သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထူးကိုယ်စားလှယ် မောင်တောရောက်ရှိလေ့လာ


ကုလအထူးစုံစမ်းစစ်ဆေးရေးမှူး Ms Yanghee Lee ရခိုင်ကို သွားရောက်စဉ် (ဇွန်လ ၂၀၁၆)

ရခိုင်ကိုရောက်နေတဲ့ ကုလအထူးစုံစမ်းစစ်ဆေးရေးမှူး Ms Yanghee Lee ဟာ ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ မောင်တောမြို့နယ်တွင်းက ကျေးရွာတွေကို သွားရောက်လေ့လာခဲ့ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေအပေါ် တပ်မတော်နဲ့ လုံခြုံရေးရဲတွေဘက်က နယ်မြေရှင်းလင်းရာမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ Ms Yanghee Lee အနေနဲ့ အခုလိုကွင်းဆင်းလေ့လာခြင်းအားဖြင့် ဖြစ်စဉ်အမှန်ကို သုံးသပ်နိုင်မယ်လို့ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေ ရှု့မြင်ပါတယ်။ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် ဆက်ပြောပြပေးပါမယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး ကုလကိုယ်စားလှယ် Ms Yanghee Lee ဟာ ဇန်နဝါရီလ ၁၃ရက်နေ့ကစတင်ခဲ့တဲ့ သူ့ရခိုင်ခရီးစဉ် သုံးရက်မြောက်နေ့ ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ မောင်တောမြို့နယ်တွင်းက ကျေးရွာတွေကို သွားရောက်လေ့လာခဲ့ပါတယ်။ မောင်တောမြို့နယ်မြောက်ပိုင်းက ကျီးကန်းပြင်၊ ငါးခူရ၊ ဝါးပိတ်စတဲ့ ကျေးရွာတွေကို Ms Yanghee Lee ကိုယ်တိုင်သွားရောက်လေ့လာတာဖြစ်ပါတယ်။ Ms Yanghee Lee ရဲ့ခရီးစဉ်ကို ပြည်နယ်အစိုးရအဖွဲ့က လုံခြုံရေးတာဝန်ယူထားသလို သူသွားလိုတဲ့နေရာ၊ သူတွေ့လိုတဲ့ဒေသခံတွေနဲ့ တွေ့ဆုံနိုင်အောင် စီစဉ်ပေးသလို Ms Yanghee Lee ရဲ့တောင်းဆိုချက်အတိုင်း ဒေသခံတွေကို သူမေးမြန်းနိုင်ချိန်မှာ လွတ်လွတ်လပ်လပ်မေးမြန်းခွင့်ရအောင်လည်း စီစဉ်ပေးထားတယ်လို့ ရခိုင်ပြည်နယ်အစိုးရပြောခွင့်ရက ဗွီအိုအေကို ပြောကြားထားပါတယ်။

ယန်ဟီလီ နှင့် ရခိုင်ပြည် နယ်အစိုးရအဖွဲ့ တွေ့ဆုံ (U Nyi Pu)
ယန်ဟီလီ နှင့် ရခိုင်ပြည် နယ်အစိုးရအဖွဲ့ တွေ့ဆုံ (U Nyi Pu)

အခုလို Ms Yanhee Lee အနေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ရာ နေရာတွေ ကျေးရွာတွေ၊ နယ်ခြားစောင့်စခန်းတွေကို ကိုယ်တိုင်သွားရောက်လေ့လာခွင့်ရခြင်းအားဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုရှိမရှိဆိုတဲ့ အခြေအနေတွေကို သိရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ရှု့မြင်ပါတယ်။

ယန်ဟီလီ နှင့် ရခိုင်ပြည် နယ်အစိုးရအဖွဲ့ တွေ့ဆုံ (U Nyi Pu)
ယန်ဟီလီ နှင့် ရခိုင်ပြည် နယ်အစိုးရအဖွဲ့ တွေ့ဆုံ (U Nyi Pu)

“ဒီခရီးစဉ်ကနေပြီးတော့ သူ့ရေးသားမှုအပေါ်မှာ ကျမတို့ ကြည့်ရမှာဖြစ်ပါတယ်။ သူ့အနေနဲ့ အမှန်ကို အမှန်အတိုင်း သူ့လေ့လာတွေ့ရှိချက်တွေ ထွက်ဖို့ လိုအပ်ပါတယ်ရှင့်။ လုံခြုံရေး အရဆိုရင်လည်း အခုအချိန်အထိတော့ လုံခြုံရေးကို ပြည့်ဝအောင်ချထားခြင်းတော့ မရှိသေးဘူးပေါ့နော် ဒါပေမယ့် လောလောဆယ်အခုအချိန်မှာတော့ ငြိမ်နေပါတယ်။ ဘာပြဿနာမှ လောလောဆယ်တော့ မကြားပါဘူး။ ဒါပေမယ့် ဒေသခံ တိုင်းရင်းသားတွေရော အဲဒီမှာရှိတဲ့ လုံခြုံရေးတွေရော အမြဲသတိဝီရိယနဲ့ နေရတယ်လို့ ကျမတို့အနေနဲ့ ကြားရပါတယ်ရှင့်။”

ရခိုင်ပြည်နယ်လွှတ်တော်က ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းအောင်သိန်းကလည်း Ms Yanghee Lee အနေနဲ့ ဒေသတွင်းကနှစ်ဘက် ဒေသခံတွေကို တွေ့ဆုံမေးမြန်းခြင်းအားဖြင့် ဒေသလုံခြုံရေး အခြေအနေကို သိရှိနိုင်အောင် ကြိုးစားသင့်တယ်လို့ အကြံပြုပါတယ်။

“ကျနော်တို့ အကြံပြုချင်တာကတော့ Ms Yanghee Lee လာတာဟာ တဖက်သတ်မဖြစ်ဖို့တော့ ကျနော်တို့ ပြောလိုပါတယ်။ Ms Yanghee Lee အနေနဲ့လည်း ဒေသခံ ရခိုင်တိုင်းရင်းသားတွေရဲ့ အခက်အခဲဘယ်လိုရှိတယ်ဆိုတာ၊ ဘယ်လိုနေရတယ်ဆိုတာကို Ms Yanghee Lee အနေနဲ့ ထုတ်ပြန်သင့်တယ်လို့ ကျနော့်အနေနဲ့ အကြံပြုချင်ပါတယ်ခင်ဗျ။”

သူ့ခရီးစဉ်အတွင်း Yanghee Lee ဟာ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ရဲစခန်းကို သွားရောက်လေ့လာသလို၊ မူဆလင်ဒုက္ခသည်စခန်းတွေနဲ့ ဘူးသီးတောင ်အကျဉ်းထောင်ကိုလည်း သွားရောက်ခဲ့ပါတယ်။ သူ့ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်အစိုးရတာဝန်ရှိသူတွေ၊ လုံခြုံရေးနဲ့နယ်စပ်ရေးရာတာဝန်ရှိသူတွေနဲ့ တွေ့ဆုံသလို ဘူးသီးတောင်နဲ့ မောင်တောဒေသက ရခိုင်တိုင်းရင်းသားတွေနဲ့ရော မူဆလင်တွေနဲ့ပါ နှစ်ဘက်အသိုင်းအဝိုင်း ကဒေသခံတွေနဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ Yanghee Lee ရဲ့ ရခိုင်ခရီးစဉ် ဇန်နဝါရီလ ၁၆ရက်နေ့မှာ အဆုံးသတ်မှာဖြစ်ပြီး ဇန်နဝါရီလ ၁၈ရက်နေ့မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ရှိပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့လည်း ရှေ့သီတင်းပတ်တွင်း တွေ့ဆုံဖို့ရှိပြီး ဇန်နဝါရီလ ၂၀ရက်နေ့မှာတော့ Yanghee Lee ဟာ သူ့ရဲ့ ၁၂ရက်တာ ကြာမြင့်ခဲ့တဲ့ မြန်မာပြည်ခရီးစဉ်နဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

ကုလ အထူးကိုယ်စားလှယ် မောင်တောရောက်ရှိလေ့လာ
please wait

No media source currently available

0:00 0:03:14 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG