သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UNHCR အကြီးအကဲ မြန်မာခရီးစဉ်အားရကျေနပ်


၆ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်တွင်း ပဋိပက္ခဖြစ်ပွားရာ ဒေသတချို့ကို ကိုယ်တိုင်သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခွင့် ရခဲ့သလို၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခွင့် ရခဲ့တဲ့အပေါ်မှာ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးFilippo Grandi က သူ့ခရီးစဉ်နဲ့ပတ်သက်လို့ အားရကျေနပ်မိတဲ့အကြောင်း ပြောပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာ ခိုလုံနေကြတဲ့ မြန်မာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး မြန်မာအစိုးရနဲ့အတူ အကောင်းဆုံး ပူးပေါင်း ဆောင်ရွက်သွား နိုင်ဖို့ UNHCR မဟာမင်းကြီး Grandi က အကောင်းမြင် မျှော်လင့်တဲ့အကြောင်း ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက ပြောပြပေးပါမယ်။

UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi ဟာ သူ့ရဲ့ ၆ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ဒေသတချို့ကို ကိုယ်တိုင် သွားရောက်ခဲ့သလို၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ဒုက္ခသည်ဆိုင်ရာ အရေးကိစ္စတွေကို ဆွေးနွေးခဲ့တာပါ။ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေရဲ့ ပကတိ အခြေအနေ တွေကို ကိုယ်တိုင် လေ့လာသိခွင့်ရခဲ့ပြီး ဒီဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေနဲ့ စိုးရိမ်ချက်တွေကို မြန်မာအစိုးရ တာဝန်ရှိသူတွေကို ပြန်လည် တင်ပြခဲ့တာဖြစ်ပါတယ်။ ရခိုင်အရေးနဲ့ပတ်သက်လို့ မဟာမင်းကြီး Grandi က အခုလို ပြောသွားပါတယ်။

“ဒီကိစ္စက အင်မတန် ရှုပ်ထွေးတဲ့ နိုင်ငံရေးပြဿနာတခု ဖြစ်ပါတယ်။ ဒါကြောင့် တကယ် လက်တွေ့အကောင်အထည် ဖော်နိုင်တဲ့ အဖြေတခု ရဖို့ လိုပါတယ်။”

ရခိုင်ပြည်နယ်တွင်းက လူမှုအသိုင်းအဝိုင်းတွေအနေနဲ့လည်း စိုးရိမ်ထိတ်လန့်မှုတွေ၊ ယုံကြည်မှု ကင်းမဲ့တာတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေတဲ့ အခြေအနေအောက်မှာ အချင်းချင်း ညီညီညွတ်ညွတ် ရှိကြဖို့ မဟာမင်းကြီး Grandi က တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ပတ်သက်လို့ မဟာမင်းကြီး Grandi အနေနဲ့ အားရကျေနပ်ရခဲ့တယ်လို့ UNHCR ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြောခွင့်ရ Andrew Dusek က ပြောပါတယ်။

“ရခိုင်ပြည်နယ်တွင်း အကြမ်းဖက် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့ ဒုက္ခသည်တွေနဲ့ သူ တွေ့ဆုံခဲ့ပါတယ်။ လူမှုအသိုင်းအဝိုင်း နှစ်ဘက်စလုံးက စိုးရိမ်ချက်တွေ၊ လိုအပ်ချက်တွေကို ကြားခဲ့ရပြီး အဲဒီဒေသတွေက ပကတိ အခြေအနေတွေကို ကိုယ်တိုင် လေ့လာသိရှိခွင့် ရခဲ့တာပါ။ ဒီအခြေအနေတွေကိုတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တခြား ပြည်ထောင်စုဝန်ကြီးတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံတဲ့အချိန်မှာ ပြန်လည် တင်ပြခဲ့ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံက မြန်မာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးနဲ့ ဒီဒုက္ခသည်တွေအရေး အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဆွေးနွေးနိုင်ခဲ့တာကြောင့် မဟာမင်းကြီးအနေနဲ့ သူ့ခရီးစဉ်နဲ့ပတ်သက်လို့ ကျေနပ်မှုရှိပါတယ်။”

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi ဟာ ဒီကနေ့ မြန်မာနိုင်ငံခရီးစဉ်ကို အဆုံးသတ်ပြီး ထိုင်းနိုင်ငံကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ မနက်ဖြန် အင်္ဂါနေ့မှာ ထိုင်းအစိုးရအရာရှိတွေနဲ့ တွေ့ဆုံပြီး မြန်မာဒုက္ခသည်တွေအရေး ဆွေးနွေးဖို့ ရှိသလို၊ အဲဒီနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။

“သူ အခု ထိုင်းနိုင်ငံကို ခရီးဆက်ပြီး အဲဒီမှာ ထိုင်းအစိုးရ အရာရှိတွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး အဲဒီနောက် ဘင်္ဂလားဒေ့ရှ်ကို ခရီးဆက်မှာပါ။ သူ့ရဲ့ခရီးစဉ်ဟာ မြန်မာနိုင်ငံက ဒုက္ခသည်တွေရဲ့ အခြေအနေတွေနဲ့ ဒေသတွင်း ရိုက်ခတ်မှုတွေနဲ့ ပတ်သက်လို့ ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ ကြိုးစားတဲ့ ဒေသတွင်း ခရီးစဉ်တခုဖြစ်ပါတယ်။”

၂ ရက်ကြာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ် အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ဒုက္ခသည်တွေ အရေး ဆွေးနွေးဖို့ ရှိသလို၊ နယ်စပ် ဒုက္ခသည်စခန်းတချို့ကို သွားရောက်နိုင်ဖွယ် ရှိပါတယ်။ သူ့ရဲ့ ဒေသတွင်း ခရီးစဉ်ကိုတော့ ဒီလ ၁၁ ရက်နေ့မှာအဆုံးသတ်မှာ ဖြစ်ပါတယ်။

UNHCR အကြီးအကဲ မြန်မာခရီးစဉ်အားရကျေနပ်
please wait

No media source currently available

0:00 0:03:25 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG