သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်အရေး ပုပ်ရဟန်းမင်း ထည့်သွင်းပြောဖို့ မျှော်လင့်ကြဆဲ


နိုဝင်ဘာလ ၃၀မှာ မြန်မာပြည်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ကြွရောက်လာမယ့် ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ လာရောက်ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေး အလေးပေးထည့်သွင်း ပြောဆိုမယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက မျှော်လင့်နေကြပါတယ်။ မြန်မာပြည်ခရီးစဉ်အတွင်းမှာတော့ ရိုဟင်ဂျာလို့ မသုံးနှုန်းဖို့ ပုပ်ရဟန်းမင်းကြီးကို မေတ္တာရပ်ခံထားတာတွေ ရှိတာကြောင့် ထည့်သွင်းပြောဆိုတာမျိုးမလုပ်ခဲ့ပေမဲ့လို့ ဘင်္ဂလားခရီးစဉ်အတွင်းမှာတော့ ပုပ်ရဟန်းမင်းကြီးအနေနဲ့ မေတ္တာတရားကိုအခြေခံပြီး အတိဒုက္ခရောက်နေတဲ့ လူသားတွေ လူ့သားအခွင့်အရေး ရဖို့ တိုက်တွန်းမှုတွေ လုပ်သွားမယ်လို့လည်း ယုံကြည်တယ်လို့ ဘင်္ဂလားရောက်ဒုက္ခသည်တွေကပြောပါတယ်။ မဆုမွန် ဆက်ပြောပြပါမယ်။

မြန်မာနိုင်ငံမှာ လေးရက်တာ မေတ္တာတမန်ခရီးစဉ်နဲ့ ပထမဆုံးအကြိမ် ကြွရောက်လာတဲ့ ကက်သလစ်ခရစ်ယာန် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis ဟာ နိုဝင်ဘာလ ၃၀ရက်နေ့ နေ့လည်ပိုင်းမှာ စိန့်မေရီ ကာသီဒြယ် Cathedral မှာ ကက်သလစ်ဘာသာဝင်လူငယ်တွေနဲ့အတူ မစ္ဆားပူဇော်ဝတ်ပြုဆုတောင်းခြင်းအစီအစဉ်ကျင်းပပြီးတာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ခရီးဆက်မှာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ မြန်မာနိုင်ငံက ကာဒီနယ်အမတ် ချားလ်စ်မောင်ဘိုရဲ့ မေတ္တာရပ်ခံချက်အရ သူ့မြန်မာပြည်ခရီးစဉ်အတွင်း “ ရိုဟင်ဂျာ” ဆိုတဲ့အသုံးအနှုန်းကို မသုံးစွဲခဲ့တဲ့အပြင် မြန်မာပြည်ခရီးစဉ်အတွင်း မိန့်ကြားခဲ့တဲ့ ပုပ်ရဲ့ တရားတော်တွေမှာလည်း “ ရိုဟင်ဂျာ” ဆိုတဲ့ အခေါ်အဝေါ်ကို သုံးနှုန်းဖို့ ပျက်ကွက်ခဲ့တဲ့အတွက် လူ့အခွင့်အရေးအဖွဲ့တွေဘက်က ဝေဖန်ခဲ့ကြပါတယ်။

ဒါပေမဲ့ ပုပ်ရဟန်းမင်းကြီး မြန်မာပြည်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရောက်လာတဲ့အခါမှာတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို သိန်းချီ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေး အလေးပေးထည့်သွင်း ပြောဆိုမယ်လို့ မျှော်လင့်ကြောင်း ဘင်္ဂလားဒေ့ရှ် ကော့ဇက်ဘဇားက ဘာလုခါလီရိုဟင်ဂျာဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည်တဦးကပြောပါတယ်။

"ပုပ်ရဟန်းမင်းကြီးဘာမှ မပြောဘူးဆိုတာကလည်း Pope ကိုအရင်ကတည်းက ဖိအားတွေ ၊ မေတ္တာရပ်ခံထားတာတွေရှိတယ်။ ဒီမြန်မာနိုင်ငံကို ရောက်ရင် ရိုဟင်ဂျာဆိုပြီးတော့ မခေါ်ဖို့ ချားစ်မောင်ဘိုကလည်းပြောထားတာရှိသလို မြန်မာအစိုးရကလည်း မေတ္တာရပ်ခံထားတာရှိတယ်။ အဲဒါကြောင့်မို့လို့ ကျနော်ထင်ပါတယ်။ ဘာသာရေးခေါင်းဆောင်ကြီး တယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူ့မှာ ဒုက္ခသည်တွေအတွက် တခုခုပြောမယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့ နိုင်ငံသားအခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ သူတခုခုပြောမယ်လို့ မျှော်လင့်ပါတယ်။ ပုပ်ရဟန်းမင်းကြီးက တကယ်လို့ ဒီ ဒုက္ခသည်စခန်းမှာ ရောက်မယ်ဆိုရင် မေတ္တာရပ်ခံထားတာ အများကြီးရှိပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ နောက်ပြီးဆုတောင်းတာတွေလည်းပါမယ် အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့လည်း မေတ္တာရပ်ခံချင်ပါတယ်။"

ပုပ်ရဟန်းမင်းကြီးဟာ မြန်မာနိုင်ငံတွင်း လူသားတိုင်းရဲ့ လူ့ဂုဏ်သိက္ခာနဲ့ အခွင့်အရေး၊ မတူကွဲပြားမှုတွေ အပေါ် လေးစားမှု တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ဓလေ့ထုံးတမ်းတွေအပေါ် လေးစားမှု စတဲ့ မေတ္တာတရားကိုအခြေခံတဲ့ ငြိမ်းချမ်းခြင်းကို တည်ဆောက်ဖို့ အရေးကြီးတယ် ဆိုတာကို ထည့်သွင်းပြောဆိုသွားသလို မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဒဏ်ရာတွေ ခံစားနေကြရသူ အများအပြားရှိတဲ့ မြန်မာနိုင်ငံမှာ ခွင့်လွှတ်သည်းခံခြင်းနဲ့သာ ဒဏ်ရာတွေ ပျောက်ကင်းအောင်လုပ်နိုင်လိမ့်မယ်လို့ ပုပ်ရဟန်းမင်းကြီး Francis က လူထုနဲ့ တွေ့ဆုံစဉ် မိန့်ကြားခဲ့ပါတယ်။

ဒီလိုမျိုး ပုပ်ရဟန်းမင်းကြီးရဲ့ မေတ္တာတရားအခြေခံတဲ့ တိုက်တွန်းမှု အပေါ်မှာတော့ ဘင်္ဂလားဒေ့ရှ်ရောက် ကော့ဇက်ဘဇားရောက် ဘာလုခါလီရိုဟင်ဂျာစခန်းက ကိုမျိုးသန့်ကတော့ မြန်မာနိုင်ငံတွင်း ဘာသာမတူလူမျိုးကွဲတွေကြား နှစ်ရှည်လများ အတူယှဉ်တွဲနေထိုင်လာခဲ့ကြပေမဲ့လို့ နိုင်ငံရေးအရ မှိုင်းတိုက်ဖျက်ဆီးမှုတွေကြောင့် အခုလို အကြမ်းဖက်ဖြစ်လာတာဖြစ်တဲ့အတွက် ယုံကြည်မှုကို အခြေခံတဲ့အတူယှဉ်တွဲနေထိုင်မှုမျိုး လိုလားပါတယ်လို့ အခုလိုပြောပါတယ်။

"ကျနော်တို့မှာ တကယ်တော့ အသိုင်းအဝိုင်း ၂ ခုကြောင့် ကျနော်ပြောချင်တာက ဗုဒ္ဓ ဘာသာနဲ့ မွတ်ဆလင် ဘာသာ ပြဿနာဖြစ်တာမဟုတ်ပါဘူး။ ရခိုင်၊ ဗမာနဲ့ တခြားတိုင်းရင်းသားတွေကိုလည်း ကောင်းကောင်းဆက်ဆံ တာပဲရှိပါတယ်။ ကျနော်တို့လည်း သူတို့ကို ခွဲခြားဆက်ဆံ တာလည်းမရှိပါဘူး။သူတို့ကလည်း ခွဲခြားဆက်ဆံ တာလည်းမရှိပါဘူး။ ဒါပေမယ့် မြန်မာအစိုးရက သူတို့ကို မှိုင်းတိုက်ပြီးတော့ ကျနော်တို့နဲ့ ပြဿနာအမျိုးမျိုးဖြစ်ခိုင်းတယ်။ မြန်မာအစိုးရက တကယ်ရိုးသားမယ်၊ တကယ် ကျနော်တို့ကို လူသားလို ဆက်ဆံမယ်ဆိုရင် ကျနော်တို့ ဘာမှ ပြောစရာမရှိဘူး။ ကျနော်တို့ နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေး ပေးမယ်ဆိုရင် ကျနော်တို့ကို တခြားတိုင်းရင်းသားတွေလို အခွင့်အရေးရမယ်ဆိုရင် ကျနော်တို့လည်း အေးအေးချမ်းချမ်းတခြားတိုင်းရင်းသားတွေနဲ့လူမျိုးစုတွေနဲ့ အေးအေးချမ်းချမ်းနေနိုင်တယ်။

ပုပ်ရဟန်းမင်းကြီးကို ကျနေ်ာတို့ဘက်က မေတ္တာရပ်ခံချင်တာက ကျနော်တို့ကို လူသားအခွင့်အရေး လူ့အခွင့်အရေး တွေကို ပြောပေးဖို့ မြန်မာအစိုးရကို ။ အဲဒါကို မေတ္တာရပ်ခံချင်ပါတယ်။"

ပုပ်ရဟန်းမင်းကြီးရဲ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်ကတော့ နိုဝင်ဘာ ၃၀ရက်နေ့ကစတင်ပြီး ဒီဇင်ဘာလ ၂ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက အစိုးရတာဝန်ရှိသူတွေ ဘာသာရေးခေါင်းဆောင်တွေ ကက်သလစ်ဘာသာဝင်တွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG