သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီး Francis မြန်မာခရီးစဉ် နိုဝင်ဘာ ၂၇ ရက် စမည်


၂၀၁၇ မေလတုန်းက ပုပ်ရဟန်းမင်းကြီး Francis နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံစဉ်
၂၀၁၇ မေလတုန်းက ပုပ်ရဟန်းမင်းကြီး Francis နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံစဉ်

မြန်မာသမ္မတ ဦးထင်ကျော်ရဲ့ ဖိတ်ကြားချက်အရ ပုပ်ရဟန်းမင်းကြီး Francis ဟာ မြန်မာနိုင်ငံကို နိုဝင်ဘာလ ကုန်ပိုင်းမှာ တရားဝင် သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။ ဒါဟာ ပုပ်ရဟန်းမင်းကြီး တပါးအနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက် လည်ပတ်တာ ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ မြန်မာနိုင်ငံကို နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ရောက်ရှိမှာဖြစ်ပြီး ၄ ညနေထိုင်မှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို သွားရောက်မှာဖြစ်ကြောင်း National Catholic Reporter သတင်းမှာ တနင်္လာနေ့က ဖော်ပြထားပါတယ်။ ပုပ်ရဟန်းမင်းကြီး အခုလို သွားရောက်လည်ပတ်ခြင်းကြောင့် ကက်သလစ်ဘာသာဝင် ဗာတီကန်နန်းတော်နဲ့ မြန်မာနိုင်ငံအကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်စေမယ့် သိသာတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး Francis ဟာ ပထမ နေပြည်တော်ကို သွားရောက်ပြီး သမ္မတ ဦးထင်ကျော်အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ရန်ကုန်မြို့က St. Joseph ကက်သလစ် ဘုရားကျောင်း ကွင်းပြင်မှာ လူထု ဝတ်ပြုဆုတောင်းပွဲ ကျင်းပဖို့ရှိတယ်လို့ ထိပ်တန်း ကက်သလစ်တာဝန်ရှိသူတွေကို ကိုးကား ဖော်ပြထားပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ မူလက ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ ၂ နိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားတာဖြစ်ပေမယ့် အိန္ဒိယခရီးစဉ် အဆင်မပြေ ဖြစ်ပြီးတဲ့နောက်မှာ မြန်မာနိုင်ငံကိုသွားဖို့ စီစဉ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေရဲ့ အခွင့်အရေး ကိစ္စတွေနဲ့ပတ်သက်လို့ အရင်က ထုတ်ဖော် ပြောဆိုတာတွေ ရှိခဲ့ဘူးတာအပြင် နိုဝင်ဘာခရီးစဉ်အတွင်းမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံကို သွားရောက်မှာ ဖြစ်တာကြောင့် ဒီခရီးစဉ်အတွင်း ရိုဟင်ဂျာတွေအရေး ၂ နိုင်ငံ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမယ့် အလားအလာ ရှိနေပါတယ်။

လူဦးရေ ၅၁ သန်းကျော်ရှိပြီး ဗုဒ္ဓဘာသာဝင် အများစုနေထိုင်တဲ့ မြန်မာနိုင်ငံမှာ ကက်သလစ် ခရစ္စယာန် ဘာသာဝင်ပေါင်း ၆ သိန်း ၆ သောင်းနီးပါးရှိပြီး ကက်သလစ် ဘုရားကျောင်းပေါင်း ၃၈၄ ခုရှိတဲ့အပြင် ကာဒီနယ် ရဟန်းအမတ် Charles Bo နဲ့ ကက်သလစ် ဘုန်းတော်ကြီး ၁၆ ဦး ၊ ကက်သလစ် ဘုန်းကြီး ၇၀၀ ကျော် ရှိတယ်လို့ ဗာတီကန်နန်းတော်က နောက်ဆုံး ထုတ်ပြန်ထားတဲ့ ၂၀၁၅ ခုနှစ် စာရင်းဇယားမှာ ဖော်ပြထားပါတယ်။

ပုပ်ရဟန်းမင်းကြီး Francis မြန်မာခရီးစဉ် နိုဝင်ဘာ ၂၇ ရက် စမည်
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG