သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ရောက် ပုပ်ရဟန်းမင်းကြီး ဒုက္ခသည်အရေး ဝိုင်းဝန်းဖြေရှင်းဖို့ တိုက်တွန်း


မြန်မာနိုင်ငံကို ၄ ရက်ကြာသွားရောက်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ အခုအခါမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေပြီး၊ စနေနေ့အထိ ဆက်ပြီးရှိသွားမှာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိနေစဉ်အတွင်း၊ ပုပ်ရဟန်းမင်းကြီးဟာ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဆုံသွားဖို့ ရှိတယ်လို့ ခန့်မှန်းနေကြပေမယ့်၊ ရိုဟင်ဂျာဒုက္ခသည်တွေရှိနေတဲ့ နယ်စပ်ဒေသကိုတော့သွားရောက်မှာမဟုတ်ပါဘူး။ ဒီခရီးစဉ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ပဋိပက္ခတွေမဖြစ်ခင်ကတည်းကစီစဉ်ခဲ့တာဖြစ်ပြီး၊ ပုပ်ခရီးစဉ်ရဲ့ အကျိုးသက်ရောက်မှုပုံစံကြည့်ရတာကတော့ စကားလုံး တလုံးကြောင့် မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ VOA သတင်းထောက် Steve Redisch သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ သူရဲ့ မြန်မာနိုင်ငံ နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုသွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း သံတမန်ရေးအကြပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ အမေရိကန်တို့က လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှုတွေလုပ်နေတယ်လို့ ပြောနေတဲ့ ပြဿနာကို မီးမှောင်ထိုးပြနိုင်ဖို့ ကြိုးစားနေတဲ့တချိန်တည်းမှာပဲ၊ တဘက်မှာလည်း ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို မသုံးမိအောင် ရှောင်ရှားသွားခဲ့ပါတယ်။

"ဒီလို စိုးရိမ်စရာအကြပ်အတည်းကြီးကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ခိုင်မာပြတ်သားတဲ့ဆုံးဖြတ်ချက်တွေနဲ့ ဖြေရှင်းဖို့ သိပ်အရေးကြီးပါတယ်။"

ပြီးခဲ့တဲ့ သြဂုတ်လတုန်းကတော့ ၊ ပုပ်ရဟန်းမင်းကြီးဖရန့်စစ်က ကျနော်တို့ရဲ့ ရိုဟင်ဂျာညီအစ်ကိုမောင်နှမတွေဆိုတဲ့ စကားလုံးကို အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့က နေပြည်တော်မှာ မိန့်ခွန်းပြောကြားခဲ့စဉ်အတွင်းမှာတော့ ပုပ်ရဟန်းမင်းကြီးဟာ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို မသုံးသွားဘဲ၊ တိုင်းရင်းသားလူနည်းစုတွေ နဲ့ လူနည်းစုဘာသာဝင်တွေ အားလုံးပါဝင်နိုင်ရေးအတွက်ကိုပဲ ယေဘုယျသဘောမျိုး မေတ္တာရပ်ခံသွားပါတယ်။

"မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ငြိမ်းချမ်းမှုရှိရပါမယ်။ အဲဒီငြိမ်းချမ်းမှုဟာ လူမှု့အဖွဲ့အစည်းတိုင်းရဲ့ ဂုဏ်သိက္ခာနဲ့ အခွင့်အရေးကိုလေးစားမှုအပေါ် အခြေခံတဲ့ ၊ တိုင်းရင်းသားမျိုးနွယ်စုတခုချင်းစီးရဲ့ ကိုယ်ပိုင်ဝိသေသလက္ခဏာတွေအပေါ် လေးစားတဲ့၊ တရားဥပဒေစိုးမိုးရေးကိုလေးစားတဲ့၊ လူသားအားလုံးရဲ့ ကောင်းကျိုးကို တရားဝင်ဖော်ဆောင်နိုင်ဖို့အတွက်၊ အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီစံတန်ဖိုးတွေကို လေးစားမှုပေါ် အခြေခံတဲ့ ငြိမ်းချမ်းရေးဖြစ်ရပါမယ်။"

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အနေနဲ့ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို အသုံးပြုတာ၊ ဒါမှမဟုတ် ဒီပြဿနာနဲ့ ပတ်သက်ပြီး တိုက်ရိုက်ပြောကြားမယ် ဆိုရင်၊ မြန်မာနိုင်ငံက ခရစ်ယာန်တွေအပေါ် တန်ပြန်အကျိုးဆက်တွေရှိလာမှာကို မြန်မာကက်သလစ်ဘာသာရေးခေါင်းဆောင်တွေက စိုးရိမ်နေကြပြီး၊ ပုပ်ရဟန်းမင်းကြီးကို ရိုဟင်ဂျာဆိုတဲ့စကားလုံးကို အသုံးမပြုဖို့ အကြံပေးခဲ့တာကို ပုပ်ရဟန်းမင်းကြီးက လက်ခံခဲံပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတုံ့ပြန်မှုတွေကလည်း အမျိုးမျိုးပါ။ ဗာတီကန်ပြောခွင့်ရပုဂ္ဂိုလ် Greg Burke ကတော့ - ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံကို သွားရောက်တာဟာ ပေါင်းကူးတည်ဆောက်မှုတွေလုပ်နိုင်ဖို့အတွက်ဖြစ်တယ်လို့ပြောပါတယ်။

"ပုပ်ရဟန်းမင်းကြီးရဲ့ သိက္ခာ၊ သမာဓိတွေ တစုံတရာထိခိုက်ကျဆင်းသွားတယ်လို့တော့ ကျနော်မထင်ပါဘူး။"

ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အစိုးရဝန်ထမ်းတဦဖြစ်တဲ့ Mostak Ahmed အပါအဝင် တချို့လူတွေကတော့ ပုပ်ရဟန်းမင်းကြီးဟာ အခွင့်အရေးကို လက်လွတ်ဆုံးရှုံးခဲ့တယ်လို့ မြင်နေကြပါတယ်။

"ပုပ်ရဟန်းမင်းကြီးဟာ သူမြန်မာနိုင်ငံကိုသွားရောက်ခဲ့စဉ်အတွင်း ဒီကိစ္စကိုမပြောခဲ့ပါဘူး။ တကယ်လို့သာ ပုပ်ရဟန်းမင်းကြီး ညင်းပမ်းနှိပ်စက်ခံခဲ့ရတဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး ပြောခဲ့ရင်တော့ ၊ သူ့အနေနဲ့ မှန်တာကိုလုပ်နိုင်ခဲ့မှာပါ။"

အမေရိကန်အထက်အလွှတ်တော်အမတ် Dick Durban ဟာ မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ပုပ်ရဟန်းမင်းကြီး မသွားခင်ကပဲ သွားထားတာဖြစ်ပါတယ်။ ဒီကိစ္စဟာ ပုပ်ရဟန်းမင်းကြီးအနေနဲ့ ဆုံးဖြတ်ရခက်ခဲစေတယ်လို့ သူက ဗီအိုအေကို ပြောပါတယ်။

"ဒီလိုအငြင်းပွားဖွယ်ရာအသုံးအနှုန်းကို သုံးဖို့ ပါးပါးနပ်နပ်ရှောင်ကြဉ်သွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ အဆုံးတနေ့မှာတော့ သူ့အခုလိုလာရောက်တဲ့အတွက် ဒီဒုက္ခသည်တွေရဲ့ ဘဝတွေရဲ့ ပိုကောင်းလာပါလိမ့်မယ်။ ကျနော်ကတော့ မဝေဖန်ချင်ပါဘူး။"

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ်မှာရှိနေတဲ့ အမုန်းတရားဟာ သူ့အဆိုအရတော့ အနောက်နိုင်ငံသားတွေအတွက် လက်ခံနိုင်ဖို့ခက်ခဲတဲ့အရာတခုဖြစ်တယ်လို့ Durbin က ပြောကြားလိုက်ပြီး၊ သူ့အနေနဲ့ကတော့ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ရပ်တည်ပေးစေချင်တယ်လို့ ပြောပါတယ်။

"သူမအနေနဲ့ ဒီကိစ္စကိုပြောင်းလဲ နိုင်မလား၊ သိပ်တော့မဖြစ်နိုင်ပါဘူး။ သူမကိုယ်တိုင်လည်း ဒါကို ပြောင်းနိုင်စွမ်းမရှိပါဘူး။ ဒါပေမဲ့ သူမအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပိုပြီးပြောသင့်တယ် လုပ်သင့်တယ်လို့ ထင်လားဆိုရင်တော့ ၊ သူ့မအနေနဲ့ အခုထက်ပိုလုပ်နိုင်တယ်လို့ ကျနော်ထင်ပါတယ်။"

စကားလုံး အသုံးအနှုန်းတခုကြောင့် အမုန်းတရားတွေပိုပြီးပွားမှာကို စိုးရိမ်တဲ့အတွက် ကမ္ဘာ့ခေါင်းဆောင် ၂ ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပုပ်ရဟန်းမင်းကြီးတို့ ၂ ယောက်စလုံးဟာ နှုတ်ဆိတ်နေပုံရတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG