သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗာတီကန်နဲ့ မြန်မာ တရားဝင်သံတမန်ဆက်ဆံရေးထူထောင်ဖို့ သဘောတူ


ပုပ်ရဟန်းမင်းကြီး Francis နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ ဗာတီကန်မှာ တွေ့ဆုံပြီး၊ ဗာတီကန်နဲ့ မြန်မာနိုင်ငံအကြား တရားဝင်သံတမန်ဆက်ဆံရေးထူထောင်ဖို့ သဘောတူလိုက်ကြပါပြီ။

အီတလီနိုင်ငံကိုရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းက ဗာတီကန်နန်းတော်မှာ ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံပြီးတဲ့နောက်၊ မြန်မာနိုင်ငံမှာ ဗာတီကန်သံရုံးဖွင့်လှစ်ပြီး ဗာတီကန်သံကိုယ်စားလှယ်ထားရှိဖို့ သဘောတူလိုက်ကြပြီလို့ ဗာတီကန်က ထုတ်ပြန်ကြေညာတာပါ။ ပုပ်ရဟန်းမင်းကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှု အသေးစိတ်ကို ထုတ်ပြန်ကြေညာခြင်းမရှိပါဘူး။

ပုပ်ရဟန်းမင်းကြီးအနေနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်း မွတ်ဆလင်လူနည်းစုတွေ ခွဲခြားဆက်ဆံခံရတဲ့အပေါ် ဒီနှစ်ဆန်းပိုင်းက ဝေဖန်ပြောဆိုခဲ့ဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေလည်ပိုင်းကတော့ အီတလီလွှတ်တော်မှာ ကျင်းပတဲ့ အမျိုးသမီးရေးရာ ညီလာခံတခုမှာ တတ်ရောက် မိန့်ခွန်းပြောသလို၊ အီတလီ ဝန်ကြီးချုပ် Paolo Gentiloni နဲ့လည်း သီးခြားတွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့တုန်းကတော့ အီတလီ နိုင်ငံခြားရေးဝန်ကြီး Angelino Alfano နဲ့ တွေ့ဆုံစဉ်မှာတော့၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် သူ့ရဲ့ဆောင်ရွက်ချက်တွေါအပေါ် အီတလီနိုင်ငံခြားရေးဝန်ကြီးက ချီးကျူးပြောဆိုခဲ့ပါတယ်။

ဥရောပ သုံးနိုင်ငံ ခရီးစဉ်သွားရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီနိုင်ငံကတဆင့် အင်္ဂလန်နိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။ ဒီမတိုင်ခင်ကတော့ အီးယူ ဥရောပသမဂ္ဂဌာချုပ်ရှိရာ ဘယ်ဂျီယံနိုင်ငံမှာ အီးယူအကြီးအကဲတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG