သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထူးကိုယ်စားလှယ် ရခိုင်ခရီးစဉ်အဆုံးသတ်


ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yang Hee Lee ရွှေဗဟိုရွာ မြိုလူမျိုးတွေရှိတဲ့ IDP camp ကိုသွားရောက်စဉ် (United Nations Information Centre Yangon)
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yang Hee Lee ရွှေဗဟိုရွာ မြိုလူမျိုးတွေရှိတဲ့ IDP camp ကိုသွားရောက်စဉ် (United Nations Information Centre Yangon)

မြန်မာနိုင်ငံမှာရောက်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yang Hee Lee ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုပြီး စွပ်စွဲပြောဆိုနေကြတဲ့ ရခိုင်ပြည်နယ်ကို ၃ ရက်တာ သွားရောက်ပြီး ဒီကနေ့မှာ ရခိုင်ပြည်နယ်ခရီးစဉ် အဆုံးသတ်လိုက်ပါပြီ။ အကြမ်းဖက်မှု စတင်ခဲ့တဲ့ မောင်းတောမြို့ကို နှစ်ရက်တာ သွားလေ့လာခဲ့ပြီး ဒီကနေ့မှာတော့ စစ်တွေအကျဉ်းထောင်ကို သွားလေ့လာသလို ရွှေစေတီကို ဖူးမျှော်ခဲ့တယ်လို့ ကုလသမဂ္ဂပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

အောက်တိုဘာလ အကြမ်းဖက်မှုတွေနောက်ပိုင်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက ဝေဖန်ပြောဆိုနေကြတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်းတော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်တို့ကို ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms. Yang Hee Lee ကိုယ်တိုင် သွားလေ့လာတာပါ။ အခုခရီးစဉ်အတွင်း နှစ်ဖက်အသိုင်းအဝိုင်းက လူတွေနဲ့ ပြောဆိုဆွေးနွေးခဲ့ပါတယ်။ ဒီကနေ့မှာတော့ ကုလအထူးကိုယ်စားလှယ်ဟာ စစ်တွေထောင်ကို သွားရောက်လေ့လာပြီး ရွှေစေတီကို ဖူးမျှော်ခဲ့တယ်လို့ ကုလသမဂ္ဂ မြန်မာပြည်ရုံးခွဲ ပြန်ကြားရေးတာဝန်ခံ ဦးအေးဝင်းက ပြောပါတယ်။

“စစ်တွေထောင်သွားမယ် ပြီးရင် ရွှေစေတီ သွားမယ် နောက်မနက်ဖြန် ဖိုးသာရွာတဲ့ ချင်းရွာလေးတခုပေါ့နော် အဲဒီကိုသွားတယ်၊ မနက်က ချင်းရပ်ကွက်လေးပေါ့နော်။ ဒါပြီးရင် ရန်ကုန်ဆင်းမယ်လေ။

မေး။ ။ ဟုတ်ကဲ့ အန်ကယ်၊ Ms. Yang Hee Lee ကိုယ်တိုင် ရွာတွေကို သွားပြီးတော့ လေ့လာတဲ့အခါမှာ သူ့အနေနဲ့ ဒေသခံရွာသားတွေပေါ့လေ အထူးသဖြင့် ရခိုင်နဲ့ မွတ်ဆလင်အသိုင်းအဝိုင်း နှစ်ခုကြား တာဝန်ရှိသူတွေနဲ့ လွတ်လွပ်လပ်လပ် တွေ့ဆုံခွင့်ရပါသလားခင်ဗျ။

ဖြေ။ ။ ဟုတ်ကဲ့ လွတ်လွတ်လပ်လပ်တွေ့ပါတယ်။ သီးသန့်တွေ့ပါတယ်။”

စစ်တွေ အကျဉ်းထောင်အတွင်း ထောင်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်တွေထောင် တာဝန်ခံအရာရှိ ဦးသိန်းလွင်က ပြောပါတယ်။

“ကျနော့်ဆီရောက်တာ ၁၂း၃၀ ကနေပြီးတော့ ၁၄:၂၅ (၂ နာရီ ၂၅) အထိ။ ဒီရောက်လာတော့ ထောင်အရာရှိတွေနဲ့ တွေ့ဆုံတာပေါ့ခင်ဗျ။ အကျဉ်းသားနဲ့ ပတ်သက်ပြီး ဆွေးနွေးတာတော့ မရှိပါဘူးခင်ဗျ။ ထောင်ကိုတော့ ကျနော်တို့ ကြည့်ခွင့်ပေးပါတယ်။ ကျန်တာကတော့ ကျနော်က ဘယ်လိုမှ မအောင့်မေ့ပါနဲ့ ခင်ဗျ၊ ထောင်သားတွေနဲ့ တွေ့တာတွေတော့ ပြောလို့မရပါဘူးခင်ဗျ။”

Ms. Yang Hee Lee ဟာ မနေ့က မောင်တောမြို့မှာ ရှိနေချိန်အတွင်း ဒုက္ခသည်စခန်းတွေကို သွားလေ့လာခဲ့သလို ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ကျီးကန်းပြင်ရွာကိုလည်း သွားရောက်ခဲ့ပါတယ်။ ဒါ့အပြင် အဲဒီ့မှာရှိတဲ့ ကျေးရွာတွေကိုလည်း သွားလေ့လာခဲ့ ပြီး နယ်စပ်စခန်းတွေကိုလည်း သွားရောက်ခဲ့တယ်လို့ Ms. Yang Hee Lee ရဲ့ခရီးစဉ်တစ်လျှောက် အတူလိုက်ပါနေတဲ့ ဦးအေးဝင်းက ပြောပါတယ်။

“မောင်းတောမှာ အရင်ဆုံးသွားတာကတော့ ရွှေဗဟိုရွာ မြိုလူမျိုးတွေရှိတဲ့ IDP camp ပေ့ါနော် ။ လမ်းမှာက ငါးခူရအထိ ၊ အကုန်လုံး နာမည်တွေက မမှတ်မိဘူးခင်ဗျ။ နောက် ကျီးကန်းပြင်လည်းရောက်တယ် အလည်ရွာ အနောက်ရွာ နောက် အဲဒီက နယ်စပ်စခန်းတွေလည်းရောက် တယ်။ နောက်လမ်းမှာရှိတဲ့ ရခိုင်ရွာ ဟိန္ဒူရွာ၊ နောက် မွတ်ဆလင်ရွာလည်း ရောက် ခဲ့တယ်။

Ms.Yang Hee Lee ရဲ့ ၃ ရက်တာ ရခိုင်ပြည်နယ် ခရီးစဉ်ကိုတော့ ပြည်နယ်အစိုးရ က တာဝန်ယူထားပြီး ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်ဝင်းက ဦးဆောင်ကာ တာဝန်ယူဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လို့ ကုလအထူးကိုယ်စားလှယ် သွားရောက်တဲ့ ရွာတွေမှာ ဒေသခံ ရွာသားတွေနဲ့ တွေဆုံတဲ့အခါ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လိုက်ပါမလာ ဖို့ တောင်းဆိုထားတယ်လို့ အစိုးရပြောခွင့်ရပုဂ္ဂိုလ်က ဗွီအိုအေ ကို ပြောဆိုထားပါတယ်။

Ms. Yang Hee Lee အနေနဲ့ မနက်ဖြန်မှာ အရပ်ဖက်လူ့အဖွဲ့အစည်း တာဝန်ရှိသူတွေနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံဖို့ ရှိပါတယ်။ ဒါ့အပြင် ဇန်နဝါရီလ ၁၈ ရက်နေ့မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမှာပါ။

ဇန်နဝါရီလ ၂၀ ရက်နေ့မှာတော့ သူ့ရဲ့ ၅ ကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ်ကို အဆုံးသတ်မှာဖြစ်ပြီး ခရီးစဉ်တစ်လျှောက်တွေ့ရှိချက်တွေကို အစီရင်ခံစာတစ်ရပ်ရေးသားပြီးတော့ လာမယ့် မတ်လထဲမှာကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ တင်သွင်းသွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG