သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီး ဘာသာပေါင်းစုံ ခေါင်းဆောင်တွေနဲ့တွေ့ဆုံ


ပုပ်ရဟန်းမင်းကြီး ဘာသာပေါင်းစုံ ခေါင်းဆောင်တွေနဲ့တွေ့ဆုံ
ပုပ်ရဟန်းမင်းကြီး ဘာသာပေါင်းစုံ ခေါင်းဆောင်တွေနဲ့တွေ့ဆုံ

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး Francis ဟာ ဒီကနေ့ မနက်ပိုင်းမှာ ဘာသာပေါင်းစုံ က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံဟာ မတူညီတဲ့အရာတွေ စုပေါင်းနေတာကြောင့် ဒါကို သဘောထားကြီးကြီးနဲ့ တန်ဖိုးထားပြီး ချစ်ချစ်ခင်ခင်နေထိုင်ကြရင် ကမ္ဘာ့အလယ်မှာ ငြိမ်းချမ်းတဲ့ နိုင်ငံတခု ဖြစ်နိုင်ကြောင်း မိန့်ကြားပါတယ်။ ဒီတွေ့ဆုံပွဲကို ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ စတဲ့ ဘာသာ ရေးခေါင်းဆောင်တွေ တက်ရောက်ခဲ့ရာမှာ ဗုဒ္ဓဘာသာကို ကိုယ်စားပြုတက်ရောက်တဲ့ မြဝတီ ဆရာတော်က မြန်မာပြည်ငြိမ်းချမ်းရေးကို ဘာသာရေးခေါင်းဆောင်တွေ ပါဝင်ရင်ပိုမိုထိရောက်နိုင်ကြောင်း ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာပြည်ခရီးစဉ် ဒုတိယနေ့မှာ ပုပ်ရဟန်းမင်းကြီး Francis ဟာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ ဘဟာရီ၊ ဂျူးစတဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ မနက် ၁၀နာရီမှာ St Mary Cathedral ဘုရားကျောင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒီတွေ့ဆုံပွဲမှာ ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့တာကို ကိုယ်တိုင်ပါဝင်တက်ရောက်ခဲ့ မြဝတီဆရာတော် ဦးဝီရိယဝံသ ဘိဝံသက အခုလို ပြန်လည်မိန့်ကြားပါတယ်။

“သူ့ဖက်က ပြောတဲ့အခါကျတော့ မြန်မာနိုင်ငံဟာ မတူတဲ့ အလှတွေ ရှိနေတယ်ဆိုတဲ့ အကြောင်းပေါ့။ ဒါကို မတူတဲ့အလှတွေကို ပူးပေါင်းကြပြီးတော့ သဘောထားကြီးကြီးနဲ့ ချစ်ချစ်ခင်ခင်နဲ့သွားကြမယ်ဆိုရင် အင်မတန် ငြိမ်းချမ်းတဲ့ နိုင်ငံတခု ကမ္ဘာ့အလယ်မှာ ဖြစ်နိုင်တယ်ဆိုတဲ့ အကြောင်းပေါ့လေ။ အဓိကကတော့ သူက မတူတာတွေကို တန်ဖိုးတခုလို ဖြစ်ဖို့ အဲဒါကိုပဲ ပြောသွားတာပေါ့။”

ပုပ်ရဟန်းမင်းနဲ့ တွေ့ဆုံစဉ်မှာ ဘာသာရေးခေါင်းဆောင်အသီးအသီးက မြန်မာပြည်ကို ကြွရောက်လာတဲ့အတွက် ဝမ်းမြောက်ကြိုဆိုခဲ့ကြောင်း ပြောဆိုကြပါတယ်။

ဗုဒ္ဓဘာသာကို ကိုယ်စားပြုတက်ရောက်တဲ့ မြဝတီ ဆရာတော်ကလည်း မြန်မာြ့ပည်ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း အခုလို မိန့်ကြားပါတယ်။

“ ဒီ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လက်နက်ကိုင်တဲ့ အုပ်စုတွေချင်း မြန်မာပြည်အနေ အထားက အဲလိုပဲ သူတို့တွေချည်း ဆွေးနွေးနေသလို ဖြစ်နေတယ်လေ။ အဲဒါကို ဘာသာရေးခေါင်းဆောင်ပုဂ္ဂိုလ်များ ပါဝင်မှသာလျှင် ပိုပြီးတော့ ထိရောက်မှုဖြစ်နိုင်မယ်။ နောက် လက်နက်ကိုင်ပုဂ္ဂိုလ်တွေချည်း ဆွေးနွေးနေလို့ တော့ ဖြစ်မယ်လို့ မယူဆဘူးဆိုတဲ့အကြောင်းနော်။ လက်နက်ကိုင်တယ်ဆိုတဲ့သဘောကိုက ပြောရင် စိတ်နှလုံးကြမ်းတမ်းတဲ့သဘောဖြစ်နေတယ်လို့ ပြောလိုက်တယ်လေ။ စိတ်နှလုံးကြမ်းတမ်းတဲ့သူတွေ လုပ်လို့ တော့ ဒီ အင်မတန်နူးညံတဲ့ ဒီငြိမ်းချမ်းရေးတို့ ခွင့်လွှတ်မှုတို့ဆိုတာတွေက သိပ်မလွယ်ကူလှဘူး။ ဒီဘာသာရေး ပုဂ္ဂိုလ် ဘာသာရေး ဖက်က စိတ်နှလုံးနူးညံတဲ့ ခေါင်းဆောင်တွေ ဒီလိုဟာမျိုးတွေ ပါဝင်ပြီးတော့ ဆောင်ရွက်မှ သာလျှင် ဒီအရေးဟာ ပိုပြီးတော့ ကောင်းနိုင်မယ်ဆိုတဲ့အကြောင်း အဲဒါကို ဝေဖန်လိုက်တယ်လေ။”

ပုပ်ရဟန်းမင်းကြီးမြန်မာပြည်ကို ကြွရောက်လာတဲ့အတွက် ဘာသာရေးကတဆင့် နိုင်ငံညီညွတ်မှုကို ရနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း မြဝတီဆရာတော်က ဆက်လက် မိန့်ကြားပါတယ်။

“ ပုပ်ရဟန်းမင်းကြီးကြွလာတဲ့ ကိစ္စက ဘာသာရေးဆိုဒ်ရဲ့ လှုပ်ရှားမှုက ပိုပြီးမြင့်လာပြီးတော့ ဘာသာရေးကို အကြောင်းပြုပြီးတော့ လူမျိုးရေးညီညွတ်မှုတွေ နိုင်ငံညီညွတ်မှုတွေ တည်ဆောက်နိုင်လိမ့်မယ်လို့ ဘုန်းကြီးက မြင်ထားပါတယ်။”

တွေ့ဆုံပွဲကို ပါဝင်တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်က အတွင်းရေးမှုး ဦးကျော်သူကလည်း

“ ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ခွင့်ရတဲ့အတွက် အထူးသဖြင့် ကျနော်တို့က တော်တော်လေး ပီတိဖြစ်တာပေါ့ဗျာ။ အမှန်တော့ သူ့ဘာသာနဲ့ ကက်သလစ်ဘာသာနဲ့ပဲ တွေ့ခွင့်ရရမယ့်ဟာ ။ ကျနော်တို့လည်း မမျှော်လင့်ဘဲ တွေ့ခွင့်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာတာပေါ့။ နောက် ပုပ်ရဟန်းမင်းကြီးလာတဲ့အတွက်လည်း မြန်မာနိုင်ငံမှာလည်း ငြိမ်းချမ်းရေး သူနဲ့ အတူပါလာမယ်လို့ ကျနော်တို့က မျှော်လင့်တာပေါ့။ ဘာလို့လဲ ဆိုတော့ အေးချမ်းတဲ့ ပုဂ္ဂိုလ်တယောက် ဒီကိုလာတယ်ဆိုတာ မြန်မာနိုင်ငံကြီးလည်း အေးချမ်းသွားမှာပေါ့၊ ဒါ ကျနော်တို့ ဘာသာရှုဒေါင့်က ကြည့်တာပေါ့နော်။ ”

ပုပ်ရဟန်းမင်းကြီးဟာ ဒီကနေ့ မနက်ပိုင်းမှာ သီတဂူဆရာတော် ဦးဉာဏိသရနဲ့ သီးခြားတွေ့ဆုံခဲ့သလို တနင်္လာနေ့ကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG