သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီး ခရီးစဉ်အပေါ် ဘာသာရေးခေါင်းဆောင်တချို့ အမြင်


မဟနဥက္ကဋ္ဌဆရာတော်က ပုပ်ရဟန်းမင်းကြီးအား လက်ဆောင်ပစ္စည်း ပေးအပ်စဉ်။
မဟနဥက္ကဋ္ဌဆရာတော်က ပုပ်ရဟန်းမင်းကြီးအား လက်ဆောင်ပစ္စည်း ပေးအပ်စဉ်။

ကက်သလစ်သာသနာပိုင် ပုပ်ရဟန်းမင်းကြီးဖရန့်စစ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သလို ဘာသာပေါင်းစုံက ဘာသာရေးခေါင်းဆောင်တွေ၊ နောက် လူပေါင်းသောင်းနဲ့ချီ တက်ရောက်ခဲ့ တဲ့ လူထုဆုတောင်းပွဲကိုလည်း ရန်ကုန်မြို့မှာ ကျင်းပခဲ့တာပါ။ ရိုဟင်ဂျာ မူဆလင် သိန်းနဲ့ချီ ထွက်ပြေးရတဲ့ ကိစ္စကြောင့် နိုင်ငံတကာက အပြင်းအထန် ဝေဖန်ခံနေရချိန်နဲ့ တိုက်ဆိုင်တဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်ကြောင့် မြန်မာ ပြည်သူလူထုကြား မတူကွဲပြားမှုကို လက်ခံနိုင်တဲ့ လက်ခံတဲ့ ပုံရိပ်ကို ထင်ဟပ်စေတယ်လို့ ဘာသာရေး ခေါင်းဆောင်တွေက သုံးသပ်ကြပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

ကက်သလစ်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်က အမုန်းစကား ဖြန့်ဝေမှုတွေဟာ ဘာသာရေးကို ခုတုံးလုပ်တာ ဖြစ်လို့ အားလုံးက ကန့်ကွက်ရှုတ်ချကြရမယ်လို့ မိန့်ကြားခဲ့ပါတယ်။

“….၎င်းအပြင် ဘာသာရေးကို ခုတုံးလုပ်၍ အမုန်းစကားပြောဆိုခြင်း၊ မမှန်မကန်ဝါဒ ဖြန့်ခြင်း၊ ယင်းတို့ကြောင့် ခိုက်ရန်ဖြစ်ပွားခြင်း၊ ဆူပူသောင်းကျန်းခြင်း၊ စစ်မက် တိုက်ခိုက်ခြင်း မှန်သမျှနှင့် ယင်းတို့ ဖြစ်ပေါ်လာအောင် ထောက်ပံ့ကူညီကြသူများကို ပြင်းထန်စွာအပြစ်တင် ရှုတ်ချကြရပါမည်။”

ပုပ်ရဟန်းမင်းကြီးဖရန့်စစ်နဲ့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့တို့ ရန်ကုန်မြို့ ကမ္ဘာအေး ကုန်းမြေမှာ တွေ့ဆုံ ခဲ့ကြတာပါ။ ပုပ်ရဟန်းမင်းကြီးကတော့ ဗုဒ္ဓရဲ့တရားတော် အဆုံးအမအောက်က မြန်မာပြည်သူတွေ အားလုံးကို လေးစားတဲ့ အကြောင်း မိန့်ကြားခဲ့တာပါ။

ပုပ်ရဟန်းမင်းကြီးဖရန့်စစ်ရဲ့ မေတ္တာတမန် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ကြွရောက်တဲ့ သုံးရက်တာအတွင်း နိုင်ငံ့ခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ သီးခြား တွေ့ဆုံဆွေးနွေးသလို ရန်ကုန်မြို့မှာလည်း လူပေါင်း သောင်းနဲ့ချီ တက်ရောက်တဲ့ လူထုဝတ်ပြုဆုတောင်းပွဲကိုလည်း ငြိမ်းချမ်းစွာ ကျင်းပနိုင်ခဲ့တာပါ။ ပုပ် ရဟန်းမင်းကြီးရဲ့ မြန်မာခရီးစဉ်ကြောင့် မြန်မာနိုင်ငံရဲ့ ဘာသာရေးလွတ်လပ်ခွင့်၊ နောက် မြန်မာပြည်သူလူထုရဲ့ မတူကွဲပြားတဲ့ ဘာသာရေး ကိုးကွယ်မှုတွေကို လက်ခံနိုင်မှုကို ထင်ဟပ်ပေါ်လွင်စေတယ်လို့ အစ္စလာမ် ဓမ္မ ဗိမာန်ရဲ့ ဦးဆောင် ဆော်သြရေးမှူး ဆရာ ဦးအေးလွင်က ပြောပါတယ်။

“မတူကွဲပြားမှုကို အမှားတခုအနေနဲ့ ဘယ်တုန်းကမှ မယူဆခဲ့ဘူးဗျ။ အမြဲတမ်းပဲ နွေးနွေးထွေးထွေးနဲ့ ကြိုဆိုခဲ့ တယ်လေ။ သို့သော် သွေးထိုးလှုံ့ဆော်မှုတွေရှိတဲ့ ဘာသာတရားက အကဲဆတ်တဲ့အပေါ်မှာ အဲဒါကို အမြတ် ထုတ် ပြီးတော့မှ လှုံ့ဆွနေတဲ့လူတွေရဲ့အဆိပ်အတောက်ကတော့ တော်တော်လေး ပျံ့နှံ့နေတာရှိတယ်။”

ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံခဲ့တဲ့ ဟိန္ဒူ ဘာသာရေးအသင်းချုပ် အတွင်းရေးမှူး ဦးကျော်သူကတော့ မြန်မာနိုင်ငံရဲ့ ဘာသာရေး လွတ်လပ်ခွင့်ကို ပိုပြီးတော့ ပေါ်လွင်စေတယ်လို့ အခုလို ပြောပါတယ်။

“ဗုဒ္ဓဘာသာကြီးစိုးတယ်ဆိုတဲ့ဟာကိုတော့ လက်မခံဘူး။ ကျနော်တို့ လွတ်လပ်စွာ ဘာသာတိုင်းက ကိုးကွယ်ခွင့် ရှိတယ်လေ။ အဲဒါကတော့ ဘယ်နိုင်ငံမှာတောင် သိပ်မရှိဘူး။ ကျနော်တို့ မြန်မာနိုင်ငံမှာ ဘာသာပေါင်းစုံ လွတ်လွတ်လပ်လပ် နေလို့ ထိုင်လို့ရတယ်။”

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေရှ့်ဘက်ကို ရိုဟင်ဂျာ မူဆလင် ၆ သိန်းကျော် ထွက် ပြေးရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဗုဒ္ဓဘာသာအများစုဖြစ်တဲ့ မြန်မာနိုင်ငံတွင်း မူဆလင်တွေအပေါ် ခွဲခြားဆက်ဆံမှု ဖိနှိပ်မှုအဖြစ် ကမ္ဘာ့စာမျက်နှာမှာ ရှုမြင်ခံနေရမှုကနေ လျော့ပါးသက်သာသွားစေမယ်လို့ အစ္စလာမ် ဓမ္မဗိမာန်ရဲ့ ဦးဆောင် ဆော်သြရေးမှူး ဆရာ ဦးအေးလွင်က ပြောပါတယ်။

“တဒင်္ဂမှာတော့ ဒီပုံရိပ်လေးကတော့ ကောင်းသော၊ တော်တော်လေး အပြုသဘောဆောင်တဲ့ image တခု ဖြစ်ပါတယ်။ လက်တွေ့မှာလည်းပဲ ဒီလို ပီပီပြင်ပြင် သက်သေနဲ့ အထောက်အထားနဲ့ လုပ်ပြလိုက်မယ် ဆိုရင်တော့ ကျနော်တို့ဗမာကို အဲလို ထင်မြင်နေတဲ့ ယူဆချက်တွေက ပပျောက်သွားမှာပါ။”

မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ရိုဟင်ဂျာ မူဆလင်တွေကို တိုက်ရိုက် ရည်ညွှန်း ဟောကြားခဲ့တာ မရှိပါဘူး။ ဒါပေမယ့်လည်း ကိုးကွယ်ယုံကြည်မှု မတူညီမှုတွေကြောင့် အယုံအကြည်မဲ့ ကွဲပြား မှုတွေ မဖြစ်စေဘဲ ညီညွတ်မှု၊ ခွင့်လွှတ် သည်းခံမှုနဲ့ နိုင်ငံတည်ဆောက်ရေးအတွက် အရင်းအမြစ်တွေအဖြစ် အသုံးပြုကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား ငြိမ်းချမ်း ရေးအတွက် ကြိုးပမ်းနေကြတာတွေမှာလည်း အားလုံး ပါဝင်ကြဖို့လည်း တိုက်တွန်းသွားပါတယ်။

Pope Francis
please wait

No media source currently available

0:00 0:04:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG