သုံးရလွယ်ကူစေသည့် Link များ

ရိုဟင်ဂျာအရေး ထည့်မပြောခဲ့မှုအပေါ် Vatican ရှင်းလင်း

  • ကိုဇော်ဝင်းလှိုင်

ပုပ်ရဟန်းမင်းကြီး Francis က မြန်မာပြည်တွင်းက ဘာသာစုံခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်။ (နိုဝင်ဘာ ၂၈၊ ၂၀၁၇) Osservatore Romano/Handout

မြန်မာနိုင်ငံကို ၄ ရက်ကြာ ဒေသစာရီ ကြွချီလာတဲ့ ပုပ်ရဟန်းမင်းကြီး Francis အနေနဲ့ ရိုဟင်ဂျာ မွတ်ဆလင် ပဋိပက္ခကို ထည့်သွင်း ပြောကြားခဲ့ခြင်းမရှိတဲ့အတွက် ကျင့်ဝတ် သိက္ခာ တရား ယုတ်လျော့သွားစရာမရှိဘူးလို့ ဗုဒ္ဓဟူးနေ့က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဗာတီကန်နန်းတော် ပြောခွင့်ရ Greg Burke က ပြောကြား လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ရှိနေစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးအနေနဲ့ ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရကို ခေါ်ဆိုသုံးစွဲခဲ့ခြင်းမရှိတဲ့အပေါ် ဝေဖန်မှုတွေထွက်နေတာနဲ့ ပတ်သက်လို့ သူက အဲဒီလို တုံ့ပြန် ပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

လူ့ဂုဏ်သိက္ခာနဲ့ အခွင့်အရေး၊ တိုင်းရင်းသားလူမျိုးစုတိုင်းရဲ့ ထုံးစံဓလေ့တွေအပေါ် လေးစားမှုကိုအခြေခံတဲ့ ငြိမ်းချမ်းရေးဟာ မြန်မာနိုင်ငံရဲ့ အနာဂါတ်ဖြစ်တယ်၊ ကာလ ရှည်ကြာဖြစ်နေတဲ့ ပြည်တွင်းပဋိပက္ခတွေနဲ့ ရန်လို မုန်းတီးမှုတွေကြောင့် ကြီးမားတဲ့ ဝေဒနာတွေကို ခံစားခဲ့ကြရတယ်၊ လက်ရှိမှာ ငြိမ်းချမ်းရေးရအောင် ကြိုးပမ်း နေတဲ့ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကြောင့် ဖြစ်လာတဲ့ဒဏ်ရာတွေကို ကျေအေးခြင်းနဲ့ကုသဖို့ဟာ အရေး အကြီး ဆုံး နိုင်ငံရေးနဲ့ ဘာသာရေးလုပ်ငန်းစဉ်ဖြစ်တယ် စတဲ့ ငြိမ်းချမ်းရေးနဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေကို ပုပ်ရဟန်းမင်းကြီး Francis က နေပြည်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုဝင်ဘာ ၂၈ ရက်နေ့က တွေ့ဆုံပြီး မိန့်ခွန်း ပြောကြားရာမှာရော၊ မနေ့က ရန်ကုန် ကျိုက္ကဆံကွင်းမှာကျင်းပတဲ့ လူထုဝတ်ပြု ဆုတောင်းပွဲ အတွင်းမှာရော ထည့်သွင်းပြောကြားခဲ့ပေမယ့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ရိုဟင်ဂျာပဋိပက္ခ အကြောင်းနဲ့ ရိုဟင်ဂျာဆိုတဲ့ဝေါဟာရကို ထည့်သွင်း ပြောဆိုခဲ့ခြင်း မရှိတာကြောင့် ကျင့်ဝတ်သိက္ခာတရား ယုတ်လျော့သွားပြီဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်နေတာပါ။

Pope Francis ရန်ကုန်မြို့ St. Mary's Cathedral မှာ ကက်သလစ်ဘာသာဝင်ဘုန်းတော်ကြီးများနှင့် တွေ့ဆုံစဉ်။
Pope Francis ရန်ကုန်မြို့ St. Mary's Cathedral မှာ ကက်သလစ်ဘာသာဝင်ဘုန်းတော်ကြီးများနှင့် တွေ့ဆုံစဉ်။

အဲဒီလို ဝေဖန်မှုတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ ဗာတီကန်နန်းတော် ပြောခွင့်ရ Greg Burke က ရန်ကုန်မြို့မှာ နိုဝင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း အခုလို တုံ့ပြန် ပြောဆို လိုက်ပါတယ်။

“ရိုဟင်ဂျာ အရေးကိစ္စကို ထည့်သွင်း ပြောဆိုခဲ့ခြင်း မရှိတဲ့အတွက် ပုပ်ရဟန်းမင်းကြီး အနေနဲ့ ကျင့်ဝတ်သိက္ခာ တရား ယုတ်လျော့သွားတယ်လို့ ကျနော် မထင်ပါဘူး။ လူတွေက မဖြစ်နိုင်တဲ့ကိစ္စတွေကို ဖြေရှင်းပေးနိုင်ဖို့ မမျှော်လင့်ကြပါဘူး။ ပုပ်ရဟန်းမင်းကြီးရဲ့ ကျင့် ဝတ် သိက္ခာဟာ လက်ရှိအတိုင်း ဆက်လက် တည်ရှိနေမှာပါ။ သူ့အနေနဲ့ လုပ်စရာ ရှိတာတွေကို ဆက်လုပ်သွားမှာပါ။ ခင်ဗျားတို့အနနဲ့ သူပြောခဲ့တာတွေ၊ မပြောခဲ့ တာတွေ အပေါ် ဝေဖန်လို့ရပါတယ်၊ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး ပုပ်ရဟန်းမင်းကြီးအနေနဲ့ ကျင့်ဝတ်သိက္ခာတရား ယုတ်လျော့သွားမှာ မဟုတ်ပါဘူး။”

ဗာတီကန် သတင်းစာရှင်းလင်းပွဲ
ဗာတီကန် သတင်းစာရှင်းလင်းပွဲ

မြန်မာနိုင်ငံကို ရောက်နေတဲ့ ၄ ရက်ကြာ ခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးအနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ရိုဟင်ဂျာ ပဋိက္ခကို ဘယ်လောက်အထိ လူသိရှင်ကြား ပြောကြားမလဲဆိုတဲ့အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက အလေးပေး စောင့်ကြည့်နေကြတာပါ။

သြဂုတ်လ ၂၅ ရက်နေ့က မောင်တော ဒေသမှာရှိတဲ့ လုံခြုံရေးစခန်း ၃၀ ကျော်ကို အကြမ်းဖက်သမားတွေက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း မြန်မာ့လုံခြုံရေး တပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီးတဲ့ နောက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် ဘက်ကို သူတို့အခေါ် ရိုဟင်ဂျာဒုက္ခသည် ၆ သိန်းကျော် ထွက်ပြေးသွားခဲ့ကြတဲ့ အကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားတာပါ။

ဆီးရီးယားပြည်တွင်းစစ်ကြောင့် ဂရိနိုင်ငံ၊ Lesbos ကျွန်းကို ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို ပြီးခဲ့တဲ့ ဧပြီလလယ်တုန်းက ပုပ်ရဟန်းမင်းကြီး သွားရောက်တွေ့ဆုံ ခဲ့ပေမယ့် မြန်မာနိုင်ငံခရီးစဉ်အတွင်း ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက် ပိုင်းကို ဘာကြောင့် မသွားခဲ့သလဲလို့ သတင်းထောက်တွေက မေးတဲ့အခါ မှာတော့ ဗာတီကန်နန်းတော် ပြောခွင့်ရ Greg Burke က အခုလို ပြန်လည် ဖြေကြားခဲ့ပါတယ်။

“ဒီခရီးစဉ်ဟာ Lesbos ကို သွားခဲ့တဲ့ ခရီးစဉ်နဲ့ မတူပါဘူး။ Lesbos ကို သွားတာက ဒုက္ခသည်တွေကို သွားတွေ့တဲ့ ခရီးစဉ် ဖြစ်ပါတယ်။ ဒီခရီးစဉ်ကတော့ ကျနော်တို့နဲ့ သံတမန် ဆက်သွယ်မှုရှိတဲ့ မြန်မာနိုင်ငံကို လာရောက် လည်ပတ်တဲ့ ခရီးစဉ် ဖြစ်ပါတယ်။ ပြီးတော့ ဒီခရီးစဉ်အတွက် ပြင်ဆင်နေဆဲ ကာလမှာပဲ ဒုက္ခသည်အရေးက ပိုမို ကြီးထွားလာခဲ့တာပါ။ ဟုတ်တယ်မဟုတ်လား?

ဒါဟာ ဒုက္ခသည်ခရီးစဉ်လို့ စီစဉ်ပြီး ထွက်လာတာ မဟုတ်ဘူးလို့ ကျနော် ဆိုလိုချင်တာ ဖြစ်ပါတယ်။ ဒုက္ခသည် တွေ အရေးဟာ ပုပ်ရဟန်းမင်းကြီး အဓိကထား ဆောင်ရွက်နေတဲ့ အကြောင်းရပ်တခု ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်း ကြီးဟာ ဒုက္ခသည်တွေအကြောင်း၊ ရွှေ့ပြောင်း နေထိုင်သူတွေအကြောင်းကို နေ့စဉ်နဲ့အမျှ ပြောဆို နေတာပါ၊ ဒါပေမယ့် ဒီခရီးစဉ်ကတော့ ဒုက္ခသည်တွေကို သွားတွေ့ဖို့ ရည်ရွယ်ပြီး ပြင်ဆင်လာတဲ့ ခရီးစဉ် မဟုတ်ပါဘူး။”

ပုပ်ရဟန်းမင်းကြီး ရန်ကုန်မြို့ကို ဆိုက်ရောက်တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာပဲ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြိုတင် စီစဉ်ထားခြင်းမရှိဘဲ ခရီးရောက်မဆိုက် ပုပ်ရဟန်းမင်းကြီး ကို ရုတ်တရက် သွားရောက် တွေ့ဆုံခဲ့တဲ့အပေါ် သူတို့အနေနဲ့ အံ့အားသင့်ခဲ့ရကြောင်း၊ အဲဒီလို တွေ့ဆုံခွင့်ရဖို့ အတွက် တပ်မတော်ဘက်က တောင်းဆိုလာခြင်းဖြစ်ကြောင်း ခရီးစဉ် ဖြစ်မြောက်ရေး စီစဉ်သူ မြန်မာနိုင်ငံ ကက်သလစ် ဘာသာဝင်အသင်းက တာဝန်ရှိသူတဦးက မနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

ထုံးစံအရကတော့ ပုပ်ရဟန်းမင်းကြီးအနေနဲ့ တခြား အထင်ကရပုဂ္ဂိုလ်တွေနဲ့ မတွေ့ဆုံခင် ရောက်နေတဲ့ တိုင်းပြည်က နိုင်ငံတော် အကြီးအကဲကို အရင်ဆုံး တွေ့ဆုံလေ့ရှိတယ်လို့ ဆိုပါတယ်။

တပ်ချုပ်အနေနဲ့ နိုင်ငံရေး ရည်မှန်းချက်ရှိတယ်လို့ အမြင်ရှိသူတွေအကြား သူ အဲဒီလို ရုတ်တရက် သွားတွေ့ လိုက်တဲ့အပေါ် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။

မနေ့ ဗုဒ္ဓဟူးနေ့မှာပဲ ပုပ်ရဟန်းမင်းကြီးဟာ ရန်ကုန် ကျိုက္ကဆံကွင်းမှာ အများပြည်သူ အတွက် ဝတ်ပြု ဆုတောင်းပွဲ ကျင်းပခဲ့တာမှာ အကြမ်းဖက်မှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဒဏ်ရာတွေ ခံစားနေကြရသူ အများအပြားရှိတဲ့ မြန်မာနိုင်ငံမှာ ခွင့်လွှတ်သည်းခံ ခြင်းနဲ့သာ ဒဏ်ရာတွေ ပျောက်ကင်းအောင် လုပ်နိုင်လိမ့်မယ် လို့ ပြောကြားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ မစ္ဆားတရားကို ကြားနာနိုင်ငံကြဖို့အတွက် မြန်မာနိုင်ငံဒေသစုံက ကက်သလစ်ဘာသာဝင် တွေ အပါအ၀င် ဝတ်ပြုပွဲကို လာကြတဲ့ ပြည်တွင်း ပြည်ပက ဘာသာစုံ ပရိတ်သတ်ပေါင်း ၁ သိန်းခွဲလောက် တက်ရောက်ခဲ့တယ်လို့ ခန့်မှန်းကြ ပါတယ်။ ခက်ခက်ခဲခဲလာကြသူတွေရှိတယ်ဆိုတာကို သူ့အနေနဲ့သိရှိ ကြောင်း လည်း ပုပ်ရဟန်းမင်းကြီးက ဝတ်ပြုဆုတောင်းပွဲအစမှာ ပြောကြားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ပုပ်ရဟန်းမင်းကြီးဟာ နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးတွေနဲ့ တွေ့ဆုံခဲ့ပြီး ဘာသာရေးကို အခြေခံတဲ့ အကြမ်းဖက်မှုတွေကို ဟန့်တားပြီး၊ ဘာသာရေးမှာ မေတ္တာတရားနဲ့ ငြိမ်းချမ်းရေးကို အခြေခံသွားကြဖို့ နှစ်ဖက် ဘာသာရေး ခေါင်းဆောင်တွေက မိန့်ကြား ခဲ့ကြပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၃၀ ရက်နေ့ မနက် ၁၀ နာရီ ၁၅ မိနစ်မှာ ပုပ်ရဟန်းမင်းကြီးဟာ ရန်ကုန်မြို့ St. Mary Cathedral မှာ လူငယ်တွေနဲ့ ဝတ်ပြု ဆုတောင်းပွဲ ကျင်းပပြီး နေ့လည် ၁ နာရီ ၅ မိနစ်မှာ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ခွာမှာ ဖြစ်ပါတယ်။

XS
SM
MD
LG