ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်ဟာ လာမယ့်နိုဝင်ဘာလမှာ မြန်မာနိုင်ငံကို လာရောက်နိုင်ခြေရှိတယ်လို့ ဗာတီကန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
အစတုန်းက အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကိုသွားဖို့ စီစဉ်ထားတာကနေ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို သွားနိုင်ခြေ ရှိတယ်ဆိုတာကို အာဂျင်တီးနားအခြေစိုက် Telam သတင်းဌာနက အရင်ဖော်ပြခဲ့ပြီးတော့ အဲဒီသတင်းကို Crux ကက်သလစ် သတင်းအေဂျင်စီက သတင်းရင်းမြစ် အတော်များများကနေ အတည်ပြုနိုင်ခဲ့တယ်လို့ Crux သတင်းဌာနရဲ့ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
ပုပ်ရဟန်းမင်းရဲ့ ခရီးစဉ်တွေကို တရားဝင်ကြေညာတဲ့အချိန်မတိုင်ခင် အတည်ပြုပြောလေ့မရှိတဲ့ အစဉ်အလာအတိုင်း ဒီနှစ်ကုန် မှာ အာရှတိုက်ဘက်ကို ခရီးထွက်ဖို့ လေ့လာနေတယ်လို့ပဲ ဗာတီကန်နန်းတော်ပြောခွင့်ရ Greg Burke ကပြောပြီး နေ့ရက် ဒါမှ မဟုတ် ဘယ်နေရာတွေကို သွားမယ်ဆိုတာ မပြောပါဘူး။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံးဟာ ခရစ်ယာန်ဘာသာကိုးကွယ်တဲ့ လူဦးရေ အနည်းအကျဉ်းပဲရှိတဲ့နိုင်ငံတွေ ဖြစ်ကြပေမဲ့လဲ ပုပ်ရဟန်းမင်းကြီး အာရုံစိုက်တဲ့နိုင်ငံတွေထဲမှာ ပါနေပါတယ်။ ဒီနှစ်နိုင်ငံစလုံးမှာ ပထမဆုံး ကာဒီနယ်လ်ဘုန်းတော်ကြီးတွေကို ပုပ် ရဟန်းမင်းကြီးက ခန့်အပ်ထားပြီးပါပြီး မြန်မာနိုင်ငံမှာ ကာဒီနယ်လ်ဘုန်းတော်ကြီး Charles Bo နဲ့ ဘင်္ဂလားဒေ့ရှ်မှာ ကာဒီနယ်လ် ဘုန်းတော်ကြီး D’Rozario တို့ကို ခန့်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီနှစ်နိုင်ငံစလုံးဟာ ပုပ်ရဟန်းမင်းကြီး ပြောဆိုထားဖူးတဲ့ ရိုဟင်ဂျာမူစလင်လူနည်းစုတွေရှိနေတဲ့ နိုင်ငံတွေလဲဖြစ်ပါတယ်။