သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အီတလီ ခေါင်းဆောင်များနှင့် ဆွေးနွေး


ဒေါ်အောင်ဆန်းစုကြည်နဲ့ အီတလီ ဝန်ကြီးချုပ်ဟောင်းတို့တွေ့ဆုံဆွေးနွေးစဉ်။ ဓာတ်ပုံ - နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး
ဒေါ်အောင်ဆန်းစုကြည်နဲ့ အီတလီ ဝန်ကြီးချုပ်ဟောင်းတို့တွေ့ဆုံဆွေးနွေးစဉ်။ ဓာတ်ပုံ - နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး

ဥရောပ ၃ နိုင်ငံကို တရားဝင် သွားရောက်လည်ပတ်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီ ဝန်ကြီးချုပ်ဟောင်း Romano Prodi နဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတကာ အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။ ဒီကနေ့မှာတော့ လက်ရှိ အီတလီ ဝန်ကြီးချုပ် Paolo Gentiloni နဲ့ တွေ့ဆုံပြီး တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို အားကောင်း လာစေရေးအတွက် ဆွေးနွေးဖို့ ရှိပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ ၃ နိုင်ငံ ခရီးစဉ်ထဲက ဒုတိယမြောက် ခရီးတထောက်အဖြစ်နဲ့ အီတလီနိုင်ငံကို မနေ့ ဗုဒ္ဓဟူးနေ့က ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

အီတလီနိုင်ငံမှာ ရှိနေစဉ်အတွင်း ဗုဒ္ဓဟူးနေ့က အီတလီ ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်၊ အီးယူ ဥရောပကော်မရှင် ဥက္ကဋ္ဌဟောင်းလည်း ဖြစ်တဲ့ Romano Prodi နဲ့ တွေ့ဆုံပြီး အာရှ ဒေသတွင်း အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ အီတလီ-မြန်မာ ချစ်ကြည်ရေးအဖွဲ့ဥက္ကဋ္ဌ Carlo Ferrari က ဗွီအိုအေ ရှင်းပြပါတယ်။

“မစ္စတာ Prodi နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးကြတဲ့ အဓိက အကြောင်းအရာကတော့ - နိုင်ငံတကာ အရေးကိစ္စတွေ၊ အရှေ့တောင်အာရှနဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေ အပြင် တရုတ်၊ အိန္ဒိယတို့နဲ့ ဆက်ဆံရေး ကိစ္စရပ်တွေ ဖြစ်ပါတယ်။ မစ္စတာ Prodi ဟာ ဥရောပကော်မရှင်ဥက္ကဋ္ဌ ရာထူးကနေ အနားယူသွားပြီးတဲ့နောက်မှာ နိုင်ငံတကာ နိုင်ငံရေးကိစ္စတွေအတွက် အကြံပေးအဖြစ် ဆောင်ရွက်နေသူ ဖြစ်ပါတယ်။ သူ့ဟာ အရှေ့တောင်အာရှ အရေးကိစ္စတွေကို တိုက်ရိုက် ထိတွေ့ ဆက်ဆံမှု ရှိနေသူတဦးလည်း ဖြစ်ပါတယ်။”

မစ္စတာ Prodi ဟာ အီတလီ ဝန်ကြီးချုပ်အဖြစ် ၁၉၉၆ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အထိ တကြိမ်၊ ၂၀၀၆ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ တကြိမ် ၂ ကြိမ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့သူ တဦးဖြစ်သလို ဥရောပကော်မရှင် ဥက္ကဋ္ဌအဖြစ်လည်း ၁၉၉၉ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့တဲ့ ဝါရင့် အီတလီ နိုင်ငံရေးသမား တဦးဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိ အီတလီနိုင်ငံခြားရေးဝန်ကြီး Angelino Alfano နဲ့ တွေ့ဆုံခဲ့ပါတယ်။

အီးယူ အဖွဲ့ဝင် နိုင်ငံတခုဖြစ်တဲ့ အီတလီနိုင်ငံဟာ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေကို ကူညီ ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အီတလီနိုင်ငံက မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍ မြင့်တင်ပေးရေးအတွက် စက်ပစ္စည်းနဲ့ နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေ ပေးနေတဲ့အပြင်၊ ငလျင်ဒဏ် ခံခဲ့ရတဲ့ ပုဂံမြို့က ရှေးဟောင်းအမွေအနှစ်တွေ ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းတွေ အတွက်လည်း လူအား၊ ငွေအားနဲ့ ကူညီ ထောက်ပံ့ပေးနေတာ ဖြစ်ကြောင်း Carlo Ferrari က ရှင်းပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အီတလီ-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Carlo Ferrari တို့ တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - Facebook
ဒေါ်အောင်ဆန်းစုကြည်နဲ့ အီတလီ-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Carlo Ferrari တို့ တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - Facebook

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့လည် ၂ နာရီမှာ ပုပ်ရဟန်းမင်းကြီး Francis နဲ့ ဗာတီကန် နန်းတော်မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပုတ်ရဟန်းမင်းကြီးနဲ့ ဒုတိယ အကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် အီတလီနိုင်ငံကို ပထမအကြိမ် ရောက်လာစဉ်ကလည်း ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံခဲ့တာပါ။

မြန်မာနိုင်ငံမှာ ခရစ်ယာန် ဘာသာဝင်တွေဟာ လူနည်းစု ဖြစ်ပေမယ့်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ တက်ကြွစွာ ပါဝင် ဆောင်ရွက်နေတာတွေ ရှိတဲ့အတွက် ပုပ်ရဟန်းမင်းကြီး Francis နဲ့ တွေ့ဆုံတဲ့အခါ အဲဒီကိစ္စကို ဆွေးနွေးကြဖို့ အလားအလာ ရှိတယ်လို့ မစ္စတာ Ferrari က သုံးသပ်ပါတယ်။

ကြာသပတေးနေ့ နေ့လည်ပိုင်းမှာတော့ လက်ရှိ အီတလီ ဝန်ကြီးချုပ် Paolo Gentiloni နဲ့ တွေ့ဆုံဖို့ ရှိကြောင်း Carlo Ferrari က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ ဝန်ကြီးချုပ် Gentiloni နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ မစ္စတာ Gentiloni ဟာ နိုင်ငံခြားရေးဝန်ကြီးအဖြစ်နဲ့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာပြီး ရက်ပိုင်းအကြာမှာပဲ အနောက်နိုင်ငံတွေက သူမကို ပထမဆုံး သွားရောက်တွေ့ဆုံတဲ့ အရာရှိကြီးတဦး ဖြစ်ပါတယ်။ ဒါကြောင့် ဒီတွေ့ဆုံမှုဟာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို အားကောင်း လာစေဖို့အတွက် အင်မတန် အရေးပါသလို၊ မြန်မာ အစိုးရသစ်အနေနဲ့ တိုင်းပြည်အတွင်း ဒီမိုကရေစီ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်ရေးအတွက် အီတလီ အစိုးရက ပံ့ပိုးပေးနေတာတွေကိုလည်း အရှိန်မြင့် လုပ်ဆောင်နိုင်ရေးအတွက် အထောက်အကူ ပြုစေမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှတိုက်အတွင်းမှာ အီတလီနိုင်ငံအတွက် အင်မတန် အရေးပါတဲ့ နိုင်ငံတခုအဖြစ် သတ်မှတ်ထားတာ ဖြစ်ကြောင်းလည်း Carlo Ferrari က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ကို ခြုံပြီး ကြည့်ရမယ်ဆိုရင်တော့ ဒါဟာ နိုင်ငံရေးအတွက် လာရောက်တဲ့ ခရီးစဉ်လို့ သုံးသပ်ရမှာဖြစ်ကြောင်းလည်း မစ္စတာ Ferrari က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေ ၄ နာရီမှာတော့ အီတလီ အထက်လွှတ်တော် အဆောက်အဦးကို သွားရောက်ပြီး - အမျိုးသမီးများနဲ့ ဆင်းရဲနွမ်းပါးမှုဆိုတဲ့ ခေါင်းစဉ်နဲ့ ညီလာခံ ကျင်းပနေကြတဲ့ နိုင်ငံတကာ လွှတ်တော်အမတ်များ ညီလာခံမှာ အဖွင့်မိန့်ခွန်း ပြောကြားမှာ ဖြစ်ပါတယ်။

“ဒီညီလာခံဟာ G-7 လို့ခေါ်တဲ့ စက်မှုထိပ်သီး ၇ နိုင်ငံက ခေါင်းဆောင်တွေ လာမယ့် ရက်ပိုင်းအတွင်း ကျင်းပမယ့် ထိပ်သီးစည်းဝေးပွဲရဲ့ တရားဝင် အစိတ်အပိုင်း တခု ဖြစ်ပါတယ်။ တကမ္ဘာလုံးက ရောက်လာကြမယ့် လွှတ်တော် အမတ်တွေအတွက် ဒေါ်အောင်ဆန်းစုကြည်က ဒီ ညီလာခံမှာ အဖွင့်မိန့်ခွန်း ပြောကြားပေးမှာ ဖြစ်ပါတယ်။”

အီတလီ-မြန်မာ ချစ်ကြည်ရေးအဖွဲ့ဟာ နှစ်နိုင်ငံအကြားက ပြည်သူတွေ အချင်းချင်းကြားမှာ ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရေးအတွက် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ မြန်မာနိုင်ငံက ကျောင်းသားတွေအတွက် ပညာရေး အကူအညီ ပေးရေးနဲ့ နှစ်နိုင်ငံအကြား လက်မှု အနုပညာဆိုင်ရာ အပြန်အလှန် ဖလှယ်တဲ့ အစီအစဉ် အကောင်အထည် ဖော်ဆောင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖြစ်ခဲ့ကြောင်းလည်း အီတလီ-မြန်မာ ချစ်ကြည်ရေးအဖွဲ့ဥက္ကဋ္ဌ Carla Ferrari က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၃ ခုနှစ်တုန်းကလည်း အီတလီနိုင်ငံကို တခေါက် သွားခဲ့ဖူးပါတယ်။ အဲဒီတုန်းက နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အီတလီအစိုးရက ရောမမြို့တော်မှာ ဂုဏ်ထူးဆောင် နိုင်ငံသားဘွဲ့ ပေးအပ်ခဲ့ပါတယ်။

ဒီကနေ့ မေလ ၄ ရက်နေ့ ညနေပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ကို ခရီးဆက်မှာ ဖြစ်ပြီး အဲဒီမှာ Freedom of the City of London ဆိုတဲ့ ဂုဏ်ထူးဆောင် ဆုကို လက်ခံ ရယူမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG