သုံးရလွယ်ကူစေသည့် Link များ

အာရှ-ဥရောပ ဖောင်ဒေးရှင်း သတင်းထောက်များ ဆွေးနွေးပွဲ သတင်းလွတ်လပ်ခွင့် အမြင်ချင်းဖလှယ်


Asia Europe Journalist Seminar (သတင်းဓာတ်ပုံ - စည်သူနိုင်)
Asia Europe Journalist Seminar (သတင်းဓာတ်ပုံ - စည်သူနိုင်)

ASEM အာရှ ဥရောပနိုင်ငံခြားရေးဝန်ကြီးများအဆင့်ဆွေးနွေးပွဲကို နေပြည်တော်မှာ ကျင်းပဖို့ရက်ပိုင်းပဲလိုတော့ချိန်မှာ အာရှဥရောပဖောင်ဒေးရှင်းက စီစဉ်တဲ့ သတင်းထောက်များဆွေးနွေးပွဲကို စနေနေ့က စတင်ပြုလုပ်ပါတယ်။ မြန်မာနိုင်ငံက သတင်းထောက် ၁၃ ယောက်နဲ့ ဥရောပနိုင်ငံစုံက သတင်းထောက်တွေ အမြင်ဖလှယ်ဆွေးနွေးနေကြပါတယ်။

ASEM အာရှ ဥရောပနိုင်ငံခြားရေးဝန်ကြီးများအဆင့်ဆွေးနွေးပွဲကို နေပြည်တော်မှာ ကျင်းပဖို့ရက်ပိုင်းပဲလိုတော့ချိန်မှာ အာရှဥရောပဖောင်ဒေးရှင်းက စီစဉ်တဲ့ သတင်းထောက်များဆွေးနွေးပွဲကို စနေနေ့က စတင်ပြုလုပ်ပါတယ်။ စနေ တနင်္ဂနွေနေ့ ၂ ရက်ကျင်းပတဲ့ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက သတင်းထောက် ၁၃ ယောက်နဲ့ ဥရောပနိုင်ငံစုံက သတင်းထောက်တွေ အမြင်ဖလှယ်ဆွေးနွေးနေကြပါတယ်။ ၁၁ ကြိမ်မြောက်ကျင်းပတဲ့ အာရှ ဥရောပသတင်းထောက်များ ဆွေးနွေးပွဲကနေ ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာကို နေပြည်တော်မှာ ကိုယ်တိုင်သတင်းသွားယူတဲ့ မစုမြတ်မွန်က ဆက်ပြီးပြောပါလိမ့်မယ်။

အာရှနဲ့ ဥရောပပြည်သူတွေကြား အပြန်အလှန်နားလည်မှုတွေ ပိုရှိလာစေရေးအတွက် တည်ထောင်ထားတဲ့ Asia Europe Foundation, ASEF ရဲ့အစီအစဉ်နဲ့ အာရှ ဥရောပသတင်းထောက်များ ဆွေးနွေးပွဲကို နေပြည်တော်မှာ စနေနေ့က စတင်ပါတယ်။ ASEM အာရှ ဥရောပဆွေးနွေးပွဲတွေထဲက တခုဖြစ်တဲ့ ဒီသတင်းထောက်များဆွေးနွေးပွဲမှာ မြန်မာနိုင်ငံကသတင်းထောက် ၁၃ ယောက်ပါဝင်တယ်လို့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုညွှန်ချုပ် ဒေါက်တာသီတာတင်က VOA မြန်မာပိုင်းကိုပြောပါတယ်။

“နိုင်ငံတကာ သတင်းထောက်တွေကတော့ ၂၃ ယောက်ပေါ့နော် နိုင်ငံခြားက လာတယ်။ ကျမတို့ မြန်မာဖက်ကတော့ ၁၃ ယောက်ရှိတယ်ပေါ့နော်။ အမှန်တကယ်ဆိုရင်တော့ သာမန်အားဖြင့်ဆိုရင်တော့ တစ်နိုင်ငံကို တစ်ယောက် နှစ်ယောက်လောက်ပဲ online registration လုပ်ရတယ်။ ကျမတို့ host country ဖြစ်တဲ့အတွက်ကြောင့် ကျမတို့ request လုပ်တယ်။ ကိုယ့်တိုင်းပြည်မှာ host ဒီလို နှစ်တရာလောက်မှ တကြိမ်လုပ်ရတဲ့ ပွဲ ဖြစ်တဲ့အတွက်ကြောင့် မြန်မာတွေ အတွေ့အကြုံရချင်တယ်။ မြန်မာ ဂျာနယ်လစ်တွေ အတွေ့အကြုံရချင်တယ်ဆိုတော့ ကျမတို့ request လုပ်တော့ သူတို့က လိုက်လျောပါတယ်။ ဒါကြောင့်မို့ အခုချိန်မှာ မြန်မာ ဂျာနယ်လစ် ၁၃ယောက်က တက်နေပါတယ် ဒီပွဲကို။”

နိုဝင်ဘာ ၁၈ နဲ့ ၁၉ စနေနဲ့ တနင်္ဂနွေနေ့ ၂ ရက်ကျင်းပတဲ့ ဆွေးနွေးပွဲတွေကို တက်ရောက်ဖို့ စာရင်းပေးထားတဲ့ နိုင်ငံစုံသတင်းထောက်တွေက အင်္ဂလိပ်ဘာသာနဲ့ ဆွေးနွေးကြတာဖြစ်ပါတယ်။ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်တွေအောင်မြင်အောင် ပြည်သူများ သိရှိနားလည်သဘောပေါက်စေရေး အပြုသဘောသတင်းပညာ ဆိုတဲ့ ခေါင်းစဉ်နဲ့ ၁၁ ကြိမ်မြောက် အာရှ ဥရောပသတင်းထောက်များဆွေးနွေးပွဲကို ကျင်းပနေတာပါ။ နိုင်ငံတကာသတင်းထောက်တွေနဲ့ အမြင်ချင်းဖလှယ်ဆွေးနွေးကြတဲ့ ခုလိုပွဲမျိုးက မြန်မာနိုင်ငံမှာ လွတ်လပ်ခိုင်မာတဲ့ သတင်းမီဒီယာဖြစ်ဖို့ အထောက်အကူဖြစ်တယ်လို့ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးသီဟစောက မြင်ပါတယ်။

“ကျနော်တို့က တကယ်တမ်းပြောရရင် ကျနော်တို့ မြန်မာနိုင်ငံက သတင်းမီဒီယာပေါ့နော်၊ သတင်းမီဒီယာလောက၊ သတင်းလောကပဲဆိုပါစို့။ အဲဒီကောင်က တကယ် strong independent media ဖြစ်လာစေချင်တယ်။ ဖြစ်လာဖို့လည်း လုပ်ရမှာတွေ အများကြီးရှိတယ်။ နိုင်ငံတကာနဲ့ ဆက်ဆံရမယ်။ ဒီလိုပွဲတွေ လုပ်ရမယ်။ ကျနော်တို့လည်း နိုင်ငံခြားသွားရမယ်။ အဲဒီတော့ နိုင်ငံတကာဆက်ဆံရေးတွေ တိုးမြှင့်ဖို့လိုတယ်လို့ ကျနော် ထင်တယ်။ ကျနော်တို့ဆီမှာ ရှိတဲ့ မီဒီယာတွေက strong 4th estate ဖြစ်တယ်ဆိုတာကို သက်သေပြဖို့ လိုမယ်လို့ ထင်တယ်။ အဲဒီတော့ ဒီလိုပွဲမျိုးတွေက လိုအပ်ပါတယ်။”

ဂျာမနီနိုင်ငံ ဘာလင်မြို့မှာအခြေစိုက်တဲ့ သတင်းထောက် Yermi Brenner ကလည်း ဆွေးနွေးပွဲကနေ ရတဲ့အကျိုးကို VOA ကိုခုလိုပြောပြပါတယ်။

“သတင်းထောက်တယောက်အနေနဲ့ တခြားနိုင်ငံတွေက သတင်းထောက်တွေနဲ့တေ့ွဆုံပြီး အပြန်အလှန်လေ့လာခွင့်ရတယ်။ ကိုယ်နေ့စဉ်ကြုံတွေ့နေရတဲ့ ကိစ္စတွေမှာ ဘယ်လိုစိန်ခေါ်မှုတွေရှိတယ်။ ဘယ်လိုမျိုးက အလုပ်ဖြစ်တယ်။ မဖြစ်ဘူး။ နောက်ကိုယ့် ဆောင်ရွက်မှုတွေ ပိုကောင်းအောင် ဘယ်လိုလုပ်နိုင်မလဲဆိုတာကို အပြန်အလှန်သိခွင့်ရပါတယ်။ ကျွန်တော်တို့သတင်းထောက်တွေရဲ့ အလုပ်ကသိပ်အရေးကြီးပါတယ်။ ကမ္ဘာ့နေရာလိုက်ပြီး လုပ်ကိုင်ပုံခြင်း။ စိန်ခေါ်မှုခြင်းလည်း မတူကြပါဘူး။ အခုလိုတယောက်နဲ့တယောက် တေ့ွဆုံဆွေးနွေးခွင့်ရတာမပြောပါနဲ့ နေ့လည်စာစားရင်း ထမင်းဝိုင်းမှာ စကားတွေပြောကြရင်းနဲ့တောင် တယောက်အကြောင်း တယောက်ပိုသိခွင့်ရပါတယ်။ ကျွန်တော့်လိုသတင်းသမားတယောက်အတွက်တော့ အများကြီးအကျိုးရှိပါတယ်။”

ရခိုင်ပြည်နယ်မြောက်ပိုင်းပြဿနာကြောင့် နိုင်ငံတကာသတင်းမီဒီယာတွေက မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားနေချိန်မျိုးမှာ မြန်မာသတင်းထောက်ထောက်တွေနဲ့ ဆွေးနွေးပြောဆိုခွင့်ရတဲ့အတွက်လည်း မြန်မာသတင်းထောက်တွေရဲ့ အမြင်ကို သိခွင့်ရတယ်လို့ ဂျာမန်သတင်းထောက်က ဆိုပါတယ်။

“ကျွန်တော်နဲ့ စကားပြောဖြစ်တဲ့ သတင်းထောက်တချို့က သူတို့ရဲ့ အကြောင်းအရာအားလုံးအပေါ် သူတို့အမြင်တွေကို သိပ်ကိုတက်တက်ကြွ ပြောကြတာမြင်ရတော့ ကျွန်တော်သိပ်ကိုအံ့သြရပါတယ်။ အထူးသဖြင့် အခုဖြစ်နေတဲ့ ရိုဟင်ဂျာပြဿနာနဲ့ပါတ်သက်လို့ ပြောချင်ကြမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်ထားခဲ့တာပါ။ ဒီကိစ္စမပြောချင်ဘူးလို့ ငြင်းကြမယ်လို့ ကျွန်တော်ထင်နေခဲ့တာပါ။ ဒါပေမဲ့ သူတို့က ဒီကိစ္စအပေါ် ကျွန်တော်ရဲ့အမြင်ကိုမေးကြတယ်။ သူတို့ရဲ့အမြင်တွေကို ပြောပြကြတော့ ကျွန်တော်သိပ်ကိုအံ့သြရပါတယ်။ ဒီကိစ္စနဲ့ပါတ်သက်လို့ သူတို့က ပွင့်ပွင့်လင်းလင်းဖြစ်စေချင်တာ သိရတာ သိပ်ကောင်းပါတယ်။”

အာရှနဲ့ ဥရောပသတင်းထောက်တွေရဲ့ ဆွေးနွေးပွဲကနေ နောက်ပိုင်း တယောက်နဲ့ တယောက်ချိတ်ဆက်ပြီး သတင်းတွေရေးသားတဲ့နေရာမှာ အထောက်အကူ ဖြစ်နိုင်တယ်လို့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုညွှန်ချုပ် ဒေါက်တာသီတာတင်ကလည်း ပြောပါတယ်။

“ဒီလို လုပ်တဲ့အတွက်တော့ ဘာပဲဖြစ်ဖြစ် open up ပိုပြီး ဖြစ်လာတယ်။ နိုင်ငံတကာပေါ့ ဥပမာ အာရှ ဥရောပ ဂျာနယ်လစ်တွေက ဒီမှာ လာပြီးတော့ ကျမတို့ မြန်မာနိုင်ငံက ဂျာနယ်လစ်တွေနဲ့ ဒီ exchange of knowledge တွေ၊ experience တွေ share လုပ်တဲ့အခါကျတော့ သူ့ရဲ့အတွေ့အကြုံ၊ ကိုယ့်ရဲ့ အတွေ့အကြုံ၊ ကိုယ့်ရဲ့ အခြေအနေ၊ ကိုယ့် ရှိတာတွေ၊ ကိုယ့် မရှိတာတွေ၊ သူ့ ရှိတာတွေကို သူ့ မရှိတာတွေနဲ့ share လုပ်ခြင်းအားဖြင့်လည်း ဗဟုသုတတွေ တိုးတယ်။ နောက်တစ်ခါ ကျမတို့ networking ပေါ့နော်။ တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်နိုင်တယ်။ ဒါဆို ကျမတို့ အပြုသဘောဆောင်တဲ့ လောကကြီးကို ကောင်းဖို့ ဖြစ်စေမယ့်အရာတွေကိုလည်းပဲ သူတို့ ပိုပြီးတော့ ချိတ်ဆက်ပြီး ရေးသားနိုင်မယ်။ အဲဒီတော့ အားလုံးအတွက် အကျိုးရှိမယ်လို့ ကျမ ထင်ပါတယ်။”

ASEM အာရှ ဥရောပနိုင်ငံခြားရေးဝန်ကြီးအဆင့်စည်းဝေးပွဲရဲ့ ဆက်စပ်ဆွေးနွေးပွဲအဖြစ် ခုလိုအာရှ ဥရောပသတင်းထောက်များဆွေးနွေးပွဲကို ကျင်းပတာဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးများဆွေးနွေးပွဲကိုလည်း နေပြည်တော်မှာ နိုဝင်ဘာ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေမှာ ကျင်းပပါလိမ့်မယ်။ တနင်္လာနေ့ဖွင့်ပွဲကျရင် နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG