သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၆၆(ဃ) ဖျက်သိမ်းရေး ကုလကိုယ်စားလှယ် အကြံပြု


 Ms.Yanghee Lee နှင့် လွှတ်တော် ဥက္ကဌဟောင်း သူရဦးရွှေမန်းတွေ့ဆုံ
Ms.Yanghee Lee နှင့် လွှတ်တော် ဥက္ကဌဟောင်း သူရဦးရွှေမန်းတွေ့ဆုံ

လွှတ်တော်မှာ ပြင်ဆင်ဖို့ ကြိုးစားနေတဲ့ ဆက်သွယ်ရေး ဥပဒေထဲက ၆၆ ဃကို လုံး၀ ဖြတ်သိမ်းပစ်ဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Dr.Yanghee Lee ဟာ အမျိုးသားလွှတ်တော် ဥပေဒကြမ်းကော်မတီနဲ့ တွေ့ဆုံစဉ်အတွင်း ဆွေးနွေးအကြံပြုခဲ့ပါတယ်။ နေပြည်တော်မှာ ရောက်ရှိနေတဲ့ ကုလအထူးကိုယ်စားလှယ်ဟာ မနက်ဖြန် ဇူုလိုင်လ ၂၁ ရက်နေ့မှာလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်နိုင်တယ်ဆိုပြီး ပြောဆိုနေကြတဲ့ ဆက်သွယ်ရေး ဥပဒေကို အစိုးရသစ်လက်ထက်မှာ လွတ်တော်တွင်း ပြင်ဆင်ရေးဆွဲဖို့ ကြိုးစားနေချိန်မှာပဲ အဲဒီ့ ပုဒ်မထဲက ၆၆ ဃကို လုံး၀ ဖြတ်သိမ်းပစ်ဖို့ ကုလအထူးကိုယ်စားလှယ်က တိုက်တွန်း ပြောဆိုလိုက်တာပါ။ လက်ရှိနေပြည်တော်မှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ဟာ လူ့အခွင့်အရေးကို ထိခိုက်နိုင်တဲ့ ပုဒ်မတွေနဲ့ ပတ်သက်လို့ အမျိုးသားလွတ်တော် ဥပဒေကြမ်း ကော်မတီနဲ့ တွေ့ဆုံစဉ်အတွင်း ဆွေးနွေးခဲ့တယ်လို့ ကော်မတီဥက္ကဌ ဦးဇော်မင်းက ဗွီအိုအေကို ပြောပါတယ်။

“အဓိကတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ၆၆ ဃတွေ စသည်ဖြင့် ဆွေးနွေးကြတာပေ့ါ။ သူ့အနေနဲ့ကတော့ ၆၆ ဃကို ဖျက်သိမ်းချင်တယ်ဆိုတဲ့ဘက်ကနေ သူစဉ်းစားတယ်ပေ့ါ။ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ဘယ်နှခုရှိသလဲ။ ၆၆ ဃကို ဘယ်လိုမြင်သလဲ။ ဆိုတော့ အန်ကယ်တို့လည်း အန်ကယ်တို့ အမြင်ကို ပြောပြလိုက်တာပေ့ါနော်။”

ဒါ့အပြင် Ms.Yanghee Lee ဟာ လွှတ်တော် ဥက္ကဌဟောင်း သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့နဲ့ ဆွေးနွေးခဲ့သလို ဝန်ကြီးဌာနတစ်ချို့နဲ့လည်း တွေ့ဆုံခဲ့တာပါ။ သူမရဲ့ ဒီကနေ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂ မြန်မာပြည်ရုံးခွဲ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအေးဝင်း ပြောတာက

“Dr.Yanghee Lee က ဒီကနေ့မနက်မှာတော့ သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး အဖွဲ့နဲ့ တွေ့တယ်။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ဥက္ကဌ ဦးဇော်မင်း နဲ့လည်းတွေ့တယ်။ အဲဒါပြီးရင်တော့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဒေါက်တာသန်းမြင့်နဲ့လည်း တွေ့တယ်။ ပြီးတော့ သယံဇာတနဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းနဲ့ တွေ့တယ်။ နောက်ဆုံးကတော့ ဒီနေ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးနဲ့တွေ့တယ်။

ထက်အောင်။ ။ Dr.Yanghee Lee ဟာ မနက်ဖြန်မှာလည်း နေပြည်တော်မှာ ရှိနေဦးမှာဆိုတော့ မနက်ဖြန်မှာကော ဘယ်သူတွေနဲ့ ထပ်တွေ့ဖို့ ရှိပါသလဲ။

ဖြေ။ ။ မနက်ဖြန်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံနဲ့ တွေ့ဖို့ရှိပါတယ်။ တခြားသူတွေနဲ့လည်း တွေ့ဖို့ရှိပါတယ်။ မနက်ဖြန်ကျမှ ပြောမှာပါ။”

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟာ သူမရဲ့ ၆ ကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ်ကို ဇူလိုင်လ ၁၀ ရက်နေ့က စတင်ခဲ့ပြီးတော့ မနက်ဖြန်မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။ ဒီအတော်အတွင်း ကရင်ပြည်နယ်ကို ပထမဆုံး အကြိမ် သွားရောက်ခဲ့သလို ရန်ကုန်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ နေပြည်တော်တို့မှာ လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာစောင့်ကြည့်ခဲ့ပါတယ်။ လုံခြုံရေး အခြေအနေကြောာင့် ရှမ်းပြည်နယ်တွင်း နေရာတစ်ချို့ကို သွားရောက်ခွင့် မရသလို သူမရဲ့ ခရီးစဉ်ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင်နဲ့ ပတ်သက်မှု မရှိစေဖို့ အစိုးရက ကြိုတင် အကြောင်းကြားထားပါတယ်။ Ms.Yanghee Lee ကတော့ မြန်မာနိုင်ငံတွင်း နေရာတော်တော်များများမှာ လုံခြုံရေးအခြေအနေတွေ ဆိုးရွားလာနေတာကြောင့် လူ့အခွင့်အရေးအခြေအနေအပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိလာမှာကို စိုးရိမ်မိတဲ့အကြောင်း ပြောဆိုထားပါတယ်။ ကုလအထူးကိုယ်စားလှယ်ဟာ သူမရဲ့ ၁၂ ရက်တာ မြန်မာနိုင်ငံခရီးစဉ် အဆုံးမသတ်ခင်မှာ မနက်ဖြန် ဇူလိုင်လ ၂၁ ရက်နေ့ ညနေပိုင်းမှာတော့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ တစ်ရပ် ကျင်းပသွားဖို့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG