သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒေသ အခြေအနေမှန်


ရခိုင်ဒေသ အခြေအနေမှန်
please wait

No media source currently available

0:00 0:10:53 0:00
တိုက်ရိုက် လင့်ခ်

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံအတွင်း ပြဿနာအများဆုံး ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ ပြည်နယ်အစိုးရအနေနဲ့ ၂၀၁၆ အတွင်း ဘာတွေဆောင်ရွက်ပေးနိုင်ခဲ့ပါသလဲ၊ ဘယ်လို အခက်အခဲတွေ ကြုံခဲ့ရပါသလဲ၊ စိန်ခေါ်မှုတွေက ဘာလဲ ဆိုတာ ပြည်နယ်အစိုးရ ပြန်ကြားရေးဝန်ကြီး ဦးမင်းအောင်နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။ အဓိက တိုးတက်ဆောင်ရွက်မှုနဲ့ ဝန်ကြီးဦးမင်းအောင်က အခုလိုစပြောခဲ့ပါတယ်။

ဦးမင်းအောင် ။ ။ ကျနော်တို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ အခုတော့ ကျနော်တို့ (၉) လ (၁၀) လအတွင်းမှာ (၅) နှစ်တာ စီမံကိန်းတခု ရေးဆွဲနိုင်ခဲ့တယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီ စီမံကိန်း ရေးဆွဲတာကတော့ On paper ပေါ့။ စက္ကူပေါ်မှာ ရေးဆွဲတာပေါ့။ လက်တွေ့အားဖြင့် အဓိက အောင်မြင်မှုက ဘာလဲလို့ ပြောချင်ပါလဲ။

ဦးမင်းအောင် ။ ။ အခုကတော့ အကောင်အထည်ကတော့ တနှစ်အတွက် စီမံကိန်းတွေဆိုတာ လောလောဆယ် မရှိသေးဘူး။ ဒါပေမဲ့ နိုင်ငံတကာမှာ ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီး အင်မတန် ဟိုဟာဖြစ်နေတဲ့ ခေါင်းစဉ်ကြီးတခုကဆိုရင် မှေးမှိန်သွားတယ်ဆိုတဲ့ သဘောကိုတော့ ကြုံရတာပေါ့။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အခုလောလောဆယ်မှာတော့ ရဲတွေရဲ့ အလွန်အကျွံ ရိုက်နှက်စစ်ဆေးမှုတွေကို နိုင်ငံတကာက အများကြီး ရှုတ်ချနေပါတယ်။

ဦးမင်းအောင် ။ ။ ရဲတွေရဲ့ အလွန်အကျွံ ရိုက်နှက်နေမှုကတော့ ကျနော်တို့ သင်တန်းတွေ လုပ်ပေးရမယ့် အနေအထားရှိနေပါတယ်။ လူ့အခွင့်အရေး သင်တန်းမျိုးတွေကို ဒီလိုနေရာတွေမှာ ပို့ချပေးရမယ်။ အခုလောလောဆယ်မှာ ကုန်ခဲ့တဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စစ်တွေခရိုင်ရုံးမှာနေပြီးတော့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဝန်ထမ်းပိုင်းတွေကို လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ သင်တန်းတွေ နှစ်ရက်သုံးရက် ပို့ချခဲ့တယ်။ ဒီလို သင်တန်းမျိုးတွေကို အများကြီး ကျယ်ကျယ်ပြန့်ပြန့် ပို့ချဖို့တော့ လိုအပ်နေတယ်လို့တော့ တွေ့ရတယ်။

ဦးကျော်ဇံသာ ။ ။ နိုင်ငံရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ မေးချင်တဲ့ကိစ္စ တခုရှိပါသေးတယ်။ ဒီရွေးကောက်ပွဲပြီးတော့ ရခိုင်ပြည်နယ်အစိုးရအဖြစ် ဝန်ကြီးချုပ် ရွေးချယ်တဲ့နေရာမှာ ပြည်နယ်အတွင်းမှာ မဲအများဆုံး အနိုင်ရရှိတဲ့ ANP နဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့တယ်။ ပြည်နယ်လွှတ်တော်အတွင်းမှာ ကန့်ကွက်ခဲ့တာတွေ ရှိခဲ့ပါတယ်။ ဆိုတော့ အဲဒီ အစိုးရအဖွဲ့နဲ့ ပြည်နယ်လွှတ်တော်ဆက်ဆံရေးတို့ အဆင်ပြေပါရဲ့လား။

ဦးမင်းအောင် ။ ။ ပြည်နယ်လွှတ်တော်နဲ့ ဆက်ဆံရေးက ပြေလည်တယ်လို့တော့ ပြောလို့မရဘူး။ ဒီ ရခိုင်ပြည်နယ်လွှတ်တော်မှာ NLD က လွှတ်တော်ကိုယ်စားလှယ်အားလုံး (၉) ယောက် ရှိတာပေါ့။ ANP ပါတီက (၂၃) ယောက် ရှိတယ်။ ဆိုတော့ ကိစ္စရပ်တိုင်းမှာ လုပ်ငန်းတိုင်းမှာတော့ NLD က မဲအနည်းနဲ့ပဲ ဖြစ်နေတဲ့ဟာလေးတွေ ကြုံခဲ့ရတာပေါ့။ ကုန်ခဲ့တဲ့တပတ်ကဆို ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်တဲ့ ရခိုင်ပြည်နယ်အတွက် သုံးစွဲဖို့ (၁၁) ဘီလီယန်ကျော်သော် ဖြည့်စွက်ရန်ပုံငွေတွေကို ချပေးလိုက်တာကို ရခိုင်ပြည်နယ်လွှတ်တော်က ဖျက်ပစ်လိုက်တယ်။ အားလုံးကို (၆၄၁) သန်း ဖြတ်ချလိုက်တာတို့ ရှိတယ်။ အခက်အခဲ၊ အကျပ်အတည်း ဖြစ်သွားတာတွေ ရှိတာပေါ့။

ဦးကျော်ဇံသာ ။ ။ လူထုက အခု ဝန်ကြီးချုပ်ဦးညီပု ဦးဆောင်တဲ့ အစိုးရကို ဘယ်လို သဘောထားကြတယ် ထင်ပါလဲ။ လူထုသဘောထားက ကြည်ကြည်ဖြူဖြူ လက်ခံကြတယ်လို့ ယူဆပါလား။

ဦးမင်းအောင် ။ ။ လူထုကတော့ လက်ခံပါတယ်။ ကျနော်တို့ သွားနေလာနေတဲ့ နေရာမှာ ဒီမြို့တွေကို သွားနေတဲ့ နေရာမှာ အကုန်လုံးကနေ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ပေါ်မှာ၊ ကျနော်တို့ တဦးချင်းသွားနေတဲ့ အချိန်တွေမှာ၊ တွေ့ဆုံတယ်နေရာမှာ အကုန်လုံးက ကြည်ကြည်ဖြူဖြူ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နိုင်ငံရေးပြီးတော့ လူမှုရေး၊ ကျန်းမာရေးဘက်ကို မေးချင်ပါတယ်။ ရခိုင်ပြည်နယ်ဟာ ဆင်းရဲနွှမ်းပါးတဲ့အပြင် အထူးသဖြင့် ကျန်းမာရေး စောင့်ရှောက်မှုတွေ သိပ်နှိမ့်ကျတယ်။ ဒီကိစ္စကိုလည်း ဘယ်လောက်အထိ ဖြေရှင်းပေးနိုင်ခဲ့ပါလဲ။

ဦးမင်းအောင် ။ ။ ကျန်းမာရေးကတော့ မြို့နယ်ဆေးရုံတွေမှာ အရင် အစိုးရအဖွဲ့ လက်ထက်တုန်းက စပြီးတော့ ကျန်းမာရေးဘက်ကမှာ ပံ့ပိုးမှုတွေ အများကြီး ရှိပါတယ်။ ရှိလာတဲ့နေရာမှာ ဆေးတွေဝါးတွေ အခမဲ့တွေ အများကြီး လူတွေအတွက် သုံးစွဲလာနိုင်တဲ့ အနေအထားတွေ ရှိခဲ့ပြီပေါ့။ အခုလဲ ရှိပါတယ်။ ဒါပေမဲ့ အခုနလို နှိမ့်ကျတဲ့ အကြောင်းရင်းက အထိအခိုက်များတဲ့ အကြောင်းရင်းက တနေရာနဲ့တနေရာ ကျနော်တို့ဒေသက ဆက်သွယ်သွားလာဖို့ အခက်အခဲ ဖြစ်တယ်။ အဲဒါကြောင့်သာ အချိန်မီ မရောက်နိုင်တဲ့ ဆေးရုံ၊ ဆေးခန်းတွေ မရောက်နိုင်တဲ့ အခက်အခဲမျိုးတွေ။ နောက်ပြီးတော့ ဆေးရုံဆေးခန်အပေါ်မှာ ပညာတတ်မျိုးလူထုမှာတောင် ဆေးရုံဆေးခန်းတွေ သွားချင်တဲ့ မရှိတာတွေ ကြုံရတယ်။ အဲဒီလိုမျိုးတွေက လွန်တော့မှ ရောက်သွားတော့ အခက်အခဲ ရှိတာလေးတွေကို တွေ့ရတယ်။ တခြား ကုသရေးပိုင်းတွေမှာ ခက်ခဲတာတွေ၊ ပြဿနာ ကြုံရတာမျိုးတွေ မရှိဘူး။ ဒီမှာ ဆရာဝန်တွေက မြို့မှာရှိတဲ့ ဆရာဝန်တွေ၊ Nurses တွေရဲ့ အနေအထားကတော့ အကုန်လုံးက ကောင်းမွန်တဲ့ အနေအထားတွေ ရှိပါတယ်။ ကုသရေးပိုင်းတွေမှာ။

ဦးကျော်ဇံသာ ။ ။ လမ်းပန်ဆက်သွယ်ရေး အခုန ခက်ခဲနေတဲ့ လမ်းပန်ဆက်သွယ်ရေးကို ဘာလုပ်ပေးနိုင်ခဲ့ပါလဲ။ (၅) နှစ် စီမံကိန်းထဲမှာ ဘယ်လို ထည့်သွင်းထားပါလဲ။ လမ်းပန်ဆက်သွယ်ရေး တိုးတက်ကောင်းမွန်ရေးကို။

ဦးမင်းအောင် ။ ။ လမ်းပန်ဆက်သွယ်ရေး တိုးတက်ကောင်းမွန်ရေးကတော့ အခုဆိုရင် ပဒမ်း - ဒမ်းအန် - စစ်တွေ အထိကို လမ်းပေါက်နေပြီ။ ဒါပေမဲ့ တချို့နေရာတွေမှာ ကတ္တရားလမ်းတွေ ဖြစ်နေသေးတယ်။ ဒါပေမဲ့ မြောက်ဦး နဲ့ ကျောက်တောကြားမှာတော့ ကုန်တွယ်လမ်း - ဒီနှစ်ဆိုရင် ပြီးသွားနိုင်တဲ့ အနေအထား နွေကုန်ရင်တော့ ပြီးသွားပြီ။ သို့သော် အကုန်လုံးနီးနီး လမ်းမကြီးတွေ၊ မြို့ချင်းဆက်လမ်းတွေ ဖြစ်သွားပြီ။ ကျနော်တို့မှာ ကျေးရွာချိတ်ဆက်လမ်းတွေ အဓိက လိုအပ်နေတယ်။ လာမယ့်နှစ်မှာ ကျေးရွာလမ်းတွေ တော်တော်များများ ပြီးနိုင်အောင်အတွက်လည်း ကျနော်တို့ ထပ်ပြီးတော့ စီမံကိန်းတွေမှာ ရေးဆွဲပြီးတော့ အကောင်အထည်ဖော်ဖို့ ရှိနေပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခု မေးချင်တာက မူးယစ်ဆေးဝါး ပြဿနာဟာ တော်တော်လေး ဆိုးဝါးနေတယ်လို့ သိရပါတယ်။ အဲဒါကိုကော ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဘယ်လို ကိုင်တွယ်ခဲ့ပါလဲ။ တိုးတက်မှု တစုံတရာ မပြနိုင်ခဲ့ဘူးလား။

ဦးမင်းအောင် ။ ။ ပြည်နယ်အစိုးရအဖွဲ့ ကိုင်တွယ်ပြီးတော့ ပြည်နယ်အစိုးရအဖွဲ့အောက်မှာရှိတဲ့ ရဲတပ်ဖွဲ့ ရခိုင်ရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်ချက်တွေနဲ့ပဲ ဖမ်းမိနေတဲ့ဟာလေးတွေ စဉ်ဆက်မပြတ်ရှိတယ်။ အခုန မူးယစ်ဆေးဝါးလုပ်နေတဲ့ သူတွေရဲ့ ချိတ်ဆက်မှုတွေကိုရှာ လိုက်လုပ်မရနိုင်တဲ့ အနေအထားတွေ သွားကြုံနေတယ်။ ဒီကိစ္စတွေက လုံခြုံရေးကိစ္စတွေ ဖြစ်တယ်အခါကြတော့ အကုန်လုံးကို ထုတ်ပြန်ကြေညာလိုက်လို့မရဘူး။

ဦးကျော်ဇံသာ ။ ။ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုလည်း သိပ်အရေးကြီးမယ် ထင်ပါတယ်။ ဒီကိစ္စမှာ အဲဒါကို ဘယ်လောက်အထိ နှိမ်နှင်းနိုင်ပါလဲ။ နောက်တခု ကြားရတယ်။ မြို့သစ်စီမံကိန်း လုပ်တဲ့အခါမှာ လူတွေ ဘယ်သူတွေ ဘယ်သူတွေ နာမည်စာရင်းနဲ့တကွ ဖော်ပြတယ်။ ဘယ်လောက် အလွဲသုံးစား လုပ်တယ်ဆိုတာတွေ။ အဲဒီ အဂတိလိုက်စားမှုတွေ၊ မူးယစ်ဆေးဝါးကိစ္စမှာလည်း ရှိမယ်ထင်ပါတယ်။ ဘယ်လောက် ကာကွယ်နိုင်ခဲ့ပါလဲ။

ဦးမင်းအောင် ။ ။ အဂတိလိုက်စားမှုနဲ့ အဲဒီဟာတွေ အခုဟာက မိလာဖို့ အနေအထားကတော့ မတွေ့မိဖူးဘူးပေါ့။ ဒါက အဂတိမလိုက်စားလို့ မိနေတာလို့ ကျနော်က အဲဒီလိုပဲ သုံးသပ်မိပါတယ်။ ဒါပေမဲ့ မရှိတာတော့ မဟုတ်ဘူး။ အသင့်အတင့်တော့ ရှိတယ်။ ကျနော်တို့ ဒီလုပ်ငန်းတွေကို လုပ်နေတဲ့ လူတွေကိုယ်တိုင်မှာလည်း အထောက်အထားပြနိုင်တဲ့ အနေအထားက မရှိကြဘူး။ အဲဒါမျိုးတွေ ဖြစ်နေတာ။ အရေးယူဖို့ကြတော့ အထောက်အထား ရှိမှသာ အရေးယူလို့ရတာ အနေအထား ဖြစ်တယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံး မေးချင်တာကတော့ ဘာသာမတူတဲ့ လူ့အသိုင်းအဝိုင်းတွေကြား ဖြစ်နေတဲ့ ပဋိပက္ခ ဖြစ်ပါတယ်။ ကျနော် သံတွဲမှာလည်း နေဖူးတယ်။ မောင်းတောမှာလည်း နေဖူးတယ်။ သံတွဲဆိုရင် ဘာသာကွဲတွေကြားမှာ အပြန်အလှန် နားလည်မှုတွေ သိပ်ရှိတယ်။ အခုအခါမှာ အဲဒီလို မဟုတ်ဘဲနဲ့ စိတ်ဝမ်းကွဲမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာပါတယ်။ ပဋိပက္ခတွေလည်း ဖြစ်လာတယ်။ ဒီပြဿနာကို ဘယ်လောက်အထိ ထိန်းချုပ်နိုင်ပါလဲလို့ ရှေ့ကိုမျှော်တွေးမိပါလဲ။ ဘယ်လိုပုံစံမျိုးနဲ့ ဘယ်အချိန်မှာ နှစ်ဘက်ပြန်လည်သင့်မြတ်တဲ့ အနေအထားကို ရောက်နိုင်မယ်လို့ ထင်ပါလဲ။ ရောက်နိုင်မယ့် အလားအလာကိုကော မြင်ပါရဲ့လား။

ဦးမင်းအောင် ။ ။ ရောက်နိုင်ပါတယ်။ ရောက်နိုင်ပါတယ်ဆိုတာကလည်း တယောက်တယောက် အမုန်းပွားတဲ့ စကားတွေနဲ့ အချင်းချင်း ယုံကြည်မှုတွေ ဖြစ်နေတဲ့ လူတွေ ရှိနေကြတယ်။ ဒါပေမဲ့ ဒီနိုင်ငံရေး အခင်းအကျင်းတွေ ပြောင်းလာတာနဲ့အမျှ၊ နားလည်မှုတွေ ရလာတာနဲ့အမျှ ယုံကြည်မှုတွေ တည်ဆောက်လာနိုင်ကြမယ်ဆိုရင်တော့ နားလည်မှု လွှဲနေတာတွေ၊ ပြောင်းလဲသွားနိုင်ပါတယ်။ ဒါပေမဲ့ ချက်ချင်းကြီး အခုပြေလည်သွားမယ်၊ အခုချက်ချင်း ကောင်းသွားမယ်ဆိုတာတို့ မလွယ်နိုင်သေးဘူး။ လူမျိုးရေး ပဋိပက္ခတွေက တဖြည်းဖြည်းချင်း နှစ်ရှည်လများ ကုစားပြီးတော့ တဖြည်းဖြည်းချင်း ပြန်ပြီးပြေလည်သွားမှာ။

ဦးကျော်ဇံသာ ။ ။ အစိုးရအနေနဲ့ ဘယ်လို အားထုတ်မှုတွေ ရှိပါလဲ။ ပြန်လည်ကုစားဖို့အတွက်၊ ပြန်လည်ပြေလည်ဖို့အတွက်။

ဦးမင်းအောင် ။ ။ ပြန်လည်ကုစားဖို့အတွက်က တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ၁၉၈၂ ဥပဒေအရ နိုင်ငံသားစစ်ဆေးပြီးတော့ နိုင်ငံသားဖြစ်ရင် နိုင်ငံသားပေးလိုက်ပေါ့။ နိုင်ငံသားမဖြစ်ရင် မပေးနဲ့ပေါ့။ အဲဒါမျိုး တောင်းဆိုမှု အနေအထားတွေကို ကျနော်တို့လည်း ဒီဘက်က ဖြည့်ဆည်းတဲ့ အနေအထားနဲ့ လုပ်နေတာ ပြည်နယ်အစိုးရအနေနဲ့ ရှိတယ်။ ပြည်နယ် လဝကနဲ့ ပူးပေါင်းပြီးတော့၊ ပြည်ထောင်စု လဝကနဲ့ ပူးပေါင်းပြီးတော့ လုပ်ကိုင်ဆောင်ရွက်နေတာတွေ ရှိတယ်။ ရှိတော့ အဲဒီဟာမှာ နိုင်ငံသားတယောက် ဖြစ်လာပြီ။ နိုင်ငံသား ဖြစ်သွားတယ်ဆိုရင် အကုန်လုံးက လက်ခံနိုင်တဲ့ အနေအထားရှိပြီးဆိုရင် သူကို သွားခွင့်လာခွင့်တွေ ပေးရမယ်။ အဲဒီဟာမှာ နိုင်ငံသားဖြစ်နေတဲ့ လူတွေမှာတောင် အခု သွားခွင့်လာခွင့်တွေ အခက်အခဲတွေ ရှိနေတယ်။ ပုံစံလေးတွေ တောင်းပြီးတော့ သွားနေရတယ်။ အဲဒါမျိုးလေးတွေကို ကျနော်တို့က ပြေလည်အောင် ဖြေရှင်းပေးပြီးတော့ အကုန်လုံး လွတ်လွတ်လပ်လပ်နဲ့ သွားလာနိုင်တယ်ဆိုတဲ့ အနေအထား ဖြစ်လာရင်တော့ တဖြည်းဖြည်းနဲ့ ပဋိပက္ခတွေ ပျောက်သွားမှာပေါ့။

ဦးကျော်ဇံသာ ။ ။ အဲဒီလို သွားလာနိုင်အောင် ကျောက်ဖြူက ကမန်းတွေ ဘာတွေ အဲဒီသူတို့ကိုတောင်မှပဲ နိုင်ငံသား ဖြစ်နေတာပဲ၊ မျိုးဆက်ပေါင်းများစွာ ရှိခဲ့ပါပြီ။ သူတို့ကိုတောင်မှပဲ ခရီးသွားလာမယ်ဆိုရင် မှတ်ပုံတင်နဲ့ မသွားရဘူး။ မှတ်ပုံတင်ကို ပြန်စမ်းစစ်မယ်။ စီစစ်မယ်ဆိုတဲ့ အစီအစဉ် ဘာကြောင့် ဖြစ်လာခဲ့တာလဲ။ အဲဒါကို ချက်ချင်း ဘာကြောင့် မပြင်နိုင်ဘူးလဲ။

ဦးမင်းအောင် ။ ။ ချက်ချင်း မပြင်နိုင်ဘူးဆိုတဲ့ အနေအထားကလည်း မယုံကြည်လို့ပေါ့။ ယုံကြည်မှု မရှိတဲ့ ဌာနဆိုင်ရာတွေ ဖြစ်နေတာပါမယ်။ တကယ်လုပ်ပေးလိုက်ရင် ကိုယ့်ကို ပြည်သူတွေက ပြန်ပြီးတော့ အဆိုးပြောမယ်၊ မကောင်းပြောမှာပေါ့။ အဲဒါမျိုးတွေကို ခံစားနေကြတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ရှိကြတဲ့အခါကြတော့ တကယ်စစ်ဆေးလိုက်လို့ သူတို့ရဲ့ စစ်ဆေးမှုအရ ဖြစ်ချင်တဲ့ ဥပဒေနဲ့ ကိုက်ညီတဲ့ နိုင်ငံသားပေးနိုင်တဲ့ အနေအထားရှိတယ်။ ဒါပေမဲ့ သူတို့ မြို့တွေမှာ မပေးကြဘူး။ မပေးကြဘူးဆိုတာ အခုနလလို ရခိုင်တိုင်းရင်းသားတွေက အဲဒါကို ရှုံချမှာတို့ အဲဒါမျိုးတွေ ဖြစ်မှာကို ကြောက်ပြီးတော့ မပေးပြန်ဘူး။ အဲဒါမျိုးတွေ ဖြစ်ပြီးတော့ ယုံကြည်မှုတွေ မရှိတာ ဖြစ်နေတယ်။

XS
SM
MD
LG