သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ရောက်ပုပ်ရဟန်းမင်းကြီး မာသာထရီဇာ မိဘမဲ့ဂေဟာလေ့လာ


မာသာထရီဇာ မိဘမဲ့ဂေဟာက ကလေးငယ်တွေနဲ့ ပုပ်ရဟန်းမင်းကြီး (ဒီဇင်ဘာ ၂၊ ၂၀၁၇)
မာသာထရီဇာ မိဘမဲ့ဂေဟာက ကလေးငယ်တွေနဲ့ ပုပ်ရဟန်းမင်းကြီး (ဒီဇင်ဘာ ၂၊ ၂၀၁၇)

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကိုလာရောက်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခရီးဆက်သွားတဲ့ ပုပ်ရဟန်းမင်းကြီးဟာ မာသာထရီဇာ တည်ထောင်ထားခဲ့တဲ့ မိဘမဲ့ဂေဟာကို ဒီကနေ့ စနေနေ့မှာ သွားရောက်ခဲ့ပါတယ်။

သူ့ခရီးစဉ်နောက်ဆုံးနေ့ဖြစ်တဲ့ ဒီကနေ့မှာပဲ မာသာထရီဇာ ဂေဟာကို ပုပ်ရဟန်းမင်းကြီး ရောက်ရှိသွားပြီး ဂေဟာမှာ လှည့်လည်ကြည့်ရှုတော့ ဒီဂေဟာကို ကြီးမှူးတဲ့ Missionaries of Charity ပရဟိတအဖွဲ့က သီလရှင်တွေ အတော်ဝမ်းမြောက်ပျော်ရွှင်သွားကြတာ တွေ့ရပါတယ်။

မာသာထရီဇာ သက်ရှိထင်ရှားရှိစဉ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံကို လာတိုင်း ဒီဂေဟာမှာ နေထိုင်သွားတာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီဂေဟာမှာရှိတဲ့ သီလရှင်တွေ အားလုံးကလည်း မာသာထရီဇာ ရဲ့ အမှတ်အသား အဖြူရောင် ကို အပြာအနားကွတ် သီလရှင်ဝတ်စုံကို ဝတ်ထားကြတာပါ။ မာသာထရီဇာ ဟာ ၁၉၉၇ ခုနှစ်မှာ ကွယ်လွန်သွားတာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ သူတော်စဉ်အဖြစ် ချီးမြှင့် သတ်မှတ်ခံရတာပါ။

သူက ၁၉၇၀ ပြည့်လွန်ခုနှစ်တွေအတွင်း လွတ်လပ်ရေးတိုက်ပွဲမှာ ပါကစ္စတန် စစ်သားတွေ စော်ကားလို့ ကိုယ်ဝန်ရှိကုန်တဲ့ င်္ဘဂါလီအမျိုးသမီးတွေကို ကူညီဖို့ လုပ်ရာကနေ အဆင်းရဲ အနွမ်းပါးဆုံးသူတွေကို ကယ်တင်ဖို့ Missionaries of Charity အဖွဲ့ကို ထူထောင်ခဲ့တာပါ။

ပုပ်ရဟန်းမင်းကြီးက အိပ်ရာထဲလဲနေတဲ့ လူမမာတွေကိုလည်း ကိုယ်တိုင်ကြည့်ရှုပြီး အားပေးစကား ပြောကြားခဲ့ပါတယ်။ နောက်တော့ ပုပ်ရဟန်းမင်းကြီးက ဒီလို လူဦးရေရဲ့ ၉၉ ရာခိုင်နှုန်းကျော် မူဆလင်အများစုနေထိုင်တဲ့ တိုင်းပြည်တပြည်ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ မတူကွဲပြားတဲ့ ဘာသာတွေကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ဆောက်နိုင်တာအတွက် ဒီဂေဟာမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ ချီးကျူးသွားပါတယ်။

မြန်မာနိုင်ငံက ရောက်ရှိလာတဲ့ ရိုဟင်ဂျာ မူဆလင်တွေနဲ့တွေ့ဆုံရတဲ့ ဘာသာပေါင်းစုံတွေနဲ့တွေ့ဆုံပွဲအတွက်လည်း အရမ်းဝမ်းမြောက်မိကြောင်းပြောသွားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG