သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UNHCR အကြီးအကဲ ဒုက္ခသည်အရေး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဆွေးနွေး


UNHCR အကြီးအကဲ နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဆွေးနွေး
UNHCR အကြီးအကဲ နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဆွေးနွေး

မြန်မာနိုင်ငံမှာ ရောက်နေတဲ့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi ဟာ ဒီကနေ့ မြန်မာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး အိမ်နီးချင်းနိုင်ငံတွေမှာ ရောက်နေကြတဲ့ မြန်မာဒုက္ခသည်တွေ အရေး ဆွေးနွေးခဲ့ကြပါတယ်။ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအပါအဝင် မြန်မာနိုင်ငံက ဒုက္ခသည်တွေနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးသူတွေအရေး ဆွေးနွေးခဲ့တဲ့အကြောင်း အပြည့်စုံကို မခင်ဖြူထွေးက ပြောပြပေးပါမယ်။

ဒီလ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ ၆ ရက်ကြာ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi ဟာ ဒီကနေ့ နေ့လည်ပိုင်းက မြန်မာနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေ အရေး အဓိကထား ဆွေးနွေးကြတာဖြစ်တယ်လို့ UNHCR ရဲ့ အာရှဒေသဆိုင်ရာ ပြောခွင့်ရ Vivian Tan က ပြောပါတယ်။

“ထိုင်းနိုင်ငံမှာရှိနေတဲ့ မြန်မာဒုက္ခသည်တွေ အိမ်ပြန်နိုင်ရေး၊ ရခိုင်ပြည်နယ်က နိုင်ငံသားစိစစ်လက်ခံမှုဆိုင်ရာ ကိစ္စ နဲ့ မြန်မာနိုင်ငံတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေ ကြရတဲ့ ဒုက္ခသည်တွေ အကြောင်း ဆွေးနွေးခဲ့ကြတာပါ။”

ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ UNHCR မဟာမင်းကြီး Grandi တို့ရဲ့ တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံရဲ့ လက်ရှိဆောင်ရွက်နေတဲ့ လူသားချင်းစာနာမှု အကူအညီ ပေးရေးလုပ်ငန်းတွေ၊ မြန်မာအစိုးရနဲ့ UNHCR တို့အကြား ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေတွေကို ဆွေးနွေးခဲ့တဲ့အကြောင်း မြန်မာနိုင်ငံခြားရေးဌာနကလည်း ဒီကနေ့ တွေ့ဆုံမှုအပြီးမှာ သတင်း ထုတ်ပြန်ထားပါတယ်။

UNHCR မဟာမင်းကြီး Grandi ဦးဆောင်တဲ့ ကုလသမဂ္ဂအဖွဲ့ဝင် ၆ ဦး ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ဒီလ ၁ ရက်နေ့ကနေ ၄ ရက်အထိ မှာတော့ အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပြီး ပြည်နယ်အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလို၊ စစ်တွေနဲ့ မောင်တောခရိုင် မြောက်ပိုင်းဒေသတွေက ဒုက္ခသည်တွေ၊ ဒေသခံတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

မနက်ဖြန် ကြာသပတေးနေ့မှာတော့ ရန်ကုန်မြို့မှာ နိုင်ငံတကာသံရုံးတွေက တာဝန်ရှိသူတွေ၊ နောက် ကုလသမဂ္ဂ နဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံခရီးစဉ်အပြီးမှာတော့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လည်း သွားရောက်မှာဖြစ်ပြီး အဲဒီမှာလည်း မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအရေး ဆွေးနွေးမှာဖြစ်တယ်လို့ UNHCR ရဲ့ အာရှဒေသဆိုင်ရာ ပြောခွင့်ရ Vivian Tan က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG