သုံးရလွယ်ကူစေသည့် Link များ

ပလက်ဝ စစ်ရှောင်ပြည်သူတွေအတွက် စာနာမှုအကူပံ့ပိုး


AA တပ် (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဒေသမှာ ဒီလ ၁၅ရက်နေ့ကစတင်ပြီး တိုက်ပွဲတွေ အတန်အသင့်ငြိမ်သက်နေခဲ့ပြီး မိမိနေရပ်ကို စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ရှောင်ပြည်သူတွေ အတွက် စားနပ်ရိက္ခာနဲ့ ကူညီထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်နေပါတယ်။ အစိုးရဖက်က ကောက်ယူရရှိတဲ့စာရင်းအရ ဒုက္ခသည်ဦးရေ ၃၀၀ကျော်ရှိကြောင်း ပြောဆိုထားပြီး ရခိုင်လက်နက်ကိုင်ဖက်ကတော့ ထပ်မံထွက်ပြေးနေသူတွေ ရှိကြောင်း ပြောပါတယ်။ ပလက်ဝဒေသဖက်က နောက်ဆုံးအခြေအနေကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ချင်းပြည်နယ် ပလက်ဝဒေသဖက်မှာ ဒီလဆန်းတည်းက တိုက်ပွဲတွေစတင်ခဲ့ရာက ရက်သတ္တ ၂ပတ်ကြာမြင့်ခဲ့တဲ့နောက် ဒီရက်ပိုင်းအတွင်းမှာ တိုက်ပွဲတွေ ရပ်တန့်နေခဲ့ပါတယ်။

ဒီကနေ့မှာတော့ တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ ဒေသခံတွေကို ကူညီထောက်ပံ့ဖို့အတွက် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါက်တာ ကိုကိုနိုင်က ပြောပါတယ်။

“ ပလက်ဝမှာ ကျနော်တို့ သွားပြီးတော့တော့ ထောက်ပံ့နေပြီ။ ၃၀၀ကျော်ကို ကျနော်တို့သွားပြီးထောက်ပံ့နေပြီ။ ချင်းက ပြည်နယ်ဦးစီးမှုးသွားနေတယ်။ ဒီနေ့သွားနေတယ်။ အဲဒီမှာ ၃၀၀ကျော် ထပ်တိုးမရှိဘူး တဲ့။ ”

ဒုက္ခသည်တွေအတွက်ကို ချင်းပြည်နယ်အစိုးရ ပလက်ဝမြို့ခံတွေက ရိက္ခာဆန်၊ ဆေးဝါးနဲ့ အ၀တ်အထည်တွေပို့ဆောင်ခဲ့သလို ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်ရဲ့ ပရဟိတအဖွဲ့ကလည်း ဒီမနက် လိုက်ပါသွားကြောင်း ပလက်ဝမြို့က ကူညီထောက်ပံ့ရေးဆောင်ရွက်နေသူတဦးက ပြောပါတယ်။

AA ခေါ် ရခိုင်လက်နက်ကိုင်အဖွဲ့က ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ ပလက်ဝဒေသက လက်ရှိအခြေအနေကို အခုလို ပြောပါတယ်။

“ တိုက်ပွဲကတော့ လောလောဆည် တန့်နေတယ်ဗျ။ ၁၅ရက်နေ့ကတည်းက တိုက်ပွဲက နည်းနည်းတန့်သွားတယ်။ တိုက်ပွဲတွေမဖြစ်ပေမဲ့လည်း ၁၅ရက်နေ့မှာတော့ ဗမာ့တပ်မတော်ရဲ့ ခမရ ၃၇၇က ပွီးလိုင်ဝရွာသစ်ကို မီးရှို့လိုက်တယ်ဗျ။ အိမ်ခြေ ၅၀ကျော်လောက်ပါသွားတယ်။ အခုဆိုရင် အဲဒီ တိုက်ပွဲဖြစ်တဲ့ဒေသကနေ စစ်ရှောင်ပြည်သူတွေကလည်းပဲ ကျနော်တို့ ထိန်းချုပ်တဲ့ဒေသထဲကို ၅ရာကျော် ၆ရာနီးပါလောက် ရောက်နေကြပြီဗျ။ ”

ပွီးလိုင်ဝရွာမီးရှို့ခံရတဲ့သတင်းကိုတော့ သီးခြားအတည်ပြုချက်မရပါဘူး။

ပလက်ဝမြို့က ကူညီရေးဆောင်ရွက်နေသူကလည်း ဒီသတင်းကို အတည်ပြုလို့ မရသေးကြောင်း အခုလို ပြောပါတယ်။

“ ကြားထားတယ်ဆိုတာကတော့ ခုနကလိုမျိုး မီးရှို့ခံရတယ်ဆိုတာ အဲလိုမျိုးကြားတာပေါ့။ ဒါပေမဲ့ အဲဒီသတင်းက ဟုတ်မဟုတ်ဆိုတာကို ဖုန်းလှမ်းပြီးမှ အဆက်အသွယ်လုပ်ကြည့် ဖို့ လုပ်တာပေါ့။ ဖုန်း အဆက်အသွယ် မရဘူးပေါ့။ ဖုန်းကလည်း အခုရက်ပိုင်း သူတို့က ဖုန်းလိုင်းပိတ်ထားတယ်။ လုံခြုံရေးအနေအထားကြောင့်လားမသိဘူး။ အဲလို ဖြစ်နေတာ။ အဲတော့ အဲဒီရွာတွေကို ကျနော်တို့က လှမ်းပြီးမှ ချိတ်လို့ မရဘူးဖြစ်တာ။ ဟုတ်မဟုတ် ဆိုတာလေ။ ”

ဒီလ ၈ရက်နေ့က ပလက်ဝမြို့နယ် နှုံးဘူးကျေးရွာအနီး ဖြစ်ပွားတဲ့ တိုက်ပွဲမှာတော့ ရခိုင်တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အသက် ၂၁နှစ်အရွယ် စက်မှုလက်မှုသိပ္ပံ ဒုတိယနှစ်ကျောင်းသားတဦး သေဆုံးပြီး အမျိုးသမီး ၃ယောက် ထိခိုက်ဒဏ်ရရှိကြောင်း အစိုးရဖက်က သတင်းထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝနယ်အတွင်းမှာ တိုက်ပွဲတွေကြောင့် မတည်မငြိမ်ဖြစ်နေလို ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာလည်း ဗုံးပေါက်ကွဲတာတွေနဲ့ ဗုံးတွေရှိတာတွေကြောင့် လုံခြုံရေးတိုးမြှင့်ထားရပါတယ်။

ဒီလ ၁၆ရက်နေ့ကကျောက်တော်မြို့နယ် စစ်တွေ-ရန်ကုန်ကားလမ်းဘေးမှာ လက်လုပ်မိုင်းအချို့တွေ့ရှိ ရှင်းလင်းခဲ့ရကြောင်း ကို ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှုး ရဲမှုးကြီး အောင်မြတ်မိုးက ပြောပါတယ်။

“ မနက်ပိုင်းမှာ တွေ့တာ၊ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းနယ်စပ်မှာပေါ့။ ၈နာရီ ၁၀မိနစ်လောက်မှာ။ ပထမတွေ့တာ ၃လုံး၊ ဒုတိယတွေ့တာ ၁လုံး။ စုစုပေါင်း ၄လုံးပေါ့။ ကားလမ်းမဘေး။ မိုင်တိုင်ပြောမယ် ၂၄၃မိုင် ၁ဖာလုံနဲ့၂၄၄မိုင်ကြား၊ ပထမရက်မှာ မင်းပြားဖက်မှာ မိုင်းတွေ ကွဲတယ်လေ။ အဲဒါနဲ့ပတ်သက်လို့ ကျနော်တို့ နေ့စဉ် ကားလမ်းဘေးဘယ်ညာရှင်းတာပေါ့နော်။ အဲဒီမှာ မသင်္ကာဖွယ်ရာ မြေကြီးပုံတွေ့တဲ့အတွက် ဖော်ထုတ်တဲ့အခါမှာ ပထမ၃လုံးတွေ့တယ်။ ဒုတိယ ၁လုံးတွေ့တယ်။ ၄လုံးဖြစ်တာပေါ့။ အဲတော့ ဒီတပ်မတော်က စစ်မြေပြင် အင်ဂျင်နီယာတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီးတော့ ရှင်းလင်းလိုက်တာပေါ့။ သက်မဲ့ပြုလုပ်လိုက်တာပေါ့။ ၁၀နာရီ ၁၅အချိန်မှာ ပြီးသွားပါတယ်ခင်ဗျ။ ”

ဒီလ ၁၅ရက်နေ့ မနက် ၉နာရီကျော်က မင်းပြားမြို့နယ် ရန်ကုန်-စစ်တွေကားလမ်းမိုင်တိုင်အမှတ် ၈၄/၄ အနီးမှာ မိုင်း ၃လုံးပေါက်ကွဲခဲ့သလို ညနေ ၃နာရီကျော်မှာ မြောက်ဦးမြို့နယ် ရန်ကုန်-စစ်တွေကားလမ်း မိုင်တိုင် ၁၁၆/၃အနီးမှာ မိုင်းတလုံးပေါက်ကွဲခဲ့ပါတယ်။ ဒီပေါက်ကွဲမှု ၂ကြိမ်လုံးဟာ တပ်မတော် ယာဉ်တန်းဖြတ်သန်းစဉ်ပေါက်ကွဲတာဖြစ်ပါတယ်။

ပထမပေါက်ကွဲမှုမှာ တပ်မတော်မော်တော်ယာဉ် ၃စီးကို မိုင်းစထိမှန်တာတွေ ရှိပေမဲ့ တပ်ဖွဲ့ဝင်တွေထိခိုက်တာမရှိကြောင်းနဲ့ ဒုတိယပေါက်ကွဲမှုမှာ မော်တော်ယာဉ်နဲ့ တပ်ဖွဲ့ဝင်တွေ ထိခိုက်တာမရှိပေမဲ့ အနီးအနားက ဖြတ်သန်းသွားတဲ့ သီလရှင်တပါး ခဲစထိမှန်ခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ရက်နေ့ကလည်း ရန်ကုန်-စစ်တွေကားလမ်း မိုင်တိုင်အမှတ် ၉၆အနီးမှာ တပ်မတော်ယာဉ်တန်းဖြတ်သန်းစဉ် မိုင်း၃လုံးဆက်တိုက်ပေါက်ကွဲခဲ့ပါတယ်။

ဒီပေါက်ကွဲမှုတွေနဲ့ပတ်သက်ပြီး တရားခံကို စုံစမ်းဖော်ထုတ်နေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိအခြေအနေမှာတော့ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသဖက်တွေမှာ ARSA ခေါ် အကြမ်းဖက်အဖွဲ့က လှုပ်ရှားတာတွေရှိခဲ့သလို ချင်းပြည်နယ် ပလက်ဝဒေသမှာ AA ခေါ် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့က လှုပ်ရှားတာတွေ ရှိနေပါတယ်။

XS
SM
MD
LG