သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေမှာ မွတ်ဆလင်တဦးသေဆုံးတဲ့ အခင်းဖြစ်ပွားမှု ပြစ်မှုကျူးလွန်သူများဖမ်းမိရေး ကြိုးပမ်း


စစ်တွေမြို့ ဒါးပိုင်း ကယ်ဆယ်ရေး စခန်းက မွတ်ဆလင် တချို့ကို ဒေသခံ တချို့က တိုက်ခိုက်တာကြောင့် တဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရပါတယ်။ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းမိနိုင်ရေး အာဏာပိုင်တွေ ဆောင်ရွက်နေဆဲ ဖြစ်သလို စစ်တွေမြို့ကိုလည်း လုံခြုံရေး တင်းကြပ်ထားပါတယ်။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရဲ့ ရခိုင်ပြည်နယ် ခရီးစဉ် အတွင်း ဒီဖြစ်စဉ် ဖြစ်ပွားခဲ့မှု အပေါ် အပြည့်အ၀ စုံစမ်းစစ်ဆေးနေတယ်လို့လည်း မြန်မာ အစိုးရက ပြောပါတယ်။ မသိင်္ဂ ီထိုက် ဆက်သွယ် မေးမြန်းထားပါတယ်။

စစ်တွေမြို့ ရောင်နီးဦး ဆိပ်ကမ်းကို ရဲလုံခြုံရေး တပ်သားတဦး အစောင့်အရှောက်နဲ့ သွားရောက်တဲ့ ဒါးပိုင် ကယ်ဆယ်ရေး စခန်းက မွတ်ဆလင် အဖွဲ့တဖွဲ့ကို ဒေသခံတွေက ဝိုင်းပြီး ခဲနဲ့ ပေါက်တာကြောင့် တဦးသေဆုံးပြီး တခြား အဖွဲ့ဝင် ၆ ဦးစလုံး ဒဏ်ရာရခဲ့တာမှာ ၂ ဦးကိုတော့ အတွင်းလူနာ အဖြစ် ဆေးဝါး ကုသပေးနေ ရပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သေဆုံး ဒဏ်ရာရမှုကို အတည်ပြုပါတယ်။

“ ဆိပ်ကမ်းမှာ ခဲနဲ့ ပေါက်တော့ အဲဒီမှာ မောင်နုပေါ့။ အသက် ၅၅ နှစ် (အဖ အဘဒူ ရှကူ) ဆိုတာ သူက ခဲတွေနဲ့ ပစ်တဲ့ အတွက် နေရာမှာတင် သေဆုံးတယ်။ သေဆုံးတော့ ကျန်တဲ့ ထိခိုက်ဒဏ်ရာ ရတဲ့ လူတွေကို ကျနော်တို့ စစ်တွေ ပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်တယ်။ ပို့ဆောင်ပြီးတဲ့ အခါမှာ ကျန်တဲ့ လူတွေက ဒဏ်ရာ မစိုးရိမ်ရတဲ့ ဒဏ်ရာရ နှစ်ယောက်ဘဲ ကျန်တယ်။ ကျန်တဲ့ လေးယောက်ကို ကယ်ဆယ်ရေး စခန်းကို ပြန်ပို့တယ်။”

ခဲနဲ့ ဝိုင်းပြီး ပေါက်ခဲ့သူတွေကိုတော့ ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

“ ဒီ ဝိုင်းပြီးတော့ ခဲတွေနဲ့ ပေါက်လို့ လူ တဦး သေတယ်။ ကျန်တဲ့သူတွေလည်း ထိပ်ပေါက်၊ ခေါင်းပြဲပေါ့နော် ဒီလိုမျိုးတွေ ဖြစ်ရတဲ့ အထိ ဖြစ်သွားတဲ့ အတွက် အဓိက ပါဝင်ပတ်သက်တဲ့ တရားခံတွေပေါ့ တရားခံတွေကို ကျနော်တို့က အမြန်ဆုံး ဖော်ထုတ်ဖို့ ဖော်ထုတ်ပြီး အမြန်ဆုံး ဥပဒေနဲ့ အညီ အရေးယူဖို့ အဲဒါကို ကျနော်တို့က ပြည်နယ် အစိုးရ ပြည်နယ် ရဲတပ်ဖွဲ့ ကို ပြောထားပြီး ဖြစ်ပါတယ်။ အဲဒါကိုလည်း ရဲတပ်ဖွဲ့က ဆောင်ရွက်နေပါတယ်။ ”

စစ်တွေမြို့ ဒါးပိုင် ကယ်ဆယ်ရေး စခန်းမှာ ခိုလှုံနေကြတဲ့ အခု တိုက်ခိုက်ခံရသူတွေက စစ်တွေ တရားရုံးမှာ သက်သေ ထွက်ဆိုကြမယ့် စခန်းတွင်းက ၁၁ ဦးပါ အဖွဲ့ စီးနင်းတဲ့ ကားနောက်ကနေ သီးသန့် ကားတစင်းနဲ့ ကပ်ပြီး လိုက်ပါလာကြပြီးနောက်မှာ ရဲစခန်းမှာ လုံခြုံရေး တောင်းခံပြီး စစ်တွေမြို့က ရောင်နီဦး ဆိပ်ကမ်းကို သွားရောက်ခဲ့ကြတာ ဆိုပြီး ဦးဇော်ဌေးက ပြောပါတယ်။

“ ရောင်နီဦး ဆိပ်ကမ်းကို ဘာကြောင့်သွားလဲလို့ ကျနော်တို့ အခုမေးတယ်။ မေးတော့ မော်တော်ဟောင်း ဝယ်ဖို့ အတွက် သွားတယ်လို့ ပြောတယ်။ အဲဒီက ဒေသခံတွေက ကျန်တဲ့ ဘာသာမတူတဲ့ အသိုင်းအဝိုင်း ဒေသခံတွေ ဖြစ်တယ်။ အဲဒီ ကားပေါ်က ဆင်းတယ်။ ဆင်းပြီးတော့ ရောင်နီဦး ဆိပ်ကမ်းကို ရောက်တယ်။ ကားပေါ်က ဆင်းပြီး ဆိပ်ကမ်းမှာ ကြည့်နေတဲ့ အချိန်မှာ အဲဒီမှာ ပြသနာ ဖြစ်တယ်လို့ ပြောတယ်။ ပြသနာ ဖြစ်ပြီး အဲဒီမှာ ရှိတဲ့ ဒေသခံတွေက ဝိုင်းပြီး ခဲနဲ့ ပေါက်တယ်လို့ ဖြစ်စဉ်က သိရတယ်။ ”

တိုက်ခိုက်ခံရတဲ့ အကြောင်းရင်းကိုလည်း မသိရသေးပါဘူး။ စစ်တွေမြို့ကိုတော့ အခင်ဖြစ်ပွားပြီးနောက်မှာ လုံခြုံရေး တိုးမြှင့် ဆောင်ရွက်ထားပြီး အခုချိန်ထိ အခြေအနေ တည်ငြိမ်တယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Fillipo Grande ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ် အတွင်းမှာ အခု ကိစ္စ ဖြစ်ပွားခဲ့တဲ့ အပေါ်မှာလည်း စနစ်တကျ စုံစမ်း ကိုင်တွယ်နေတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။ ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့တော့ ဦးဇော်ဌေးက အခုလို ပြောပါတယ်။

“ သူ့ရဲ့ အဓိက လုပ်ငန်းစဉ်က UNHCR လေ။ UNHCR ဖြစ်တဲ့ အတွက် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ဖြစ်တာပေါ့။ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးက ဒုက္ခသည် အရေးကို ဆောင်ရွက်တာ ဖြစ်ပါတယ်။ အဲဒီတော့ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ UNHCR ရဲ့ Mandate က ဒီဒုက္ခသည်တွေကို Humanitarian Assistance တွေ ပေးဖို့၊ ဒုက္ခသည်တွေ ရသင့် ရထိုက်တဲ့ အကာအကွယ်၊ သူတို့ကို စောင့်ရှောက်မှု ဒါတွေနဲ့ ပတ်သက်လို့ သူ့ရဲ့ Mandate က တာဝန်ရှိတာ ဖြစ်ပါတယ်။ Fact Finding Mission နဲ့ သက်ဆိုင်ခြင်း မရှိပါဘူး။ အဲဒါကြောင့်လည်း ကျနော်တို့က မဟာမင်းကြီး ခရီးစဉ်ကို လက်ခံပြီး ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ ”

ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filipo Grande ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ် အတွင်း ဒါးပိုင် ဒုက္ခသည် စခန်းကို သွားရောက်ခဲ့သေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် မောင်တောမြို့နယ်ကိုလည်း သွားရောက်ခဲ့သလို ရခိုင် အစိုးရနဲ့ပါ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG