သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံ သမိုင်းဝင်ခရီးစဉ် စတင်


ပုပ်ရဟန်းမင်းကြီး Francis ဟာ ပုပ်ရဟန်းမင်းတပါးအနေနဲ့ မြန်မာနိုင်ငံ ပထမဆုံးခရီးစဉ်ကို စတင်ဖို့ တနင်္ဂနွေညနေပိုင်းက ဗာတီကန်နန်းတော်ကနေ ထွက်ခွာသွားပါပြီ။ မြန်မာစံတော်ချိန် နေ့လည် ၁ နာရီပတ်ဝန်းကျင်မှာ ရန်ကုန်လေဆိပ်ကို ပုပ်ရဟန်းမင်းကြီးရဲ့ လေယာဉ် ဆိုက်ရောက်ဖို့ရှိပါတယ်။

သူ့ခရီးစဉ်အတွင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက လူထုတွေနဲ့ တွေ့ဆုံမှုဟာ မေတ္တာတရားနဲ့ မျှော်လင့်ချက်တွေရဲ့ အမှတ်သင်္ကေတဖြစ်ကြောင်း ခရီးမထွက်ခင် တနင်္ဂနွေနေ့က ဗာတီကန် နန်းတော် ဝတ်ပြုဆုတောင်းပွဲမှာ ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့ပါတယ်။ ကက်သလစ်ခရစ်ယာန် သာသနာပိုင် ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး မအင်ကြင်းနိုင်က အပြည့်အစုံဆက်ပြီး ပြောပြမှာပါ။

ကက်သလစ်ပုပ်ရဟန်းမင်းကြီး ၂၆၆ ပါးမြောက်ဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး Francis ဟာမြန်မာနိုင်ငံကို ပုပ်ရဟန်းမင်းကြီးတွေထဲမှာ ပထမဆုံးအကြိမ် သမိုင်းဝင်ခရီးစဉ်အဖြစ် ကြွရောက်လာတာဖြစ်ပါတယ်။

ခရီးစဉ်မစတင်ခင် တနင်္ဂနွေနေ့က ဗာတီကန်နန်းတော်မှာ အီဂျစ်နိုင်ငံ ဗလီတခုကို သောကြာနေ့က အကြမ်းဖက်တိုက်ခိုက်မှုအတွင်း သေဆုံး၊ ထိခိုက်ဒဏ်ရာရသူတွေအတွက် ဝတ်ပြုဆုတောင်းပွဲကျင်းပရာမှာ သူရဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်ကို မကြာခင်စတင်တော့မှာဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီး က ထောင်နဲ့ချီတဲ့ ဝတ်ပြုဆုတောင်းသူတွေကို အခုလို မိန့်ကြားခဲ့ပါတယ်။

"သာသနာပြုခရီးစဉ်အဖြစ် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကိုသွားဖို့ ဒီကနေ့ညမှာ စတင်ထွက်ခွာဖို့ရှိပါတယ်။ခရီးစဉ်အတွက် မိမိနဲ့အတူတကွ ဆုတောင်းပေးကြဖို့ ပန်ကြားလိုပါတယ်။ ဒါမှသာ အဲဒီနိုင်ငံတွေက လူထုနဲ့မိမိရဲ့ တွေ့ဆုံမှုဟာ တဦးနဲ့တဦးနီးစပ်မှုနဲ့ မျှော်လင့်ခြင်းတွေရဲ့ သင်္ကေတ ဖြစ်လာနိုင်မှာဖြစ်ပါတယ်။ ပျော်ရွှင်သော တနင်္ဂနွေဖြစ်ပါစေလို့ ဆုမွန်းကောင်းပြုလိုက်ပါတယ်။ မိမိအတွက် ဆုတောင်းပေးကြဖို့လည်း မမေ့ကြပါနဲ့လို့ ပန်ကြားပါရစေ။"

နိုဝင်ဘာလ ဒုတိယပတ်အတွင်း သူရဲ့ ခရီးစဉ်ပြင်ဆင်မှုနဲ့ ပတ်သက်လို့ ဗာတီကန်နန်းတော်က ထုတ်ပြန်တဲ့ ပုပ်ရဟန်းမင်းကြီး Francis ရဲ့ ဗွီဒီယိုမိန့်ခွန်းမှာ မြန်မာလူထုအားလုံးအပေါ် မေတ္တာတရားနဲ့ နှုတ်ခွန်းဆက်သလိုက်ကြောင်း အခုလို မိန့်ကြားခဲ့ပါတယ်။

“ယေရှုခရစ်တော်ရဲ့ တရားတော်ကို မြွက်ကြားဖို့အတွက် လာရောက်မှာဖြစ်ပြီး အဲဒါကတော့ ပြန်လည်သင့်မြတ်ခြင်း၊ ခွင့်လွှတ် ခြင်းနဲ့ ငြိမ်းချမ်းခြင်းဆိုတဲ့ တရားတော်ပဲဖြစ်ပါတယ်။ မိမိရဲ့ခရီးစဉ်ဟာ မြန်မာနိုင်ငံက ကက်သလစ်ဘာသာဝင်တွေ ဘုရားသခင် ကို ကိုးကွယ်မှုအပေါ်၊ အမျိုးသား အမျိုးသမီးတိုင်းရဲ့ ဂုဏ်သိက္ခာကို သင်ကြားပြသပြီး မိမိတို့ရဲ့ မေတ္တာတရားကို တခြားလူတွေ အတွက်၊ အထူးသဖြင့် အဆင်းရဲအနွမ်းပါးဆုံးနဲ့ အလိုအပ်ဆုံးလူတွေအတွက် ဖွင့်ထားပေးဖို့ သွန်သင်ဆုံးမတဲ့ တရားတော်ကို အားထုတ်မှုအပေါ် အသိအမှတ်ပြုဖို့ ရည်ရွယ်ပါတယ်။”

ကမ္ဘာလူသားဘေးဒုက္ခဆိုင်ရာအကျပ်အတည်းအကြီးအမားဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်အရေး ရင်ဆိုင်နေရတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကို သွားရောက်မယ့် သူ့ရဲ့ခရီးစဉ်အတွက်လည်း ပုပ်ရဟန်းမင်းကြီး Francis ဟာ ကြိုတင်ပြင်ဆင်မှုတွေလုပ်ခဲ့ပါတယ်။

အဲဒီထဲမှာ နိုဝင်ဘာလ ဆန်းပိုင်းက ရခိုင်အကြံပေးကော်မရှင်ဥက္ကဌ ကိုဖီအာနန်နဲ့ ဗာတီကန်နန်းတော်မှာ ပုပ်ရဟန်းမင်းကြီးတွေ့ဆုံမှုလည်း ပါဝင်ပါတယ်။ ဒီတွေ့ဆုံမှုနဲ့ ပတ်သက်လို့ ဗာတီကန်ရေဒီယိုနဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း ကိုဖီအာနန် ပြောကြားရာမှာ ပုပ်ရဟန်းမင်းကြီး Francis ရဲ့ မြန်မာနိုင်ငံခရီးစဉ် အပေါ် သူရဲ့မျှော်လင့်ချက်နဲ့အတူ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပြန်လည်ရရှိဖို့အခုလိုဖြေကြားခဲ့ပါတယ်။

"ပြန်လည်သင့်မြတ်ဖို့၊ သနားကြင်နာမှုနဲ့ စာနာထောက်ထားဖို့၊ လူအချင်းချင်း စောင့်ရှောက်ဖို့ စတဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ အမှာစကားဟာ အလွန်အလွန်ကို အရေးကြီးပါတယ်။ သူ့မှာ ပြောခွင့်အာဏာရှိနေပါတယ်။ ဖိနှိပ်ခံရသူတွေအတွက် ပုပ်ရဟန်းမင်းကြီးက ထုတ်ဖေါ်ပြောဆိုမှာဖြစ်ပါတယ်။ ဒါအပြင် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံမှာဖြစ်သလို မြန်မာနိုင်ငံက အခြားအဖွဲ့အစည်းတွေနဲ့လည်း ပုပ်ရဟန်းမင်းကြီးတွေ့ဆုံမှာဖြစ်ပါတယ်။"

ပုပ်ရဟန်းမင်းကြီး ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ နိုဝင်ဘာလ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့ထိ ၄ ရက်ကြာမြင့်မှာဖြစ်ပြီး နိုင်ငံတော်အကြီးအကဲတွေအပါအဝင် ဘာသာပေါင်းစုံက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။ ဒါအပြင် လူပေါင်းထောင်နဲ့ချီ တက်ရောက်မယ့် ပုပ်ရဟန်းမင်းကြီးရဲ့ ဝတ်ပြုဆုတောင်းပွဲအခမ်းအနားကို ရန်ကုန်မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။

မြန်မာခရီးစဉ်နောက် ကြာသာပတေးနေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကက်သလစ်ခရစ်ယာန်ဘာသာဝင်ပေါင်း ၃၆၀,၀၀၀ လောက်ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အတွင်း နယ်စပ် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေဆီကို ပုပ်ရဟန်းမင်းကြီး သွားရောက်ကြည့်ရှုမယ့် အစီအစဉ် ပါဝင်ခြင်းမရှိပေမယ့် မြို့တော်ဒါကာမှာတော့ ရိုဟင်ဂျာအဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာဒုက္ခသည်စခန်းကို ၂ ရက်ကြာကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့တဲ့ဘင်္ဂလားဒေ့ရှ် ကာဒီနယ်လ်ဘုန်းတော်ကြီး Patrick D’ Rozario ကတော့ ဒုက္ခသည် စခန်းနေရာအကျယ်အဝန်းထက် လူဦးရေပမာဏ အဆမတန်များပြားနေတာ၊ ရေရှည် စားနပ်ရိက္ခာ ပြတ်လတ်မှု ရင်ဆိုင်ရမယ့်အခြေအနေ စတဲ့ အကျပ်အတည်းပေါင်းစုံ ကို ဒုက္ခသည်တွေ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။ ဒါအပြင် ရိုဟင်ဂျာဒုက္ခသည်တွေကို သူတို့နဲ့အတူရှိနေကြောင်း စာနာမှုပြသဖို့ လိုတယ်လို့လည်း ဘုန်းတော်ကြီး Patrick D’ Rozario ကပြောပါတယ်။

ဘာသာရေး၊ လူမျိုးရေးကွဲပြားမှုအပေါ် ခွဲခြားဆက်ဆံမှု၊ ဆင်းရဲမွဲတေမှု၊ ဖိနှိပ်မှု စတဲ့အခြေအနေ အမျိုးမျိုးနဲ့ နှစ်ပေါင်းများစွာ ကြာမြင့်လာတဲ့ ရခိုင်ပြည်နယ် အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာမှာ အလွန်သတိထား ကိုင်တွယ်နေကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကလည်းပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ ဆိုတဲ့ အခေါ်အဝေါ်ကိုတောင် တရားဝင်လက်ခံအသိအ မှတ်ပြုထားခြင်းမရှိပါဘူး။ ဒါကြောင့်လည်း နိုဝင်ဘာလဆန်းက ဗာတီကန်နန်းတော်ကို သွားရောက်ခဲ့တဲ့ မြန်မာကာဒီနယ်လ်ဘုန်းတော်ကြီး ချားလ်စ်ဘိုဟာ ပုပ်ရဟန်းမင်းကြီး Francis နဲ့ တွေ့ဆုံရာမှာရိုဟင်ဂျာ ဆိုတဲ့ အခေါ်အဝေါ် မသုံးဖို့ပန်ကြားခဲ့ပြီး ပုပ်ရဟန်းမင်းကြီးကလည်း ဒီပန်ကြားချက်ကို လက်ခံခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG