သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘိန်းနဲ့စိတ်ကြွဆေးထုတ်လုပ်မှု မြန်မာမှာ တိုးလာ


ဖမ်းဆီးမိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးနေသည့် မြင်ကွင်း။ ဇွန် ၂၆၊ ၂၀၁၆။
ဖမ်းဆီးမိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးနေသည့် မြင်ကွင်း။ ဇွန် ၂၆၊ ၂၀၁၆။

မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်တာနဲ့ စိတ်ကြွဆေးပြားထုတ်တာတွေ တိုးလာနေတယ်လို့ ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါး ဆန့်ကျင် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် တနှစ်အတွင်း ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါး တွေကို မီးရှို့ဖျက်ဆီးပွဲမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ အကြီးအကဲ ဒုတိယရဲမှူးကြီးကျော်ကျော်မင်းက သတင်းထောက်တွေကို ပြောပါတယ်။

“ထုတ်လုပ်မှုပေါ့နော်၊ နိုင်ငံမှာ ထုတ်လုပ်မှုမှာ နှစ်ပိုင်းဖြစ်နေတယ်။ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုနဲ့ နောက် စိတ်ကြွဆေးပြားထုတ်လုပ် မှု နှစ်ပိုင်းဖြစ် တယ်။ နှစ်ပိုင်းစလုံးကလည်း တိုးမြင့်လာတာတွေ့ရ သလို နိုင်ငံတော်အနေနဲ့ ကလည်း တားဆီးနှိမ်နင်းရေးကို တိုးမြှင့် ဆောင်ရွက်တဲ့အတွက်လည်း ဖမ်းဆီး မှုတွေကလည်း တနှစ်ထက်တနှစ် ပိုပြီးတော့ တိုးမြှင့်ဖမ်းဆီးရမိခဲ့တာ လည်းဖြစ်ပါတယ်။

“နိုင်ငံတကာမှာလည်း ဈေးကွက်ကြီးက ကြီးနေတာ။ အဲဒီကြီးနေတဲ့အပေါ် မှာ စောစောကပြောသလိုပေါ့၊ ကျနော်တို့ တနိုင်ငံလုံးမှာ စနစ်တကျ စစ်ဆေးတဲ့ ဂိတ်တွေ အားနည်းတာတပိုင်း၊ နောက်တခုက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ရဲ့ လုံခြုံရေးကန့်သတ်ဧရိယာတွေမှာ လွတ်လွတ်လပ်လပ် ထုတ်နိုင်တဲ့ အနေအထားတွေပေါ်မှာ အခွင့်ကောင်းယူပြီးတော့ ထုတ်သွားလို့ပဲ ဒီလိုမျိုး မြင့်တက်လာတယ်လို့ သုံးသပ်လို့ရတာပေါ့။”

မီးရှို့ဖျက်ဆီးရန် ပြင်ဆင်ထားသည့် ဖမ်းဆီးမိ မူးယစ်ဆေးဝါးများ။ ဇွန် ၂၆၊ ၂၀၁၆။
မီးရှို့ဖျက်ဆီးရန် ပြင်ဆင်ထားသည့် ဖမ်းဆီးမိ မူးယစ်ဆေးဝါးများ။ ဇွန် ၂၆၊ ၂၀၁၆။

အမေရိကန်ဒေါ်လာ ၁၉.၇ သန်းတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဒီကနေ့ ရန်ကုန်မြို့မှာ မီးရှို့ဖျက်ဆီးလိုက်တာပါ။ အဲဒီလို ဖျက်ဆီးလိုက်တဲ့ မူးယစ်ဆေးဝါးတွေထဲမှာ Ice လို့ခေါ်ကြတဲ့ Methamphetamine မူးယစ်ဆေးပြား ၁၄၃ ကီလိုဂရမ်နဲ့ ဒေါ်လာ ၄ သန်းလောက်တန်ဖိုးရှိတဲ့ တခြား စိတ်ကြွ မူးယစ်ဆေးတွေလည်း ပါတယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

၂၆ ကြိမ်မြောက် မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲကို နိုင်ငံခြားသံတမန်တွေ၊ ကုလ သမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု နှိမ်နင်းရေး အဖွဲ့ UNODC တာဝန်ရှိသူတွေ တက်ရောက်ပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲတာကြောင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းတဲ့လက္ခဏာ ရှိတယ်လို့ သတ်မှတ်တဲ့ လူအရေအတွက်ဟာ ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တိုးလာတယ်လို့ UNODC ရဲ့ နှစ်ပတ်လည်အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

တရားမဝင် မူးယစ်ဆေး ဈေးကွက်ထဲမှာ Methamphetamine ဆေးပြားက ဆက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ရှိနေတုန်းပါပဲ။

ရွှေတြိဂံဘိန်းစိုက်ဒေသမှာ ဘိန်းခင်းဧကပေါင်း ၁၅၃,၀၀၀ ကျော်ရှိပြီး တကမ္ဘာလုံး မှာရှိတဲ့ ဘိန်းစိုက်ခင်းတွေရဲ့ ၂၂% ရှိပါတယ်။ မြန်မာ၊ လာအိုနဲ့ ထိုင်း သုံးနိုင်ငံ နယ်နိမိတ်ထိစပ်နေတဲ့ ရွှေတြိဂံဒေသမှာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်မှုက အကြီးဆုံးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG