သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုဝင်ဘာလကုန် ပုပ်ရဟန်းမင်း မြန်မာနိုင်ငံလာရောက်မည်


ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်ဟာ သူ့ရဲ့ မြန်မာပြည် ခရီးစဉ်အတွင်း နိုင်ငံ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့ အခါ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးဖို့ မရှိသလို ရခိုင်အရေးနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရရဲ့ ဆောင်ရွက်ချက်တွေအပေါ် ဝင်ရောက် စွက်ဖက်တာမျိုးလဲ လုပ်မှာမဟုတ်ဘူးလို့ ပုပ် ရဟန်းမင်းကြီးရဲ့ မြန်မာပြည်ခရီးစဉ်နဲ့ပတ်သက်ပြီး ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုလိုက်ပါတယ်။ ပုပ်ရဟန်း မင်းကြီး ဖရန့်စစ်စ်ဟာ လာမယ့် နိုဝင်ဘာ ၂၇ရက်နေ့မှာ မြန်မာပြည်ကို လာရောက်မှာ ဖြစ်ပြီး အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိနေတာပါ။ သတင်း အပြည့်အစုံ ကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်စ်ဟာ လာမယ့် နိုဝင်ဘာ ၂၇ရက်နေ့မှာ သူ့ရဲ့ ပထမဆုံးအကြိမ် မြန်မာပြည် ခရီးစဉ်ကို စတင်မှာဖြစ်ပြီး ခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါ အဝင် အခြား အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ ပြည်သူတွေ၊ လူငယ် တွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ သူ့ရဲ့ မြန်မာပြည် ခရီးစဉ်အတွင်း အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါ ရခိုင် ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးဖို့မရှိဘူးလို့ ပုပ်ရဟန်း မင်းကြီး ဖရန်စစ်စ်ရဲ့ မြန် မာပြည် ခရီးစဉ်နဲ့ ပတ်သက်တဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဘုန်းတော်ကြီး မာရီယားနို စိုးနိုင်က ပြောပါတယ်။

“ကျနေ်ာ့အထင်ကတော့ ဒီအရေးတော့ သူဆွေးနွေးမှာမဟုတ်ပါဘူး၊ ပြီးလို့ရှိရင်လည်း နိုင်ငံတခုရဲ့အနေအထားတခုကိုတော့ ဝင်စွက်ဖက်ခြင်းတော့မရှိဘူး။ လုပ်လေ့လည်းမရှိဘူး။ အဲဒီလို လုပ်လေ့လဲမရှိတဲ့အတွက်ကြောင့်မို့လို့ သူကအခြေအနေတခုမှာ သူကဧည့်သည်အဖြစ်နဲ့လာတယ်ဆိုတော့ အိမ်ရှင်စိတ်ကသိကအောင့်ဖြစ်မယ့်စကားလည်းသူပြောမှာမဟုတ်ဘူး။ အိမ်ရှင်ကို ပိုပြီးတော့ အားရစေတဲ့စကားမျိုး ခွန်အားဖြစ်စေတဲ့စကားမျိုးပဲ သူပြောပါလိမ့်မယ်။ အိမ်ရှင်စိတ်ကို စိတ်ကသိကအောင့် ဖြစ်စေမယ့်စကားတော့ သူပြောမှာမဟုတ်ပါဘူး။”

မြန်မာအစိုးရရဲ့ ရခိုင်အရေး ဖြေရှင်းဆောင်ရွက်ချက်တွေအပေါ်မှာလည်း ပုပ်ရဟန်းမင်းကြီးအနေနဲ့ ဝင် ရောက်စွက်ဖက်တာမျိုး လုပ်မှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

လူသားတွေအကြားမှာ ငြိမ်းချမ်းမှုနဲ့ ရင်းနှီးချစ်ခင်မှုတွေ တိုးပွားလာဖို့ ရည်ရွယ်ပြီး လာရောက်မယ့် ပုပ် ရဟန်းမင်းကြီး ဖရန်စစ်စ်ရဲ့ မြန်မာပြည်ခရီးစဉ်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ကက်သလစ် ဆရာတော် ကြီးတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြောင်း မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုုပ်က ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောဆိုလိုက်ပါတယ်။

လက်ရှိ မြန်မာပြည်မှာ ရခိုင်ပြည်နယ် ပြဿနာနဲ့ ဆက်စပ်ပြီး လုံခြုံရေး ဆိုင်ရာ စိုးရိမ်ချက်တွေရှိပေမယ့် လည်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အနေနဲ့ မြန်မာပြည်ကို ကြွချီလာမှာဖြစ်တယ်လို့ ဘုန်းတော်ကြီး စိုး နိုင်က ပြောပါတယ်။

“ဒီ လုံခြုံရေး Concern ကတော့ အားလုံးမှာရှိတာပေါ့လေနော်။ ဒါပေမယ့် ပုပ်ရဟန်းမင်းကြီးအနေနဲ့ကတော့ အီဂျစ်ပြည်ကိုလည်း သွားခဲ့ပြီးပြီ။ သူ့ကိုစိန်ခေါ်နေတဲ့ကြားထဲသူသွားခဲ့တယ်။ နောက်ပြီးတော့ အစ္စရေးကိုလည်းသူသွားတယ်၊ Palestine ကိုလည်းသူသွားတယ်ဆိုတော့ ဒီအများပိုင်းမီဒီယာတွေက တွဲပြီးပြောတာဘာလဲဆိုရင် ပုပ်ရဟန်းမင်းကြီးနဲ့ကို ရခိုင်အရေးနဲ့ကို အမြဲတမ်းတွဲတွဲပြီးပြောတာရှိတယ်။ တွဲပြောပြီဆိုကတည်းကိုက ဒီ ပုဂ္ဂိုလ်က အရေးပါလို့ပေါ့နော် အားကိုးတကြီးမို့လို့ပြောတာဖြစ်မယ်။ ဒါပေမယ့်လို့ ပုပ်ရဟန်းမင်းကြီးကတော့ ဒီနိုင်ငံရဲ့ ပေါ်လစီ၊ ဒီနိုင်ငံရဲ့ အစိုးရကိုပဲ သူထောက်ခံသွားမှာပါ ကျနော်တို့ကတော့ ဒီလိုပဲ ယုံကြည်ပါတယ်။”

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်စ် မြန်မာပြည်ကို လာရောက်တာဟာ မြန်မာပြည်အတွက်လည်း အကောင်း ဘက်ကို ဦးတည်စေမယ့် အကျိုး သက်ရောက်မှုမျိုး ရှိစေမယ်လို့လည်း သူကဆိုပါတယ်။

ပုပ်ရဟန်း မင်းကြီး ဖရန်စစ်စ်ဟာ သူ့ရဲ့ ၄ရက်ကြာ မြန်မာပြည်ခရီးစဉ်ပြီးဆုံးတာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါ ကာမြို့ကို ဆက်ပြီး ကြွချီမှာဖြစ်ပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံးဟာ ခရစ်ယာန် ဘာသာ ကိုးကွယ်တဲ့ လူဦးရေ သိပ်မများပေမယ့်လည်း ပုပ်ရဟန်းမင်းကြီး အာရုံစိုက်တဲ့နိုင်ငံတွေထဲမှာ ပါဝင်ပြီး ဒီနှစ်နိုင်ငံ စလုံးမှာ ပထမဆုံး ကာဒီနယ်လ်ဘုန်းတော်ကြီးတွေကို ပုပ်ရဟန်းမင်းကြီးက ခန့်အပ်ထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနှစ်နိုင်ငံစလုံးဟာ ပုပ်ရဟန်းမင်းကြီး ပြောဆိုထားဖူးတဲ့ သူတို့ကိုယ် သူတို့ ရိုဟင် ဂျာလို့ ခေါ်တဲ့ မွတ်စလင် လူနည်းစုတွေ ရှိနေတဲ့ နိုင်ငံတွေလည်းဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ရခိုင် ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေရဲ့ အခွင့်အရေး ကိစ္စတွေနဲ့ ပတ်သက်လို့ ထုတ်ဖော် ပြောဆိုခဲ့ဖူးတာတွေ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG