သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလုံခြုံရေး အကြံပေး ဘင်္ဂလားဒေ့ရှ် သွားမည်


 မြန်မာနိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်း
မြန်မာနိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်း

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို မြန်မာပြည် ပြန်ပို့ရေးကိစ္စ အပါအဝင် နှစ်နိုင်ငံအကြား ဖြေရှင်းရ ခက်ခဲနေတဲ့ ကိစ္စရပ်တွေအပေါ် အမြင်ခြင်း ဖလှယ်ကြဖို့ မြန်မာနိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို နောက်သတင်းပတ်ထဲမှာ ရောက်လာဖို့ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အာ မာမွတ်အာလီတို့ ဇူလိုင်လ ၃ရက်နေ့မှာ ဆွေးနွေးပွဲ ကျင်းပဖို့ရှိတယ်လို့ ဘင်္ဂလားဒေ့ချ် အရာရှိတွေက ပြောပါတယ်။

ဦးသောင်းထွန်းရဲ့ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်အတွင်း ဝန်ကြီးချုပ် ရှိခ်ဟာစီနာနဲ့ ဆက်သွယ် စကားပြောဖို့လည်း ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ရှိမြန်မာ အစိုးရဟာ ပြည်တွင်းပြည်ပက ခြိမ်းခြောက်မှု အန္တရာယ်တွေနဲ့ပတ်သက်ပြီး အစိုးရနဲ့ သမ္မတကို အကြံပေးတင်ပြဖို့ ပြည်ထောင်စုဝန်ကြီးအဆင့်ရှိတဲ့ အမျိုးသားလုံခြုံရေး အကြံပေးရဲ့ရာထူးကို ပြီးခဲ့တဲ့ ဇန်နဝါရီလက ဖန်တီးခဲ့ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ ခန့်မှန်းချက်အရ ၂၀၁၆ ခု အောက်တိုဘာလ ၉ရက်နေ့က စပြီး ရခိုင်ပြည်နယ်အတွင်း မြန်မာလုံခြုံရေး တပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေကြောင့် လူနည်းစု မွတ်ဆလင် အနည်းဆုံး ၇ထောင့်၄ရာလောက် အိုးအိမ်စွန့်ခွါ ထွက်ပြေး ခဲ့ရတယ်လို့ ဆိုပါတယ်။

ရေရှည်ဖြေရှင်းရမယ့် ရိုဟင်ဂျာ ကိစ္စအပါအဝင် နှစ်နိုင်ငံအကြားရှိနေတဲ့ တခြား ပြဿနာတွေ ဖြေရှင်းရေးမှာ တိုးတက်မှုတွေ ဖြစ်ပေါ်ဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ ဘက်က လိုလားတယ်လို့လည်း ဘင်္ဂလားဒေ့ရှ် အရာရှိကပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း မြန်မာဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်ကို ဘင်္ဂလားဒေ့ရှ် စေလွှတ် ခဲ့ပေမယ့်လည်း ရိုဟင်ဂျာ ဒုက္ခသည်တွေ ဌာနေပြန်ခေါ်ရေး ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေဖို့ ရှင်းလင်းပြတ်သားတဲ့ အခွင့်အာဏာ မရှိခဲ့ဘူးလို့လည်း ဘင်္ဂလားဒေ့ရှ် အရာရှိတွေက သတင်းထောက်တွေကိုပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG