သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်သူတွေကို ပုပ်ရဟန်းမင်းကြီး နှုတ်ခွန်းဆက်သ


ပုပ်ရဟန်းမင်းကြီး Francis ။
ပုပ်ရဟန်းမင်းကြီး Francis ။

ပုပ်ရဟန်းမင်းကြီး Francis က သူ့ရဲ့မြန်မာနိုင်ငံခရီးစဉ်အတွင်း “ပြန်လည်သင့်မြတ်ခြင်း၊ ခွင့်လွှတ်ခြင်းနဲ့ ငြိမ်းချမ်း ခြင်း” တို့ကို ဆောင်ကျဉ်းယူလာလိုပါတယ်လို့ ကြာသပတေးနေ့က မိန့်ကြားလိုက်ပါတယ်။ နိုဝင်ဘာလနောက်ဆုံးပတ်မှာ စတင် မယ့် ခရီးစဉ်မတိုင်ခင် ဗွီဒီယိုရိုက်ယူထားတဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ မိန့်ကြားချက်ကို ဗာတီကန်နန်းတော်ရဲ့ တရားဝင် အင်တာနက် စာမျက်နှာမှာအပြည့်အစုံတင်ထားတာပါ။ ဒါ့အပြင် မြန်မာနိုင်ငံခရီးစဉ် အသေးစိတ် အစီအစဉ်တွေကိုလဲ တရားဝင် ကြေညာ ထားပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်ကျော်သိန်းက ပြောပြပါမယ်။

မြန်မာနိုင်ငံခရီးစဉ်အတွက် ပြင်ဆင်နေတာနဲ့အမျှ မြန်မာလူထုအားလုံးကို နှုတ်ခွန်းဆက်သပြီး ချစ်ကြည်ရင်းနှီးမှု သတင်း စကားပါးလိုပါတယ်လို့ အစချပြီးတော့ ပုပ်ရဟန်းမင်းကြီးက မိန့်ကြားထားတာပါ။ သင်တို့အားလုံးနဲ့ တွေ့ဆုံဖို့ မျှော်လင့်နေပါတယ် လို့လဲ ပုပ်ရဟန်းမင်းကြီးကမိန့်ပါတယ်။

“ယေရှုခရစ်တော်ရဲ့ တရားတော်ကို မြွက်ကြားဖို့အတွက် လာရောက်မှာဖြစ်ပြီး အဲဒါကတော့ ပြန်လည်သင့်မြတ်ခြင်း၊ ခွင့်လွှတ် ခြင်းနဲ့ ငြိမ်းချမ်းခြင်းဆိုတဲ့ တရားတော်ပဲဖြစ်ပါတယ်။ မိမိရဲ့ခရီးစဉ်ဟာ မြန်မာနိုင်ငံက ကက်သလစ်ဘာသာဝင်တွေ ဘုရားသခင် ကို ကိုးကွယ်မှုအပေါ်၊ အမျိုးသား အမျိုးသမီးတိုင်းရဲ့ ဂုဏ်သိက္ခာကို သင်ကြားပြသပြီး မိမိတို့ရဲ့ မေတ္တာတရားကို တခြားလူတွေ အတွက်၊ အထူးသဖြင့် အဆင်းရဲအနွမ်းပါးဆုံးနဲ့ အလိုအပ်ဆုံးလူတွေအတွက် ဖွင့်ထားပေးဖို့ သွန်သင်ဆုံးမတဲ့ တရားတော်ကို အားထုတ်မှုအပေါ် အသိအမှတ်ပြုဖို့ ရည်ရွယ်ပါတယ်။”

တချိန်ထဲမှာပဲ လေးစားသမှုရှိရေး၊ လူသားအားလုံးရဲ့ကောင်းကျိုးကို ဆောင်ကျဉ်းပေးတာမှာ ဟန်ချက်ညီမျှတတဲ့ ပူးပေါင်း ဆောင်ရွက်မှုကို တည်ဆောက်ဖို့ ကြိုးပမ်းအားထုတ်တဲ့ လုပ်ရပ်တိုင်းကို အားပေးရေးဆိုတဲ့ စိတ်အရင်းခံနဲ့ လာရောက်ဖို့ ရည်ရွယ်ပါတယ်လို့ ပုပ်ရဟန်းမင်းက မိန့်ထားပါတယ်။

ဘာသာရေးကို ယုံကြည်ကိုးကွယ်သူတွေနဲ့ စိတ်ရင်းစေတနာကောင်းရှိသူတွေကြား အပြန်အလှန်နားလည်မှုနဲ့ လေးစားမှု၊ လူသား မိသားစုတခုတည်းရဲ့ မိသားစုဝင်တွေအနေနဲ့ တဦးပေါ်တဦး အထောက်အပံ့ပြုမှုတို့ ကြီးထွားဖို့ ပိုပိုလိုအပ်နေတယ်လို့ ခံစားရတဲ့ အချိန်ကာလမှာ မိမိတို့ နေထိုင်နေကြရတာဖြစ်ပါတယ်လို့လဲ ရဟန်းမင်းကြီးက မိန့်ပါတယ်။

မိမိတို့အားလုံးဟာ ဘုရားသခင်ရဲ့ ရင်သွေးများဖြစ်ကြပါကြောင်း၊ မြန်မာနိုင်ငံက လူအများအပြားဟာ မိမိခရီးစဉ်အတွက် အပြင်းအထန် ပြင်ဆင် လုပ်ဆောင်နေကြတယ်ဆိုတာကို သိထားပါကြောင်းပြောပြီး အဲဒီလူတွေကို ကျေးဇူးတင်စကား ဆိုထားပါ တယ်။ သင်တို့နဲ့အတူရှိမယ့် မိမိရဲ့ နေ့ရက်တွေဟာ လူတိုင်းအတွက် မျှော်လင့်ခြင်းနဲ့ အားတက်ခြင်းတို့ရှိစေမယ့် နေ့ရက်တွေဖြစ် စေရေး ဆုတောင်းပေးကြဖို့ ပုပ်ရဟန်းမင်းက လူတိုင်းကို နှိုးဆော်ထားပါတယ်။

မိန့်ကြားချက်အဆုံးသတ်မှာတော့ မြန်မာလူထုအပေါ် ပျော်ရွှင်ခြင်းနဲ့ ငြိမ်းချမ်းခြင်းတို့ ကျရောက်ပါစေလို့ ပုပ်ရဟန်းမင်းက ဆုတောင်းပေးထားပြီး မကြာခင်မှာ တွေ့ကြတာပေါ့ See you soon လို့ နိဂုံးချုပ်ထားပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်ဟာ နိုဝင်ဘာလ ၂၆ ရက် တနင်္ဂနွေနေ့မှာ ဗာတီကန်ကနေ စတင်ထွက်ခွာပြီး ရန်ကုန်လေဆိပ်ကို နိုဝင်ဘာလ ၂၇ ရက်နေ့လည်ပိုင်း ရောက်လာမှာပါ။ နောက်တရက်ဖြစ်တဲ့ နိုဝင်ဘာလ ၂၈ ရက် နေ့လည်ပိုင်းမှာ နေပြည်တော်ကို ထွက်ခွာပြီး သမ္မတ ဦးထင်ကျော်နဲ့ တွေ့ဆုံပါမယ်။ အဲဒီနောက် တဆက်ထဲမှာပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်နဲ့ တွေ့ဆုံပြီးတဲ့နောက် ညနေပိုင်းကျရင် နေပြည်တော်က အပြည်ပြည်ဆိုင်ရာ ညီလာခံခန်းမမှာ တာဝန်ရှိသူတွေ၊ အရပ် ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ သံတမန်တွေကို တွေ့ဆုံမှာဖြစ်ပါတယ်။

အဲဒီတွေ့ဆုံပွဲပြီးတဲ့နောက် နေပြည်တော်ကနေ ရန်ကုန်ကို ပြန်လည် ထွက်ခွာလာမှာပါ။

နိုဝင်ဘာလ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့မနက်ပိုင်းကျရင် ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းမှာ လူထုဝတ်ပြုဆုတောင်းပွဲလုပ်မှာဖြစ်ပြီး ညနေပိုင်း မှာ နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့နဲ့ ကမ္ဘာအေးမှာ တွေ့ဆုံပြီးတဲ့နောက် မြန်မာနိုင်ငံက ကက်သလစ်ဘုန်းတော်ကြီးတွေနဲ့ စိန့်မေရီဘုရားကျောင်းမှာ တွေ့ဆုံမှာဖြစ်ပါတယ်။

နိုဝင်ဘာလ ၃၀ ရက်၊ ကြာသပတေးနေ့မှာတော့ စိန့်မေရီဘုရားကျောင်းမှာပဲ လူငယ်ထု ဝတ်ပြုဆုတောင်းပွဲလုပ်ပြီး နေ့လည်ပိုင်း မှာ ရန်ကုန်လေဆိပ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG