သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီးမိန့်ခွန်း ရိုဟင်ဂျာ ထည့်မသုံးခဲ့မှု HRW စိတ်ပျက်


ပုပ်ရဟန်းမင်းကြီး Francis ဟာ မနေ့က နေပြည်တော်မှာ မိန့်ကြားခဲ့တဲ့ သူရဲ့ အရေးပါတဲ့ မိန့်ခွန်းထဲမှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ခေါ်ဝေါ်သုံးစွဲခဲ့ခြင်း မရှိခဲ့တ ဲ့အပေါ် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက စိတ်ပျက်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ပုပ်ရဟန်းမင်းကြီး Francis ကတော့ မြန်မာနိုင်ငံမှာ ပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းရင်းသားလူမျိုးစု အချင်းချင်း လေးစားအသိအမှတ်ပြုဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။ အင်ကြင်းနိုင်က ဆက်ပြီးတင်ပြမှာပါ။

နေပြည်တော်မှာ မနေ့ အင်္ဂါနေ့က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ မိန့်ခွန်းပြောကြားရာမှာ ပုပ်ရဟန်းမင်းကြီး Francis က ဘာသာရေးနဲ့ လူ့အခွင့်အရေး စံတန်ဖိုးတွေနဲ့ ပတ်သက်လို့ ယေဘုယျသဘောပဲ မိန့်ကြားခဲ့တာပါ။

အဲဒီထဲမှာ မြန်မာနိုင်ငံ ငြိမ်းချမ်းစေဖို့ အစိုးရရဲ့ ဆောင်ရွက်မှုတွေကို သူ့အနေနဲ့ နှစ်သက်အားရတယ်လို့လည်း ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လူတိုင်းရဲ့ လူ့ဂုဏ်သိက္ခာနဲ့ အခွင့်အရေး၊ မတူကွဲပြားမှုတွေ အပေါ် လေးစားမှု အခြေခံတဲ့ ငြိမ်းချမ်းရေးက အရေးကြီးတယ်လို့ ခုလို ပြောကြားသွားခဲ့ပါတယ်။

“မြန်မာနိုင်ငံရဲ့ အနာဂါတ်ဟာ ငြိမ်းချမ်းရေးဖြစ်ရပါမယ်။ လူတိုင်းရဲ့ လူ့ဂုဏ်သိက္ခာနဲ့ အခွင့်အရေးတွေကို လေးစားမှု၊ တိုင်းရင်းသားလူမျိုးစုတိုင်းနဲ့ သူတို့ရဲ့ ဓလေ့ထုံးတမ်း အစဉ်အလာတွေကို လေးစားမှု၊ တရားဥပဒေကို လေးစားလိုက်နာမှု၊ ဘယ်သူ့ကိုမှ ချန်လှပ်မထားဘဲ အများအကျိုးအတွက် ပံ့ပိုးပေးနိုင်အောင် လူတဦးစီတိုင်း အဖွဲ့တိုင်းကိုမြှင့်တင်ပေးတဲ့ ဒီမိုကရေစီစနစ်အပေါ် လေးစားမှု စတဲ့လေးစားမှုတွေအပေါ် အခြေခံတဲ့ ငြိမ်းချမ်းရေးမျိုးဖြစ်ပါတယ်။”

၂၀၁၃ ခုနှစ်က စပြီး ပုပ်ရဟန်းမင်းကြီးအဖြစ် တင်မြှောက်ခြင်းခံရပြီးနောက် ပုပ်ရဟန်းမင်းကြီး Francis ဟာ ကမ္ဘာပေါ်မှာ ဖိနှိပ်ခံ လူတန်းစားတွေအရေး နိုးကြားမှုရှိစေဖို့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ သြဂုတ်လက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ရပ်ကြောင့် မွတ်စလင်ဒုက္ခသည် ၆ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ ပုပ်ရဟန်းမင်းကြီးက ရိုဟင်ဂျာ ညီအကိုတွေအတွက် နှိပ်ကွက်ခံနေရမှုအကြောင်း ဝိုင်းဝန်းဆုတောင်းပေးဖို့ ဗာတီကန်နန်းတော်မှာ မိန့်ကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် နေပြည်တော်မှာ ပြောကြားတဲ့ အဓိက မိန့်ခွန်းမှာတော့ ရိုဟင်ဂျာ ကိုထည့်သွင်းခေါ်ဝေါ်ခြင်း မပြုခဲ့တဲ့အတွက် လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ခဲ့ကြပါတယ်။ နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးရဲ့ အာရှရေးရာ တာဝန်ခံ Brad Adams ကတော့-

“ ပုပ်ရဟန်းမင်းကြီး တကယ်ပဲ ပျက်ကွက်ခဲ့ပါတယ်။ လုံခြုံတဲ့ ရောမမြို့မှာ ရှိနေချိန်တုန်းကရိုဟင်ဂျာတွေ အကြောင်း သူပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာစစ်တပ်၊ အစိုးရနဲ့ လူထုကပါ အသေအချာ စောင့်ကြည့်နေချိန် မြန်မာနိုင်ငံကို သူရောက်ရှိချိန်မှာ ပြောဖို့လိုအပ်တဲ့ အကြောင်းအရာကို ထုတ်ဖေါ်ပြောဆိုဖို့ ပုပ်ရဟန်းမင်းကြီး ပျက်ကွက်ခဲ့ပါတယ်။”

ရိုဟင်ဂျာ အသုံးအနှုန်းကို ထည့်မသုံးဖို့ မြန်မာနိုင်ငံရှိ ကက်သလစ် ခေါင်းဆောင်တွေက အခြေအနေ ပိုဆိုးမသွားစေဖို့နဲ့ မြန်မာနိုင်ငံတွင်းရှိ ကက်သလစ်ဘာသာဝင် ၁.၃ သန်းတို့ အန္တရာယ်မကျရောက်စေဖို့ ပုပ်ရဟန်းမင်းကြီးကို ခရီးစဉ်မတိုင်ခင်မှာ အကြံပေးခဲ့တာဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သီးသန့်တွေ့ဆုံခဲ့ရာမှာတော့ ရိုဟင်ဂျာအရေး ထည့်သွင်းပြောကြားနိုင်ခြေ ရှိနိုင်တဲ့အကြောင်း သုံးသပ်မှုတွေထွက်ပေါ်ခဲ့ပေမယ့် Brad Adams ကတော့ အခုလိုထောက်ပြပါတယ်။

“ ပုဂ္ဂိုလ်ရေး သီးသန့်တွေ့ဆုံချိန်မှာ ပြောဆိုတဲ့စကားနဲ့ အများပြည်သူကို မိန့်ခွန်းပြောကြားချက်ဟာ တထပ်တည်း မရှိဘူးဆိုရင် ကောင်းတယ်လို့ ပြောလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ လူ့အခွင့်အရေးကိစ္စကို မြှင့်တင်ဖို့နဲ့ ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးစွဲဖို့ ဆိုတဲ့ ရည်ရွယ်ချက်ကလူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ညှင်းပန်းနှိပ်စက်မှု ကျူးလွန် သူတွေရဲ့ အပြုအမူ ပြောင်းလဲဖို့ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ သီးသန့်တွေ့ဆုံချိန်မှာ ပုပ်ရဟန်းမင်းကြီးက ဒါနဲ့ပတ်သက်လို့ တစုံတရာအလေးပေး ပြောဆိုခဲ့ရင်တောင်မှ ပြုပြင်ပြောင်းလဲဖို့ ဖိအားပေးတာမျိုး မသက်ရောက်ပါဘူး။ တကယ်ကို ပြောဖို့လိုအပ်နေတဲ့ အကြောင်းအရာကို လူအများရှေ့ ထုတ်ဖေါ်ပြောဆိုခြင်း မရှိခဲ့ဘူးဆိုရင် သူရဲ့ခရီးစဉ်ဟာ ရိုဟင်ဂျာတွေကိုတောင် ဒုက္ခရောက်စေနိုင်ပါတယ်။”

ဒါပေမယ့်လည်း ပုပ်ရဟန်းမင်းကြီး Francis ဟာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ရန်ကုန် ကျိုက္ကဆံကွင်းမှာ လူထု မစ္ဆားတရားတော် ဝတ်ပြုဆုတောင်းပွဲကြီးရှိပါတယ်။ အဲဒီမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေအရေး ထည့်သွင်းပြောကြားမယ်လို့ မျှော်လင့်ချက်ရှိမရှိ Brad Adams ကိုမေးကြည့်တော့.

“ သူပြောကောင်း ပြောပါလိမ့်မယ်။ အဲဒီလိုသာ ပြောလာမယ်ဆိုရင် ကျနော်တို့ တကယ့်ကို ဝမ်းသာအံံံ့သြမိမှာပါ။ ဒါပေမယ့်လည်း ဥပမာအနေနဲ့ ပြောရရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ မိန့်ခွန်းပြောကြချိန်မှာရော၊ ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့ဆုံချိန်မှာပါ ပုပ်ရဟန်းမင်းကြီးက ဒီကိစ္စကို သီးသန့် ထုတ်ဖေါ်ပြောဆိုခြင်း မရှိပါဘူး။ ဒါကြောင့် ဒီကနေ့ လူထုနဲ့ တွေ့ဆုံပွဲမှာ သူပြောလိမ့်မယ်လို့ ကျနော် မထင်ပါဘူး။ အဲဒါပြီးရင် ပုပ်ရဟန်းမင်းကြီးဟာ ဘင်္ဂလားဒေ့ရှ်ကို ဆက်လက်ထွက်ခွာမှာဆိုတော့ သူရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်ကို သုံးစွဲလိမ့်မယ်လို့ ကျနော်မမြင်ပါဘူး။ ဒါပေမယ်လို့ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိချိန်မှာ ပုပ်ရဟန်းမင်းကြီးအနေနဲ့ ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးစွဲလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။”

AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဆိုင်ရာ ညွန်ကြားရေးမှူး Ming Yu Hah ကတော့ ပုပ်ရဟန်းမင်းကြီးအနေနဲ့ မြန်မာနိုင်ငံမှာ ပြောကြားတဲ့ သူရဲ့ ပထမဆုံးမိန့်ခွန်းမှာ ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးစွဲခဲ့ခြင်း မရှိတဲ့ အပေါ် စိတ်ပျက်မိပေမယ့်လည်း တိုင်းရင်းသား လူမျိုးစုအားလုံး အချင်းချင်းလေးစားဖို့နဲ့ လူမှုအသိုင်းအဝိုင်းအားလုံး ပါဝင်ရေး ပုပ်ရဟန်းမင်းကြီး Francis တိုက်တွန်းခဲ့တဲ့ အချက်ကို ကြိုဆိုကြောင်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG