သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်ရေးဆိုင်ရာ အဆိုပြုချက်များ နည်းလမ်းရှာဖြေရှင်းဖို့ UNFC တောင်းဆို


သြဂုတ်လ ၁oနှင့်၁၁ ရက်ကျင်းပတဲ့ ခြောက်ကြိမ်မြောက် ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) တို့ ရန်ကုန်မှာတွ့ဆုံခဲ့ကြစဉ် (ဓါတ်ပုံခရက်ဒစ်-နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေး)
သြဂုတ်လ ၁oနှင့်၁၁ ရက်ကျင်းပတဲ့ ခြောက်ကြိမ်မြောက် ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) တို့ ရန်ကုန်မှာတွ့ဆုံခဲ့ကြစဉ် (ဓါတ်ပုံခရက်ဒစ်-နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေး)

တနိုင်ငံလုံးအတိုင်းအတာနဲ့အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ရဲ့ အဆိုပြုထားတဲ့အချက်တွေအားလုံး သဘောတူညီမှုရနိုင်ရေး အစိုးရအနေနဲ့ နည်းလမ်းရှာပေးဖို့ UNFC ဘက်က တောင်းဆိုလိုက်ပါတယ်။UNFC ခေါင်းဆောင်တွေ ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN နဲ့ အစိုးရငြိမ်းချမ်းရေး ကော်မရှင်ကိုယ်စားလှယ်အဖွဲ့တို့ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အပစ်ရပ်ကြေညာနိုင်ရေး ဘယ်လို အကြောင်းအရာတွေ အဓိက ဆွေးနွေးဖြစ်ခဲ့ကြသလဲဆိုတာကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ မဆုမွန် တင်ပြပေးပါမယ်။

အပစ်ရပ်လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေစုဖွဲ့ထားတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)အဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင် (PC)တို့ ပြီးခဲ့တဲ့လ သြဂုတ်လက ရန်ကုန်မှာ ခြောက်ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးတဲ့နောက် NCA စာချုပ်မှာ လက်မှတ်ထိုးနိုင်ဖို့ UNFC ဘက်က တင်ပြတောင်းဆိုထားတဲ့ အချက်တွေထဲက (၄)ချက်ကို သဘောတူခဲ့ကြပါတယ်။

အစိုးရနဲ့တပ်မတော်က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း စတင်ကြေညာပေးဖို့၊ ပင်လုံ စိတ်ဓါတ်နဲ့အညီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ဖို့၊ အစိုးရ-လွှတ်တော်-တပ်မတော် ကိုယ်စားလှယ်တွေပါတဲ့ အစုအဖွဲ့ရယ် တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်တွေ ပါတဲ့အစုအဖွဲ့ရယ်နဲ့ နိုင်ငံရေးပါတီ-တိုင်းရင်းသား ကိုယ်စားလှယ်တွေရဲ့အစုအဖွဲ့ စတဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကျင်းပဖို့၊ ၂၁ ရာစုပင်လုံကနေ ထွက်ပေါ်လာတဲ့ အချက်ပေါ်အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းဖို့ ဆိုတဲ့အချက် (၄)ချက်ကို ငြိမ်းချမ်းရေးကော်မရှင်က သဘောတူခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ စက်တင်ဘာ ၂၅ရက်နေ့မှာတော့ UNFC ခေါင်းဆောင်တွေနဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မှာ တွေ့ဆုံခဲ့ကြပြီးတော့ ဒီဆွေးနွေးပွဲမှာ အစိုးရနဲ့ UNFC တို့ကြား သဘောတူညီခဲ့တဲ့ အချက်(၄)ချက်အပါအဝင် ကျန်အဆိုပြုထားတဲ့အချက်တွေကို ဘယ်လိုသဘောတူညီမှုရအောင် ဆက်ပြီးဆောင်ရွက်ကြမလဲဆိုတဲ့အချက်တွေကို အဓိကထားဆွေးနွေးခဲ့ကြတယ်လို့ ဆွေးနွေးပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ UNFC ရဲ့ တွဲဖက်အတွင်းရေးမှူးဦးထွန်းဇော်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ဒီနေ့တွေ့တာကတော့ ၄ ကြိမ်မြောက် ငြိမ်းချမ်းရေးကေ်ာမရှင်နဲ့ DPN ကြားမှာ တရားဝင်မတွေ့ဆုံခင်မှာပေါ့နော် ညှိနှိုင်းတာဖြစ်ပါတယ်။ UNFC ကနေ အဆိုပြုထားတဲ့ အဆိုပြုချက် ၉ ချက်မှာ ကျနော်တို့ ဆွေးနွေးတယ် ကျန်နေတဲ့အချက်တွေကို ဘယ်လိုအဆင်ပြေအောင်၊ သဘောတူညီမှုရရှိအောင် ဘာလုပ်ကြမလဲပေါ့နော်။ ကျနော်တို့ မျှော်လင့်တာကတော့ ဒီနေ့ ကျနေ်ာတို့ တွေ့ဆုံမှုက ပေါ့နော် ကျန်နေတဲ့အချက်တွေကို ပြေလည်မှုရရှိစေဖို့ သဘောတူညီမှုရရှိစေဖို့ဆိုရင် ဖြေလျော့မှုတွေလုပ်ဖို့လိုတယ်။ အစိုးရတပ်မတော်ဘက်က ပိုပြီးတော့မှ compromise ဆိုတာကတော့ အပေးအယူရှိရမှာပေါ့နော် ညှိညှိနှိုင်းနှိုင်းနဲ့ ဆိုရင် တဖက်ကတော့ ရပ်နေလို့တော့ မရဘူး။ ဒီနေ့လည်းပဲ ကျနော်တို့ဆွေးနွေးမှုကတော့ ထပ်ပြီးတော့မှ နည်းလမ်းရှာဖို့ကို ကျနော်တို့ ညှိနှိုင်းတာပေါ့နော် အဲဒါကို အဲဒါကို နောက်တကြိမ် သတ္တမအကြိမ် တရားဝင်တွေ့ဆုံတဲ့အခါမှာ နည်းလမ်းတွေရှာပေးပြီးတော့မှ ဖြေလျှော့တဲ့ နည်းနာတွေနဲ့ အဖြေရှာနိုင်မလားလို့ ကျနော်တို့ အဲဒီလိုမျှော်လင့်ထားတယ်ပေါ့နော်။”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပစ်ရပ်လက်မှတ်ရေးထိုးနိုင်ရေး UNFC ဘက်က အဆိုပြုထားတဲ့အချက်(၉)ချက် နဲ့ပတ်သက်ပြီး အစိုးရနဲ့ တပ်မတော်ဘက်ကညှိညှိနှိုင်းနှိုင်းနဲ့ ပြေလည်မယ့်နည်းလမ်းတွေကို အဖြေရှာဖို့အရေးကြီးတယ်ဆိုတာကလည်း UNFC ခေါင်းဆောင်တွေဘက်က ဆွေးနွေးခဲ့ကြတယ်လို့ ဦးထွန်းဇော်ကပြောပါတယ်။

“အဓိကတော့ ကျနော်တို့ အဆိုပြုပေးထားတဲ့ အဆိုပြုချက် ၉ ချက်ထဲမှာ ပထမ ၄ ချက်ကတော့ ဆွေးနွေးမှု ပြီးပြီလို့ပြောလို့ရတယ်ပေါ့နော် ဒါပေမယ့် တပြိုင်တည်းမှာပေါ့လေ ဒီနေ့ ကျနော်တို့ဆွေးနွေးတဲ့အခါမှာ ပြီးပြတ်သွားတဲ့ အချက် ၄ ချက်ကနေပြီးတော့ တချက်ချင်းစီကိုပြန်ပြီးတော့မှ ကြည့်တာပေါ့နော် အဓိကတော့ တပ်မတော်ဘက်က NCA အပေါ်မှာ အဓိက မူတည်ပြီးတော့ လုပ်တယ်ပေါ့ဗျာ။ ကျနော်တို့ အဆိုပြုချက် ၉ ချက်ဆိုပြီးတော့ လုပ်တဲ့ဟာက NCA အပေါ်မှာ အဓိက မပြေလည်တဲ့အကြောင်းအချက်တွေကို ဆွဲထုတ်ပြီးတော့မှ ကျနော်တို့ဆွေးနွေးနေတာ ဖြစ်တယ်။ အဓိကတော့ NCA ကိုပိုမိုခိုင်မာစေတဲ့အတွက် ကျနော်တို့လုပ်တာဖြစ်တယ်ပေါ့လေ၊ ဆိုတော့ ဒီနေ့ အဆိုပြုချက် ၉ ချက်ဆွေးနွေးနေတာ ၁၅ လလောက် ရှိလာပြီပေါ့ အစိုးရဘက်ကတော့ အဓိက မူဝါဒကတော့ Flexible ဖြစ်တယ်၊ သို့သော်လည်း တပ်ဘက်ကတော့ သူ့အပေါ်မှာ NCA မှာ ရပ်နေတဲ့ ကိစ္စရှိတယ်။ အဲဒါကတော့ အစိုးရဘက်မှာ အခက်အခဲရှိနေတဲ့သဘောရှိပါတယ်။”

လာမယ့်အောက်တိုဘာ ပထမပတ်ထဲမှာတော့ UNFC တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေ နဲ့ အစိုးရနဲ့ တပ်မတော်ဘက်က ခေါင်းဆောင်တွေ တွေ့ဆုံနိုင်ဖို့ လျာထားစီစဉ်ထားပြီး မူဝါဒပိုင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးနိုင်ဖို့ မျှော်လင့်တယ်လို့လည်း ဦးထွန်းဇော်က ပြောပါတယ်။

“ကျနော်တို့ လာမယ့်အောက်တိုဘာ ပထမပတ်ထဲမှာတော့ ကျနော်တို့လျာထားပါတယ်။ ပထမပတ်နဲ့ ဒုတိယပတ် ကြားထဲမှာလည်း ဖြစ်နိုင်ပါတယ် ၂ ဖက်ပေါ့လေ UNFC ခေါင်းဆောင်တွေနဲ့ အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ပြီးတော့ နည်းလမ်းရှာနိုင်ရင်လည်းကောင်းတယ်လို့ မြင်ပါတယ်။ အဓိကတော့ မူဝါဒ လိုင်းချပေးနေတာကတော့ နိုင်ငံတော်အတိုင်ပင်ခံနဲ့ ကာချုပ်တို့ဖြစ်ပါတယ်။ သူတို့ဘက်က ထူးခြားမှုမရှိရင်လည်း ငြိမ်းချမ်းရေးကော်မရှင်က ဆွေးနွေးတာပဲရှိတယ်ပေါ့လေ၊ ကျနော်တို့ အဖြေမထွက်ဘူးပေါ့ ၊ အကယ်၍မူဝါဒ ချမှတ်တဲ့ နိုင်ငံအကြီးအကဲ အစိုးရခေါင်းဆောင်တွေနဲ့ UNFC ကခေါင်းဆောင်တွေ တွေ့နိုင်တယ်ဆိုရင် ဒါကတော့ အခွင့်အလမ်းတခုတော့ရမှာပေါ့နော်။ အဲဒီမှာ ၂ ဖက်ခေါင်းဆောင်တွေ ပြေပြေလည်လည် တချို့ကိစ္စတွေ မူဝါဒတွေ ညှိနိုင်တယ်ဆိုရင်တော့ ကျနေ်ာတို့ ဆွေနွေးပွဲပေါ်မှာအများကြီးအထောက်အကူပြုမယ်လို့ ကျနော်တို့မျှော်လင့်တယ်။”

လာမယ့် သတ္တမအကြိမ်မြောက် တရားဝင်ဆွေးနွေးပွဲမတိုင်ခင် ကြိုတင်ညှိနှိုင်းဆွေးနွေးတဲ့ ချင်းမိုင်က အစည်းအဝေးမှာတော့ မြန်မာအစိုးရငြိမ်းချမ်းရေး ကော်မရှင်ဘက်က ဦးအောင်စိုး၊ ဦးလှမောင်ရွှေ ဦးဆောင်တက်ရောက်ပြီး UNFC ဘက်ကတော့ တိုင်းရင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ခူဦးရယ်၊ နိုင်အောင်မငေး၊ စဝ်ဆေအွန်၊ နိုင်ရွှေသိန်း၊ စိုင်းဟတ်ဟန်၊ ဦးထွန်းဇော်၊ ဦးမင်းထွန်း နာဗစ်ဘွန် နဲနယ်ဖလိုးစတဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG