သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောဘုန်းကြီးကျောင်းတခုမှ စိတ်ကြွဆေးနဲ့ လက်နက်ဖမ်းမိ


မောင်တောဘုန်းကြီးကျောင်းတခုမှ စိတ်ကြွဆေးနဲ့လက်နက်ဖမ်းမိ (MOI)
မောင်တောဘုန်းကြီးကျောင်းတခုမှ စိတ်ကြွဆေးနဲ့လက်နက်ဖမ်းမိ (MOI)

မောင်တောမြို့နယ်တွင်းက ဘုန်းကြီးကျောင်းတိုက်တခုမှာ WY စာသားပါ စိတ်ကြွဆေးပြားအများအပြားနဲ့ လက်နက်ခဲယမ်းအချို့ လက်နက်ခဲယမ်းအချို့ကို မနေ့ ဖေဖဝါရီလ ၅ ရက်နေ့က အာဏာပိုင်တွေက သိမ်းဆည်းရမိပါတယ်။ ဒေသတွင်းကနေ တဖက်နိုင်ငံကို တရားမဝင်မူးယစ်ဆေးဝါးတင်ပို့ရောင်းချမှုတွေ မြင့်တက်လာတာကြောင့်၊ နေပြည်တော်ဖက်က အထူးတပ်ဖွဲ့တွေကိုယ်တိုင်ဆင်းပြီး တရားမဝင်မူးယစ်ဆေးဝါးနှိမ်နင်းရေးတွေ ဆောင်ရွက်နေရပါတယ်။ ဒီအခြေအနေတွေကိုတော့ ဗွီအိုအေ သတင်းထောက် ကိုထက်အောင် ဆက်သွယ်မေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ နှစ်ထဲ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသမှာ မကြာခဏဆိုသလို မူးယစ်ဆေးဝါး စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရရှိမှုတွေ ရှိနေပါတယ်။ မနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာတော့ မောင်တောဒေသတွင်းက ရွှေဗဟို ဘုန်းတော်ကြီးကျောင်းတိုက်မှာ WY စာသားပါ စိတ်ကြွဆေးပြား ၄၂ သိန်းကျော်ကို ဖမ်းဆီးရရှိခဲ့တာဖြစ်ပါတယ်။ မောင်တောမြို့တွင်းကို အဲဒီ့ကျောင်းက ကျောင်းထိုင်ဆရာတော် စီးနင်းလိုက်ပါလာတဲ့ ကားကို ဗောဓိကုန်း စစ်ဆေးရေး ဂိတ်မှာ စစ်ဆေးရာကနေ ကားပေါ်မှာ စိတ်ကြွဆေးပြားတွေကို တွေ့ရှိခဲ့တာဖြစ်တာပါ။ အဲဒီ့ကနေတစ်ဆင့် ရွှေဗဟိုကျောင်းတွင်း သွားရောက်စစ်ဆေးတဲ့အခါမှာ အခုလိုမျိုး စိတ်ကြွဆေးပြား အများအပြား ဖမ်းစီးရမိတာဖြစ်တယ်လို့ မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှုး ရဲမှုးကျော်မြဝင်းက အခုလို ပြောပါတယ်။

“ဗောဓိကုန်းစစ်ဆေးရေးဂိတ်နားမှာ ကားနဲ့ မောင်တောဘက်ကို ဝင်လာတာပေါ့လေ အဲဒီမှာတွေ့တယ်။ နောက် ရှာရင်းမေးရင်းနဲ့ ရွှေဗဟိုကျောင်းကို စစ်ဆေးပုံရတယ်ခင်ဗျ။ ကားမှာက ပမထ နောက် ကျောင်းကိုရှာတာပေါ့နော်။ ကားမှာတော့ ၄ သိန်းလို့ကြားတယ်ခင်ဗျ ၊ ၄ သိန်းခန့်ပေါ့နော်။ နောက်ကျောင်းမှာကျတော့ အားလုံးပေါင်း ၄၂ သိန်းနဲ့ ၄ သောင်းတွေ့ရတယ်။”

ရခိုင်ပြည်နယ်တွင်း မူးယစ်ဆေးဝါး နှိမ်နင်းတိုက်ဖျက်ဖို့အတွက် မေယု အထူးစစ်ဆေးရေးလို့ခေါ်တဲ့ နေပြည်တော်က အထူးတပ်ဖွဲ့ဝင်တွေက ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ဆောင်ရွက်နေတာဖြစ်ပြီး ရခိုင်ဒေသတွင်းက ရဲတပ်ဖွဲ့ဝင်တွေ မပါဝင်ပါဘူး။ လက်ရှိဖြစ်စဉ်နဲ့ ပတ်သတ်လို့ကတော့ စိတ်ကြွဆေးပြားတွေနဲ့အတူ တွေ့ရှိခဲ့တဲ့ ကျောင်းထိုင်ဆရာတော်နဲ ကိုရင်တစ်ပါးတို့ကို ဖမ်းစီးထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေ လုပ်နေတယ်လို့လည်း ပြောပါတယ်။ အခုလို စိတ်ကြွဆေးဝါး ၄၂ သိန်းကျော် ဖမ်းစီးရရှိခဲ့တဲ့ မောင်တောမြို့နယ်တွင်းက ရွှေဗဟို ဘုန်းတော်ကြီးကျောင်းနဲ့ ပတ်သတ်လို့ ဒေသခံတစ်ဦးလည်းဖြစ် မောင်တောဒေသ ရခိုင်အမျိုးသားပါတီရဲ့ ဥက္ကဌ ဦးခင်မောင်သန်း အခုလိုပြောပါတယ်။

“ဘုန်းကြီးကျောင်းကလည်း မြို့ထဲမှာ မဟုတ်ဘူး ကျနော်တို့မြို့နဲ့ ၅ မိုင်လောင်ဝေးတဲ့နေရာမှာ ဘုန်းကြီးကျောင်းကတော့ ပုံမှန်ပါပဲ ၊ အဲဒီမှာ သိပ်ထူးခြားမှုတော့ မတွေ့ရဘူး ကျနော်တို့မြို့ပေါ်မှာလေ။ အဲဒီ ဘုန်းကြီးကျောင်းက အသိုင်းအဝိုင်းတွေတော့ ကျနော်တို့ ခန့်မှန်းလို့မရဘူး။ လူဝင်အထွက်လည်း အဲဒီမှာ သိပ်မရှိပါဘူး ကျနော်တို့ ရွှေဗဟိုကျေးရွာမှာ အဲဒီမှာ ဆောက်ထားတဲ့ ဘုန်းကြီးကျောင်းပေါ့နော်။”

နယ်စပ်ဒေသဖြစ်တဲ့ မောင်တောဒေသမှာ မူးယစ်ဆေးဝါး စိတ်ကြွဆေးပြားအများအပြားကို အခုနောက်ပိုင်း မကြာခဏဆိုသလို ဖမ်းဆီးရရှိနေတာဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတွေကို ဒီဒေသကနေတစ်ဆင့် တစ်ဖက်နိုင်ငံကို တင်ပို့ရောင်းချတာဖြစ်တာကြောင့် အခုလိုမျိုးဖြစ်စဉ်တွေ ဖြစ်နေတာလို့ ဦးခင်မောင်သန်းက ယူဆပါတယ်။

“ကျနော်တို့အထင်တော့ ဒီမှုးယစ်ဆေးဝါးက ကျနော်တို့ ဒီဘက်ကနေတဆင့် ဘင်္ဂလားဒေ့်နိုင်ငံကိုသွားတယ်။ လမ်းက ဒီတလမ်းပဲ ရှိတယ်ကျနော်တို့ မောင်တောလမ်းရယ်၊ နောက်ပြီး ရေကြောင်းကနေ စစ်တွေ- ဘင်္ဂလား ရှိမယ်။ အဲဒီတော့ လမ်းက ၁ လမ်း ပဲရှိတယ်။”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့နဲ့ ၄ ရက်နေ့အတွင်းမှာလည်း မေယုစစ်ဆင်ရေးအရ မောင်တောဒေသမှာ WY ဆေးပြား ၄ သိန်းနီးပါး ဖမ်းဆီးရရှိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG