သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒုက္ခသည်အရေး ထိရောက်စွာ ကိုင်တွယ်ဖို့ ပုပ်ရဟန်းမင်း တိုက်တွန်း


ဒါကာမြို့တော်ကို ဆိုက်ရောက်လာတဲ့ ပုပ်ရဟန်းမင်းကြီးကို ခရီးဦးကြိုပြုခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် သမ္မတ Abdul Hamid (နိုဝင်ဘာ ၃၀-၂၀၁၇)
ဒါကာမြို့တော်ကို ဆိုက်ရောက်လာတဲ့ ပုပ်ရဟန်းမင်းကြီးကို ခရီးဦးကြိုပြုခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် သမ္မတ Abdul Hamid (နိုဝင်ဘာ ၃၀-၂၀၁၇)

ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မူစလင်ဒုက္ခသည်တွေ အရေးနဲ့ပတ်သက်လို့ ခိုင်မာ ထိရောက်တဲ့ ဆုံးဖြတ်ချက် ချမှတ်ပြီး ဖြေရှင်းကိုင်တွယ်သွားကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်း မိန့်ကြား လိုက်ပါတယ်။ ဒီကနေ့ စတင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်အစမှာပဲ ခုလို မိန့်ကြား လိုက်တာပါ။ ပုပ်ရဟန်းမင်းကြီးခရီးစဉ်ကနေ ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်းကို မီးမှောင်းထိုးပြနိုင်ဖို့ မျှော်လင့်တာတွေ ရှိနေတဲ့အကြောင်း ရိုက်တာနဲ့ အေပီသတင်းတွေကို အခြေခံပြီး မခင်ဖြူထွေးက တင်ပြပေးပါမယ်။

မြန်မာနိုင်ငံခရီးစဉ်အပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကြွချီလာတဲ့ ကက်သလစ်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ သူ့ရဲ့ ခရီးစဉ်အစမှာပဲ မြန်မာနိုင်ငံအတွင်းက အကြမ်းဖက်ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်လို့ သူ့ရဲ့မိန့်ခွန်းအတွင်း ထည့်သွင်း ဟောကြားသွားပါတယ်။ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကိုတော့ တိုက်ရိုက်သုံးနှုန်းမသွားဘဲ၊ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအရေး ကိုင်တွယ်ရာမှာ ထိထိရောက်ရောက် ဆုံးဖြတ် လုပ်ဆောင်သွားဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းသွားပါတယ်။

“ဒီအကျပ်အတည်းကြီးကို ကိုင်တွယ်ဖြေရှင်း နိုင်ဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ အခိုင်အမာ ဆုံးဖြတ် လုပ်ဆောင် သွားကြဖို့ အရေးကြီးပါတယ်။ လူတွေ အများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ အခြေအနေကိုရောက်စေတဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်း ကိုင်တွယ်တာအပြင် ဒုက္ခသည်တွေအတွက် အရေးပေါ် စာနာမှုအကူအညီတွေ ထိထိရောက်ရောက် ပေးနိုင်အောင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရုပ်ဝတ္ထုပစ္စည်း အကူအညီတွေ ချက်ချင်း ပေးအပ်သွားဖို့လည်း အရေးကြီးပါတယ်။”

မြန်မာနိုင်ငံတွင်း အကြမ်းဖက်ပဋိပက္ခတွေကြောင့် ထွက်ပြေးလာကြတဲ့ ဒုက္ခသည် ခြောက်သိန်းကျော်ကို လူသားချင်းစာနာစိတ်နဲ့ လက်ခံပေးထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အထူး ကျေးဇူးတင်ကြောင်းလည်း ပုပ်ရဟန်းမင်းကြီးက ပြောကြားသွားပါတယ်။ ဒါကာမြို့တော်ကို ဆိုက်ရောက်လာတဲ့ ပုပ်ရဟန်းမင်းကြီးကို ခရီးဦးကြိုပြုခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် သမ္မတ Abdul Hamid ကလည်း အခုလို ပြောပါတယ်။

"ကျနော်တို့ပြည်သူတွေဟာ သူတို့ကို နွေးနွေးထွေးထွေး လက်ကမ်းကြိုဆိုပြီး အစားအစာ၊ နေရာထိုင်ခင်းနဲ့ တခြား အခြေခံ လိုအပ်ချက်တာတွေကို မျှေ၀ ကူညီပေးခဲ့ကြပါတယ်။ အရင်းအမြစ် အလုံအလောက်မရှိ… လူဦးရေ သိပ်သည်းလွန်းလှတဲ့ ဒီမြေပေါ်မှာ သူတို့အတွက် နေရာထိုင်ခင်း အဆင်မပြေတာကို သူတို့ကလည်း လက်ခံနားလည်ကြပါတယ်။”

ဒီဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာနဲ့ နေရပ်ပြန်နိုင်ဖို့မှာ အားလုံးက မျှေ၀ တာဝန်ယူ ဆောင်ရွက်သွားကြရမှာ ဖြစ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ်သမ္မတက ပြောသွားပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည် အကျပ်အတည်း ကိုင်တွယ် ဖြေရှင်းရာမှာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ထောက်ပံ့ ကူညီမှုတွေရအောင် ပုပ်ရဟန်းမင်းကြီးအနေနဲ့ သူ့ရဲ့ကြီးမြတ်တဲ့အရှိန်အဝါနဲ့ တိုက်တွန်း ကူညီပေးနိုင်ဖို့ မျှော်လင့်ကြောင်းလည်း ဘင်္ဂလားဒေ့ရှ်သမ္မတ Hamid က ဒီကနေ့ သူ့ရဲ့မိန့်ခွန်းအတွင်း ပြောသွားပါတယ်။

ပုပ်ရဟန်းမင်းကြီးအနေနဲ့ သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာတော့ ရိုဟင်ဂျာ ဒုက္ခသည်အရေးနဲ့ ပတ်သက်လို့ အလေးပေး ရည်ညွှန်း ပြောဆိုသွားခဲ့တာ မရှိပါဘူး။ ဒီအပေါ်မှာ ဝေဖန်ပြောဆိုမှုတွေလည်း ရှိခဲ့တာပါ။ ဒါပေမဲ့ ပုပ်ရဟင်းမင်းကြီးအနေနဲ့ အခု ဘင်္ဂလားဒေ့ရှ် ခရီးစဉ်အတွင်း ရိုဟင်ဂျာ အကျပ်အတည်းကို မီးမှောင်းထိုးပြပြီး အကူအညီတွေ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေတာတွေလည်း ရှိပါတယ်။ ပုပ်ရဟန်းမင်းကြီး ဒါကာမြို့ကို ဆိုက်ရောက်လာချိန် လာရောက် ဖူးမျှော်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား Mohammed Arif ကတော့ ခုလို ပြောပါတယ်။

“မြန်မာအစိုးရ အနေနဲ့ ရိုဟင်ဂျာမူစလင်တွေကို ပြန်ခေါ်ဖို့ သူ တောင်းဆိုလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ် အတွင်းမှာ ဒီကိစ္စကို တိုက်တွန်း ပြောဆိုခဲ့သင့်တာပါ။ အခု ဘင်္ဂလားဒေ့ရှ်နိုင်မှာ ကျနော်တို့ဆီကလူတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီးတဲ့အခါ သူ့အနေနဲ့ မြန်မာအစိုးရကို ရိုဟင်ဂျာတွေ ပြန်ခေါ်ဖို့ နားချနိုင်လိမ့်မယ်လို့ ထင်ပါတယ်။”

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေ ရှိရာကို ကိုယ်တိုင် မသွားရောက်နိုင်ပေမဲ့၊ မနက်ဖြန် သောကြာနေ့မှာတော့ မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တချို့နဲ့ ဒါကာမြို့တော်မှာ တွေ့ဆုံမှာဖြစ်ပါတယ်။ သူ့ရဲ့ သုံးရက်ကြာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်အတွင်းမှာတော့ ဘင်္ဂလားဒေ့ရှ် အစိုးရ အရာရှိတွေ၊ ဘင်္ဂလားဒေ့ရှ် ကက်သလစ်ခရစ်ယာန် ဘာသာဝင်တွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG