အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFC ခေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီတို့ဟာ အောက်တိုဘာလ ၁၅ရက်နေ့မှာ NCA တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် - ချုပ်ဆိုနိုင်ဖို့အတွက် ယာထားချက်ရှိပေမယ့် UNFC ဘက်က တင်ပြထားတဲ့ အချက် ၈ ချက်ထဲက ၄ ချက်ကို အစိုးရငြိမ်းချမ်းရေးကော်မရှင်ဘက်က ပြန်လည်သုံးသပ်ဖို့ရှိနေတဲ့အတွက် သတ်မှတ်ထားတဲ့ ရက်မှာ လက်မှတ်ထိုးနိုင်ဖို့ အခြေအနေမရှိတော့ဘူးလို့ UNFC ဘက်ကပြောပါတယ်။ အကြောင်းစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFC ခေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီရဲ့ နိုင်ငံရေးဆိုင်ရာညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့တို့ဟာ တနို်င်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့တဲ့ NCA ၂ နှစ် ပြည့်တဲ့ အောက်တိုဘာလ ၁၅ရက်နေ့မှာ လက်မှတ်ရေးထိုးဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီသတ်မှတ်ရက်မှာ လက်မှတ်ထိုးဖို့ အခြေအနေမရှိတော့ဘူးလို့ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေး က ပြောဆိုပါတယ်။
“ဒီကျနော်တို့ အဆိုပြုချက် ၈ ချက်ကိုပေါ့နော် ဆွေးနွေးနေဆဲကာလဖြစ်တယ်ပေါ့လေ။ ဆက်ဆွေးနွေးဖို့ကလည်း အစိုးရဘက်ခြမ်းကလည်း ၁၅ ရက်နေ့ နောက်ပိုင်းဆိုတော့ ဒါကလည်း ဆွေးနွေးမှုမပြတ်တော့ ဒီလာမယ့် ၁၅ ရက်နေ့မှာ ဘယ်လိုမှ ပါဝင်လက်မှတ်ထိုးဖို့ မဖြစ်နိုင်ဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အဆိုပြုချက် ၈ ချက်က လုံးဝမပြတ်သေးလို့ပါ။”
မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်ဘက်က ပြန်လည်သုံးသပ်မှုလုပ်မယ့် အချက်တွေနဲ့ပတ်သက်လို့ နိုင်အောင်မငေး က အခုလိုပြောပါတယ်။
“နံပါတ် ၁ မှာတော့ တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး သဘောထားထုတ်ပြန်ချက်ပေါ့နော်၊ သဘောတူစာချုပ် ထုတ်ပြန်ချက်ကိစ္စမှာတော့ နဲနဲပြန်သုံးသပ်ချင်တယ်ပေါ့ အဲဒီအပိုင်း။ နံပါတ် ၂ မှာတော့ ကျနော်တို့ ပြောထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆိုတာတော့ အဲဒီကိစ္စတပိုင်း၊ နံပါတ် ၃ မှာက ကျနော်တို့ Framework ကိစ္စတွေပါဘာတွေ ပြန်ပြောရမယ့် ကိစ္စပေါ့နော်။ နောက်ပြည်ထောင်စုလွှတ်တော်ကို ဖြတ်ရမယ့်ကိစ္စတွေ ဒါ- Framework နဲ့ သက်ဆိုင်တာပေါ့။”
UNFC က အဆိုပြုတင်ပြထားတဲ့ အချက် ၈ ချက်မှာ သဘောတူညီချက်ရတယ်ဆိုတဲ့ ပထမ အချက် ၄ ချက်ကတော့ အစိုးရနဲ့တပ်မတော်က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း စတင်ကြေညာဖို့၊ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကျင်းပဖို့၊ ၂၁ ရာစု ပင်လုံ ကထွက်ပေါ်လာတဲ့အချက်ပေါ် အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ဥပဒေတွေရေးဆွဲပြဋ္ဌာန်းဖို့ ဆိုတာတွေပါဝင်တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် ကတော့ ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖဲ့ွ ဖြစ်တဲ့ KNU ကရင်အမျိုးသားအစည်းအရုံးနဲ့အတူ လက်နက်ကိုင်အဖွဲ့၈ ဖွဲ့ ဟာ အောက်တိုဘာလ ၁၅ရက်နေ့မှာ NCA လက်မှတ်ရေးထိုးထားခဲ့တာပါ။ ဒီထက်ပိုပြီး ခိုင်မာမှုတွေရှိစေဖို့အတွက် UNFC က အဆိုပြုချက် ၈ ချက် ကို ထပ်တောင်းဆိုထားတာဖြစ်တယ်လို့လည်း နိုင်အောင်မငေး က ပြောပါတယ်။
“ဒီ NCA မှာ ပါတဲ့အချက်အလက်က အားနည်းချက်ရှိတယ်။ နောက် ကျနော်တို့ထပ်ဖြည့်မယ်ဆိုတဲ့ အဲဒီ NCA ထဲက အားနည်းချက်ကို ကျနော်တို့ ပြန်သုံးသပ်ပြီးတော့ ပိုမိုပြည့်စုံခိုင်မာတဲ့ NCA တရပ်ဖြစ်ဖို့အတွက် ထုတ်နှုတ်ပြီးတော့ ဒီ ၈ ချက်အပေါ်မှာ လာပြီးတော့ ကြည့်တာပေါ့လေ။ အဲဒီ ၈ ချက်ကိုပိုပြီး NCA ကိုပိုပြီး ခိုင်မာစေချင်တဲ့သဘောပါ။”
ဆွေးနွေးညှိနှိုင်းဖို့အတွက် ပြန်လည်သုံးသပ်နေတဲ့အချက် ၄ ချက်ထဲမှာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းမျဉ်း၊ တပ်ပိုင်းဆိုင်ရာ ကျင့်ဝတ်၊ တပ်နေရာ ချထားရေးကိစ္စတွေ၊ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီမှာ နိုင်ငံတကာကကိုယ်စားလှယ်တွေပါဝင်ရေးတွေ၊ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA နဲ့ပတ်သက်ပြီး မပြေလည်တာတွေရှိလာရင် နိုင်ငံတကာက ဥပဒေ ပညာရှင်တွေပါဝင်တဲ့ ဖြန်ဖြေရေးကော်မရှင် အဆုံးအဖြတ်ကိုရယူရေးတွေ၊ အကြီးစားသံယံဇာတ ထုတ်လုပ်မှုစီမံကိန်းတွေကို ဒေသခံတွေအပါအဝင် တိုင်းရင်းသားအဖွဲ့တွေနဲ့အတူ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ဖို့ စတဲ့အချက်တွေကို UNFC က တောင်းဆိုထားတာဖြစ်ပါတယ်ရှင်။