သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်အရေး အခြေခံအကြောင်းရင်းများ ဖြေရှင်းဖို့လိုကြောင်း ကုလမဟာမင်းကြီးပြော


UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi ရဲ့ သတင်းစာရှင်းလင်းပွဲ (ဇူလိုင် ၇-၂၀၁၇)
UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi ရဲ့ သတင်းစာရှင်းလင်းပွဲ (ဇူလိုင် ၇-၂၀၁၇)

ရခိုင်ပြည်နယ် အသိုင်းအဝိုင်းနှစ်ခုကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး အဓိက အခြေခံပြဿနာအကြောင်းအရာတွေကို ဖြေရှင်းဖို့ လိုအပ်နေကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ မနေ့ သောကြာနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi က ပြောကြားလိုက်ပါတယ်။ ဒါအပြင် နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာကိစ္စကိုလဲ မဟာမင်းကြီးက ထည့်သွင်းပြောဆိုသွားပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။

ဇူလိုင်လ ၂ ရက်နေ့ကနေ ၆ ရက်နေ့ထိ သွားခဲ့တဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ ရခိုင်ပြည်နယ်က အသိုင်းအဝိုင်း နှစ်ခု ပဋိပက္ခအခြေအနေနဲ့ ပတ်သက်လို့ သူကိုယ်တိုင်တွေ့ခဲ့ရတဲ့ အခြေအနေကို ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi သတင်းစာရှင်းလင်းပွဲအတွင်း အခုလို ပြောသွားပါတယ်။

"ပြဿနာကတော့ အသိုင်းအဝိုင်း နှစ်ခု ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့အတွက် အာမခံပေးနိုင်တဲ့ ဖြေရှင်းဆောင်ရွက်ပေးရေး လိုအပ်နေတာပါ။ ပြဿနာရဲ့ အခြေခံအကြောင်းအရင်းကို မှန်မှန်ကန်ကန်ဖြေရှင်းပေးရမှာဖြစ်ပါတယ်။ အဲဒီအတွက် ကျနော်ထပ်ပြီးပြောချင်တာက မူဝါဒရေးရာပိုင်းဆိုင်ရာ ကိစ္စရပ်အချို့ ဥပမာ- နိုင်ငံသားဖြစ်ခွင့် လိုမျိုး ကိစ္စတွေ လိုအပ်လာပါတယ်။ အဲဒီက မွတ်စလင်အသိုင်းအဝိုင်းမှာ နိုင်ငံသားကဒ်ပြားမရှိကြပါဘူး။"

သူရဲ့ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း အသိုင်းအဝိုင်း ၂ ခုကြား ယှဉ်တွဲနေထိုင်ရေး အစီအစဉ်တချို့တွေ့ခဲ့ရတယ်လို့ Filippo Grandi ကပြောပါတယ်။

"ဘုံ အကျိုးစီးပွား၊ လုပ်ငန်းဆိုင်ရာအကျိုးအမြတ်တွေအတွက် အသိုင်းအဝိုင်း ၂ ခုကြား ပူူးတွဲလုပ်ဆောင်တဲ့ project လုပ်ငန်းအသေးလေးတွေကို ကျနော်တွေ့ခဲ့ရပါတယ်။"

Filippo Grandi ဟာ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး တာဝန်ကို ဒီနှစ်ဆန်းပိုင်းက စတင်ထမ်းဆောင်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်လာရောက်တဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ ရခိုင်ပြည်နယ် စစ်တွေမြို့က နေရပ်ရင်း အဓမ္မရွှေ့ပြောင်းခံရတဲ့ မွတ်စလင် ဒုက္ခသည်စခန်းတချို့ကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ မွတ်စလင် ဒုက္ခသည်တွေရဲ့ကျန်းမာရေး၊ ပညာရေး အတွက် ကန့်သတ်ခံထားရတဲ့အခြေအနေတွေကို ဒုက္ခသည်စခန်းအတွင်းရောက်ရှိစဉ်မှာ အခုလို သတင်းထောက်တွေကို ပြောပါတယ်။

"ငါးတန်းတက်ပြီးတဲ့နောက် စခန်းထဲမှာ ကျောင်းမရှိတဲ့အတွက် ကလေးတွေ ဆက်ပြီးပညာသင်ကြားဖို့ အခက်အခဲအများကြီးရှိနေပါတယ်။ နောက်ပြီး ကျန်းမာရေးနဲ့ပတ်သက်လို့ အရေးပေါ် ဆေးရုံ၊ ဆေးခန်းပြဖို့ ပြဿနာရှိပါတယ်။ လွတ်လပ်စွာသွားလာဖို့ ပြဿနာရှိပါတယ်။ နောက်ပြီး စခန်းတွင်းက လူတွေရဲ့ နေထိုင်မှု အဆင့် အခြေခံလိုအပ်ချက်တွေလည်းရှိနေပါတယ်။"

ဒါအပြင် အခုလို ရာသီဥတုဆိုးတဲ့ကာလမှာ စခန်းတွင်း လူနေအိမ်တွေရဲ့ အခြေအနေဟာ အတော်လေးကို ဆိုးရွားနေတာတွေ့ရကြောင်း Filippo Grandi ကပြောပါတယ်။ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း စစ်တွေအပြင် ပဋိပက္ခတွေဖြစ်နေတဲ့ မောင်တော ဒေသ ကိုသွားရောက်ပြီး ဒေသခံမွတ်စလင် အသိုင်းအဝိုင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။

ရခိုင်ပြည်နယ် ပြဿနာကို ဖြေရှင်းဖို့ လိုအပ်တဲ့အချက်တွေထဲမှာ ပထမဆုံးအရေးကြီးတဲ့ အဆင့်က ကျန်းမာရေး၊ ပညာရေး စတဲ့ အခြေခံဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကျောင်းရပ်တည်ရေးအတွက် လွတ်လပ်စွာသွားလာခွင့် ပြုဖို့ဖြစ်တယ်လို့ Filippo Grandi က မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ ဇွန်လ (၆)ရက်နေ့က ထုတ်ပြန်တဲ့ သူရဲ့ကြေညာချက်မှာ ပြောဆိုခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ တွေ့ဆုံပြီး ရခိုင်နဲ့ ကချင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ လူသားချင်းစာနာမှုအကူအညီတွေ ထောက်ပံပေးရေးကိစ္စဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ဒါအပြင် ထိုင်းနယ်စပ်မှာရှိတဲ့ ဒုက္ခသည်တွေနေရပ်ရင်းပြန်ရေးကိစ္စမှာ ဒေါ်အောင်ဆန်းဆုကြည်က ကြိုဆိုကြောင်း ပြောဆိုခဲ့တဲ့အတွက် သူ့အနေနဲ့ ဝမ်းသာမိကြောင်း Filippo Grandi ကပြောပါတယ်။

ဒါပေမယ့်လည်းဒုက္ခသည်တွေပြန်လာရေးကိစ္စမှာ သူတို့ကိုယ်တိုင်ဆုံးဖြတ်ရေးနဲ့ အခြေအနေတွေ တည်ငြိမ်ဖို့ စတဲ့အချက်တွေ လိုအပ်တယ်ဆိုတာ ကုလသမဂ္ဂ ယုံကြည်ထားကြောင်း သူကဆိုပါတယ်။

လက်ရှိ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha နဲ့ လည်း သောကြာနေ့က တွေ့ဆုံပြီး ထိုင်း-မြန်မာနယ်စပ်ဒုက္ခသည်အရေး ဆွေးနွေးခဲ့ပါတယ်။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi ဟာ ထိုင်းခရီးစဉ် အပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နောက်သီတင်းပတ်အတွင်း ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG