သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရပ်သားအစိုးရလက်ထက် ဆန္ဒထုတ်ဖေါ်ခွင့် ကန့်သတ်မှုမရှိသင့်ဟု လူ့အခွင့်အရေးလှုပ်ရှားသူတွေ ထောက်ပြ


ဖွဲ့စည်းပုံအခြေခံပြင်ရေး ဆန္ဒပြကြစဉ်။
ဖွဲ့စည်းပုံအခြေခံပြင်ရေး ဆန္ဒပြကြစဉ်။

ဒီမိုကရေစီဖေါ်ဆောင်နေတဲ့ အစိုးရလက်ထက်မှာ အခြေခံလူ့အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖေါ်ခွင့်အပေါ် ကန့်သတ်တာမျိုး မရှိသင့်ဘူးလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်တုန်းကတော့ ရန်ကုန်တိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ရန်ကုန်တိုင်းအတွင်းက ၁၁ မြို့နယ်မှာ ဆန္ဒပြခွင့် မပြုဖို့ သက်ဆိုင်ရာ ရဲဌာနတွေကို ညွှန်ကြားခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ လွတ်လပ်စွာ ဆန္ဒထုတ်ဖေါ်ခွင့်နဲ့ ပတ်သတ်တဲ့ သဘောထားအမြင်တွေကို ကိုအောင်အောင်က မေးမြန်းတင်ပြပေးထားပါတယ်။

ရန်ကုန်တိုင်းအတွင်းက ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ မင်္ဂလာတောင်ညွန့်၊ ဗဟန်း၊ စမ်းချောင်း၊ ဗိုလ်တထောင်၊ ဒဂုံ၊ အလုံနဲ့ ပုဇွန်တောင်မြို့နယ်တွေအတွင်း ဆန္ဒပြခွင့်တောင်းခံလာရင် ခွင့်မပြုဖို့ ရန်ကုန်တိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးအောင်စိုးမိုးက နိုဝင်္ဘာ ၇ ရက်နေ့မှာ အဲဒီမြို့နယ် ရဲစခန်းတွေကို အကြောင်း ကြားခဲ့တာပါ။

အစိုးရအနေနဲ့ ဒီမိုကရေစီဖေါ်ဆောင်ရေး ကြိုးပမ်းနေတဲ့ တချိန်တည်းမှာ အခုလို အခြေခံ လူ့အခွင့်အရေးအပေါ် ပိတ်ပင်သင့်တာမျိုးတော့ မရှိသင့်ဘူးလို့ ညီမျှခြင်းမြန်မာအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ထောက်ပြပါတယ်။

" ကျနော်တို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ထဲမှာ စီတန်းလှည့်လည်ခွင့်လည်း ပါပါတယ် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းက လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး တကယ့်ကို အခြေခံကျတော့ အရာဖြစ်တယ် လူတွေရဲ့ယုံကြည်ချက်နဲ့ အစိုးရရဲ့ လိုအပ်ချက်တွေကို ထုတ်ဖော်ပြောဆိုဖို့အတွက် ဒါ ကောင်းတဲ့နည်းလမ်းဖြစ်တဲ့အတွက် ဒါတွေကို ပိတ်ပင်တားဆီးမှုကို တတ်နိုင်သရွေ့ မလုပ်ရပါဘူး။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ဒါကို အတိအလင်းဖော်ပြထားတယ် ငြိမ်းစုစီ ဥပဒေကိုပြဋ္ဌာန်းပြီးတော့လည်း ဒါတွေကို လုပ်ဆောင်ပေးဖို့ ခွင့်ပြုဖို့အတွက် ရှိထားပြီးချိန်မှာ လူ့အခွင့်အရေးအရ မဖြစ်သင့်သော လုပ်ဆောင်မှုဖြစ်တယ်လို့ ကျနော်ပြောချင်ပါတယ်။"

အများပြည်သူအနေနဲ့ ခရီးသွားလာရာမှာ အနှောက်အယှက်မဖြစ်စေဘို့နဲ့ လမ်းကြော မပိတ်ဆို့ဖို့ရည်ရွယ်ပြီး အဲဒီ ၁၁ မြို့နယ်မှာ ဆန္ဒပြခွင့်မပေးပဲ တာမွေ ဟစ်တိုင်ကွင်းမှာသာ ခွင့်ပြုဖို့ နယ်လုံဝန်ကြီးက ညွှန်ကြားခဲ့တာလို့လည်း ဆိုပါတယ်။

ယာဉ်ကြော မပိတ်ဆို့စေပဲ အများပြည်သူအနေနဲ့လည်း အနှောက်အယှက်မဖြစ်အောင် စနစ်တကျ စီမံပေးဖို့ အာဏာပိုင်တွေမှာ တာဝန်ရှိတဲ့အကြောင်း မုခ်ဦးပညာရေးအဖွဲ့ ညွှန်ကြားရေးမှုး ကိုအောင်မြတ်စိုးက ပြောပါတယ်။

"ကျနော်တို့ လမ်းသွားလမ်းလာတွေကတော့ မြို့တိုင်း နယ်တိုင်းမှာ ရှိကြပါတယ် အဲ့တော့ အဲ့တာတွေ အနှောင့်အယှက်မဖြစ်အောင် ဆန္ဒပြတဲ့သူတွေမှာလည်း တာဝန်ရှိသလို သူတို့ရဲ့ ဆန္ဒပြမှုအနေအထားကိုလည်း လုံလုံခြုံခြုံနဲ့ ဒုက္ခအန္တရာယ်မဖြစ်အောင် တာဝန်ရှိတဲ့ အာဏာပိုင်တွေအနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ရမယ့် အနေအထားမျိုးတော့ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆန္ဒပြတယ်ဆိုတဲ့ဥစ္စာက ကိုယ့်ရဲ့ ယုံကြည်ချက်တွေအကုန်လုံးကို ပြည်သူလူထုကိုသိအောင် ထုတ်ဖော်ပြတာ အစိုးရကို မကျေနပ်ရင် အစိုးရကိုဘာကြောင့်မကျေနပ်ဘူးလည်း ထုတ်ဖော်ပြသတဲ့ အနေအထားမျိုးဖြစ်တာကိုး အဲ့ဒီ့တော့ ဆန္ဒပြတယ်ဆိုတာ လူများများသိတဲ့နေရာတွေမှာ ဆန္ဒပြကြတာပဲလေ။"

ရန်ကုန်မြို့နေ မမေချိုကတော့ အချက်အချာကျတဲ့ ရန်ကုန်မြို့လည်လို နေရာမျိုးတွေမှာ ဆန္ဒပြထုတ်ဖေါ်ရတာဟာ ပိုအဆင်ပြေတယ်လို့ပြောပါတယ်။ တခြားမြို့နယ်တွေက ဆန္ဒပြသူတွေနဲ့ သတင်းမီဒီယာတွေအားလုံးလည်း အလွယ်တကူ လာရောက်နိုင် တာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။ အခုလို ညွှန်ကြားချက်ကို ပြန်လည်ပြင်ဆင်လိမ့်မလား ဆိုပြီးတော့လည်း သူက မျှော်လင့်နေတာပါ။

" အများစုက သိထားကြတာက ခေတ်အဆက်ဆက်က မြို့တော်ခမ်းမရှေ့ကိုပဲ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်တဲ့နေရာလို့သိထားကြတာလေ တာမွေဟစ်တိုင် ဆိုတာက တချို့တွေဆို အခုမှတောင် ကြားဖူးတာပေါ့ အဲ့ဒီ့အတွက်ကြောင့်မို့ ပြည်သူတယောက်အနေနဲ့ဆိုရင်တော့ မြို့တော်ခမ်းမရှေ့ပိုအဆင်ပြေတယ်။ ဒါပေမဲ့လည်း အခုအချိန်မှာက ပြည်သူအစိုးရ ဒီမိုကရေစီအစိုးရဆိုတော့ ပြည်သူက တင်မြှောက်ထားတဲ့အစိုးရ ဖြစ်လာပြီဖြစ်တယ် ဆိုတော့ အခုက ရန်ကုန်တိုင်းအစိုးရကနေ တိုက်ရိုက်ညွှန်ကြားချက်ထွက်တာမဟုတ်ဘူး ဒါက နယ်လုံဝန်ကြီးက ထုတ်တယ်လို့ သတင်းတွေမှာ တက်လာတယ် အဲ့ဒီ့အတွက်ကြောင့်မို့ အဆင်ပြေအောင်ပေါ့နော် ဒါဟာ ယာယီလား အချိန်ကာလဘယ်လောက်ကြာတဲ့အထိဖြစ်နေမှာလဲစောင့်ကြည့်ရမှာပေါ့။"

ဒီမိုကရေစီဖေါ်ဆောင်နေတဲ့ အရပ်သားအစိုးရလက်ထက်မှာ ရရှိထားပြီးသား အခွင့်အရေးတွေနဲ့ ပတ်သတ်ပြီး ကန့်သတ်လာမှုတွေအပေါ် စိုးရိမ်မိတယ်လို့လည်း သူတို့ရဲ့ သဘောထားတွေကို ပြောကြားပါတယ်။

XS
SM
MD
LG