ဝင်ရောက်သွားတဲ့ ရိုဟင်ဂျာမူဆလင် ဒုက္ခသည်တွေကို စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီပေးမယ့် မလေးရှားနိုင်ငံက Nautical Aliya သင်္ဘောဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကမ်းကပ်ခွင့်ရပြီး စားနပ်ရိက္ခာ ထောက်ပံ့ကူညီရေး ပစ္စည်းတွေကို လွှဲပြောင်းအပ်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ Reuters သတင်းပေါ်အခြေခံပြီး ရှားဖောင် က တင်ပြထားပါတယ်။

ရိုဟင်ဂျာမူဆလင် ဒုက္ခသည်တွေအတွက် ပေးမယ့် စားနပ်ရိက္ခာနဲ့ ဆေးဝါး ထောက်ကူပစ္စည်းတွေကို တင်ဆောင်တဲ့ မလေးရှားနိုင်ငံ Nautical Aliya သင်္ဘောဟာ စစ်တကောင်းဆိပ်ကမ်းမှာ ကမ်းကပ်ခဲ့ပြီးတော့ မလေးရှားကူညီကယ်ဆယ်ရေးအဖွဲ့တွေက သင်္ဘောပေါ်ပါလာတဲ့ ထောက်ပံ့ကူညီရေး ပစ္စည်းတွေကို ဘင်္ဂလာဒဒေ့ရှ် တာဝန်ရှိသူတွေထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ဘက်ခြမ်းက ပဋိပက္ခ ဖြစ်တဲ့နေရာတွေကို မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေချိန်မှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ ရိုဟင်ဂျာမူဆလင် ထောင်နဲ့ချီအတွက် ပေးအပ်မယ့် ထောက်ကူပစ္စည်း တင်ဆောင်တဲ့ ဒီ မလေးရှားသင်္ဘောဟာ အင်္ဂါနေ့မနက်ပိုင်းက ဘင်္ဂလားဒေ့ရှ် စစ်တကောင်းဆိပ်ကမ်းကို ရောက်ရှိခဲ့တာပါ။

ဒါနဲ့ပတ်သက်လို့ မလေးရှားကူညီကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် Haji Abdul Azeez Bin Abdul Rahim က အခုလို ပြောပါတယ်။

“အကူအညီလိုအပ်တဲ့သူတွေအားလုံး အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဆီကို လူသားချင်းစာနာထောက်ထားတဲ့ အကူအညီ မျှမျှတတ ပေးဝေနိုင်အောင် ကျနော်တို့ စေတနာ့ဝန်ထမ်းတွေအတူတကွ ဒီကိုလာပြီး အကူအညီတွေ ပေးရတာဖြစ်ပါတယ်။”

မလေးရှား ကူညီကယ်ဆယ်ရေး အဖွဲ့အနေနဲ့ ဘင်္ဂလာဒေ့ရှ်မှာ ရောက်နေကြတဲ့ ဒုက္ခသည်တွေဆီကို ကိုယ်တိုင်သွားရောက် အကူအညီပေးခွင့် မရှိပေမဲ့လည်း သင်္ဘောပေါ်မှာပါလာတဲ့ အရေးပေါ် ထောက်ကူပစ္စည်းနဲ့ စားနပ်ရိက္ခာ တန်ချိန် ၂၀၀၀ လောက်ကို ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေထံ လွှဲပြောင်းပေးအပ်သွားမှာ ဖြစ်တယ်လို့ မလေးရှား ကူညီကယ်ဆယ်ရေးအဖွဲ့ရဲ့ ကိုယ်စားလှယ် တဦးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရ ကြုံတွေ့ရတဲ့ ဒုက္ခသည်တွေရဲ့ ပြဿနာနဲ့ ပတ်သက်ပြီးတော့ မလေးရှားကူညီကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် Haji Abdul Azeez Bin Abdul Rahim က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အခုလို ပြောပါတယ်။

“ခင်ဗျားတို့တွေပဲ မဟုတ်တော့ပါဘူး။ ခင်ဗျားတို့နဲ့အတူ ကျနော်တို့ ရှိနေပါတယ်။ ခင်ဗျားတို့ကို ကျနော်တို့ ကူညီသွားမှာပါ။ သိပ်မကြာတော့တဲ့ အချိန်အတွင်း ရိုဟင်ဂျာတွေကို ကူညီဖို့၊ ခင်ဗျားတို့ကိုကူညီဖို့၊ ပြီးတော့ ခင်ဗျားတို့ရဲ့ ဝန်ထုတ်ဝန်ပိုးတွေ သက်သာသွားအောင် အာဆီယံ ညီကိုယ်မောင်နှစ်မတွေ၊ အဖွဲ့ဝင်တွေအားလုံး လာရောက်ပြီး အကူအညီတွေ ပေးသွားမှာပါ။ သူတို့အတွက် ခင်ဗျားတို့မှာ ရေရှည် အစီအစဉ်တွေ ရှိလိမ့်မယ်လို့လည်း ကျနော်ယုံကြည်ပါတယ်။ ခင်ဗျားတို့ ပြောထားတဲ့ (ရိုဟင်ဂျာ မူဆလင် ဒုက္ခသည်) တွေကို ရွှေ့ပြောင်းထားရှိမယ့် ကျွန်းပေါ်မှာ ဆေးရုံတွေ၊ လူမှုဖူလုံရေးနေရာတွေ၊ အိမ်တွေနဲ့ ကောင်းမွန်တဲ့အရာတွေကိုကျနော်တို့ တည်ဆောက်ပေးသွားမှာပါ။”

မလေးရှားအကူအညီတင်သင်္ဘောဟာ ဒီမတိုင်ခင်ကတော့ မြန်မာနိုင်ငံ ရန်ကုန်ဆိပ်ကမ်းကို ဆိုက်ရောက်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်အနောက်ခြမ်း မောင်တောပဋိပက္ခဒေသက လူမှုအသိုင်းအဝိုင်းတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို မြန်မာအစိုးရကို လွဲှပြောင်းပေးခဲ့တာပါ။ ဒီ အကူအညီတွေကို မြန်မာအစိုးရကပဲ စီမံခန့်ခွဲပြီး ဝေမျှမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၉ ရက်နေ့က မောင်တောဒေသ လုံခြုံရေးစခန်းတွေ အတိုက်အခိုက်ခံရပြီးနောက်၊ လက်နက်ကိုင်အဖွဲ့တွေကို မြန်မာလုံခြုံရေးတပ်တွေက နယ်မြေရှင်းလင်း လုပ်ဆောင်နေချိန်မှာ အဲဒီဒေသက မူဆလင်ဒုက္ခသည် ၇ သောင်းနီးပါး ထွက်ပြေး ရောက်ရှိလာတယ်ဆိုပြီး ဘင်္ဂလားဒေ့်ရ်ှဘက်က ပြောပါတယ်။ မြန်မာဘက်ကတော့ ဒီလူတွေဟာ မြန်မာနိုင်ငံက ဟုတ် မဟုတ် ဆိုတာက ပြန်ဆန်းစစ်ရမယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း နယ်မြေရှင်းလင်းရေးတွေ လုပ်နေစဉ် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ လူ့အခွင့်ရေးချိုးဖောက်မှုတွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ရိုဟင်ဂျာမူဆလင် ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ရှိခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ပြောပါတယ်။ ဒါပေမဲ့လည်း ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို မြန်မာအစိုးရကဘက်ကတော့ ငြင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG