သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းအထူးကိုယ်စားလှယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့ဆုံ


ပုပ်ရဟန်းအထူးကိုယ်စားလှယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့ဆုံ (MOI)
ပုပ်ရဟန်းအထူးကိုယ်စားလှယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့ဆုံ (MOI)

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်လူနည်းစုတွေအပေါ် ရက်ရက်စက်စက် ပြုမူနေတယ်လို့ ပုပ်ရဟန်းမင်းကြီးက ဗာတီကန်နန်းတော် ဝတ်ပြုဆုတောင်းပွဲမှာ ဝေဖန်လိုက်ချိန်မှာပဲ ပုပ်ရဟန်းမင်းကြီးရဲ့ အထူးကိုယ်စားလှယ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သူမနေအိမ်မှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။

ရခိုင်ပြည်နယ်အရေး၊ ကချင်ပြည်နယ်အရေးအပါအဝင် ဗာတီကန်နန်းတော်နဲ့ မြန်မာနိုင်ငံ ဆက်သွယ်ရေး သံအမတ် ထားရှိရေး အဓိက ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ ဗာတီကန်နန်းတော်က ပုပ်ရဟန်းမင်းကြီးရဲ့ အထူးကိုယ်စားလှယ် Archbishop Paul Tschang in-Nam နဲ့ဒေါ်အောင်ဆန်းစုကြည် တို့တွေ့ဆုံခဲ့ကြတာ နဲ့ ပတ်သက်လို့ တွေ့ဆုံပွဲမှာ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ရဲ့ ကာဒီနယ်လ် ရဟန်းမင်းအမတ်အဖြစ် မြန်မာနိုင်ငံက ပထမဆုံး ခန့်အပ်ခြင်းခံထားရသူ ကာဒီနယ်ဘုန်းတော်ကြီး ဆရာတော် Charles Bo ကို မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ကာဒီနယ်ဘုန်းတော်ကြီး ဆရာတော် Charles Bo။ ။ ဆရာတော် Charles Boပါ ကာဒီနယ်ပါ။

မဆုမွန်။ ။ ဟုတ်ကဲ့ပါ။ ဗာတီကန်က အထူးကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတယ်လို့ သိရပါတယ်။ ဆရာတော် Charles Bo တို့လည်း လိုက်သွားတယ်ဆိုတော့ အဓိက ဘယ်လို အကြောင်းအရာတွေ ဆွေးနွေးသလဲဆိုတာ ပြောပြပေးပါလားရှင်။

ကာဒီနယ်ဘုန်းတော်ကြီး ဆရာတော် Charles Bo။ ။ အဓိကတော့ ဆရာတော် ကာဒီနယ် Charles Bo နဲ့ ဘန်ကောက်မှာ သီတင်းသုံးနေတဲ့ Vatican Holy See က Archbishop Paul Tschang in-Nam ကိုရီးယားပေါ့နော် သူနဲ့ နောက် မြန်မာပြည် ဆရာတော်ကြီးများရဲ့ အထွေထွေအတွင်းရေးမှူး ဘုန်းတော်ကြီး Father မောရစ်ရော Father ညွန့်ဝေရော ပါတယ်။ ဆွေးနွေးတဲ့အချက်ကတော့ အဓိကတော့ ၂ နှစ် -၃ နှစ်လောက်ရှိပါပြီ ဒေါ်အောင်ဆန်းစုကြည်ကိုပြောထားတာ Vatican Holy See နဲ့ မြန်မာပြည်နဲ့ သံအမတ် အပြန်အလှန်ဆက်သွယ်ရေးနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးကြတာလေနော်၊ Vatican သံအမတ်ဆိုတာ သံရုံးဆိုတော့ တကမ္ဘာလုံးမှာ ၁၇၂ နိုင်ငံနဲ့ အဆက်အသွယ်ရှိတယ်လေ အဲလိုရှိတယ်ဆိုတော့ မြန်မာပြည်လည်း မရှိသေးတဲ့အခါမှာ ရှိဖို့ရန်အတွက်ဆိုပြီးတော့ ဆွေးနွေးကြပါတယ်။

မဆုမွန်။ ။ အဲ့ဒီ့တော့ ဒေါ်အောင်ဆန်းစုကြည်ဘက်က မြန်မာပြည်နဲ့ ပတ်သက်ပြီးတော့ ဘာတွေ များ ပြန် ဆွေးနွေး ပါသလဲရှင်။

ကာဒီနယ်ဘုန်းတော်ကြီး ဆရာတော် Charles Bo။ ။ မြန်မာပြည်နဲ့ ပတ်သက်လို့တော့ ခုနက Vatican နဲ့ မြန်မာပြည်နဲ့ အပြန်အလှန်အကျိုးပြုနိုင်ဖို့ အတွက် အထူးသဖြင့် ၂ ဘက်စလုံးကနေပြီးတော့ အကျိုးရှိပြီးတော့၂ ဘက်စလုံးကနေပြီးတော့အကြံပြုနိုင်ဖို့ နိုင်ငံရေး၊ ဘာသာရေး အထူးသဖြင့် မြန်မာပြည်မှာ လွတ်လွတ်လပ်လပ်နဲ့ ဘာသာပေါင်းစုံကို ကိုးကွယ်နိုင်ဖို့ နဲ့ လူမျိုးပေါင်းစုံ ကို အားလုံးကို မခွဲခြားပဲနဲ့ အရေးပေးနိုင်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတယ်ပေါ့၊ အဲဒီ ဆွေးနွေးတဲ့အထဲမှာလည်း ဒီပြည်တွင်းမှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေပေါ့နော် ရခိုင်မှာပဲဖြစ်နေနေ ၊ ကချင်ပြည်နယ် မှာပဲဖြစ်နေနေ စစ်ဆိုတာ ဘယ်တော့မှ ကောင်းနိုင်တဲ့အရာမဟုတ်ဘူး တိုက်ခိုက်နေတဲ့လူတွေက တရားသောစစ်လို့ပြောပေမယ့်၊ စစ်ဆိုတာ ဘယ်စစ်မှ မတရားဘူး အဲဒါဆိုတော့ ကြားမှာ ပြည်သူပြည်သားတွေ၊ အမျိုးသမီးတွေ ကလေးတွေ ဒုက္ခရောက် နေတယ် အဲဒါကြောင့်မို့လို့ မြန်မာပြည်မှာလည်း တပြည်လုံး အနေနဲ့ အမြန်ဆုံး စစ်များရပ်စဲပြီးတော့ ငြိမ်းချမ်းရေးရဖို့ အဲဒါနဲ့ ပတ်သက်လို့ ပြောကြသေးပါတယ်။

မဆုမွန်။ ။ မနေ့က ဗာတီကန်နန်းတော်မှာ စုဝေးပြုလုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲမှာ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က မြန်မာပြည်နဲ့ ပတ်သက်ပြီးတော့ အဓိက ဆုတောင်းပေးဖို့ ဆိုပြီး ပြောသွားတာ ရှိပါတယ်။ မြန်မာပြည်က ရိုဟင်ဂျာ မူဆလင်တွေနဲ့ပတ်သက်ပြီးတော့။ ဆိုတော့ ဆရာတော်တို့ တွေ့ဆုံတဲ့အခါမှာ ဗာတီကန်ဘက်က သတင်းစကားပါးလိုက်တာမျိုး ခုနကပြောသလို ပုပ်ရဟန်းမင်းကြီးရဲ့ ဒီထည့်သွင်းဆုတောင်းပေးတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့တာမျိုးရော ရှိပါသလား ဆရာတော်။

ကာဒီနယ်ဘုန်းတော်ကြီး ဆရာတော် Charles Bo။ ။ မနေ့ကတော့ အဲဒီသတင်း က သိပ်မတက်သေးတော့ ဆုတောင်းပေးတာနဲ့ ပတ်သက်လို့တော့ မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးတဲ့အထဲမှာတော့ မပြောဖြစ်ခဲ့ဘူး။ ပြောတာက ဘယ်တုန်းကပြောသလဲဆိုတော့ Christmas message မှာ မြန်မာပြည်မှာ အထူးသဖြင့် ကချင်ပြည်နယ်ရော ရခိုင်ပြည်နယ်ရော ဖြစ်ပျက်နေတဲ့အရာတွေပေါ်မှာ အထူးသဖြင့် လူမှုရေးအရ လိုအပ်ချက်များကို ဝိုင်းဝန်းပြီးတော့ on the Human Basic Need တွေကို ဝိုင်းကူညီဖို့နဲ့ မတူညီတဲ့ ယုံကြည်ခြင်းထဲမှာ မတူညီတဲ့ လူမျိုးထဲမှာပေါ့နော် မျှမျှတတနဲ့ အတူတူနေထိုင်နိုင်ကြဖို့ ဆိုတဲ့ လက်ရှိဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်ဖို့ဆိုတဲ့ ပုပ်ရဟန်းမင်းကြီးက Christmas message မှာတခါပြောခဲ့တယ်၊ ဇန်နဝါရီလ အစမှာလည်းပဲ ပုပ်ရဟန်းမင်းကြီးက သံအမတ်တွေနဲ့ စုရုံးတဲ့အခါမှာလည်း ဒီ သံအမတ်တွေကို မြန်မာပြည်နဲ့ ပတ်သက်ပြီး နာမည်ပါ ထုတ်ဖော်ပြီးတော့ပေါ့နော် မြန်မာပြည်မှာ ငြိမ်းချမ်းနိုင်ဖို့ရန်အတွက် ဆိုပြီးတော့ တခါပြောခဲ့ပါတယ်။ မနေ့ကလည်း တခါပေါ့နော် general audiences ဝတ်ပြုဆုတောင်းပွဲမှာ သူကိုယ်တိုင် ရခိုင်ပြည်မှာ ဖြစ်ပျက်နေတဲ့ဟာတွေ ဒုက္ခသည်တွေအတွက် အထူးဆုတောင်းပေးကြဖို့ပေါ့နော် ၊ မြန်မာပြည်လည်း လက်မခံ၊ Bangladesh ကလည်း လက်မခံ ၊ နေရာမဲ့ အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ လူတွေအတွက် အထူးသတိရ ဆုတောင်းပေးပြီးတော့ နိုင်ငံခြားကလူတွေအားလုံး International community တွေနဲ့ ဝိုင်းဝန်းပြီးတော့ ကူညီပေးကြရန်အတွက် ရဟန်းမင်းကြီးက အားပေးခဲ့တယ်ပေါ့။

မဆုမွန်။ ။ ဟုတ်ကဲ့ပါ ဆရာတော်။ အဲ့ဒီ့တော့ ဗာတီကန်နန်းတော်နဲ့ မြန်မာနိုင်ငံနဲ့ ချစ်ကြည်ရေးလုပ်ငန်းတွေကိုလည်း ဆက်ပြီးတော့ လုပ်သွားမယ်ဆိုတော့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ဘာတွေများ ဆွေးနွေးဖြစ်ခဲ့ပါသလဲ ဆရာတော်။

ကာဒီနယ်ဘုန်းတော်ကြီး ဆရာတော် Charles Bo။ ။ ရှေ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတော့ ပထမဦးဆုံးအနေနဲ့ Vatican Holy Seeသံအမတ်ကို မြန်မာပြည်မှာ ထားနိုင်ဖို့ပေါ့နော် အဲလိုထားတယ်ဆိုရင် မြန်မာပြည်နဲ့ Vatican နဲ့က ပိုမိုပြီးတော့ အကြံပေးစရာ အကျိုးပြုစရာ လုပ်နိုင်ဖို့ ရည်ရွယ်တယ်၊ ပထမဦးဆုံးအချက်ကတော့ မြန်မာပြည်အစိုးရအနေနဲ့ကတော့ Vatican သံအမတ်ကို ရန်ကုန်မှာဖြစ်ဖြစ် မြန်မာပြည်မှာ ထားနိုင်ဖို့ ကို ပထမဦးဆုံးဆောင်ရွက်ပြီးတော့ တခြား ဒါပြီးနောက်ပိုင်းမှာ လိုအပ်သမျှကိုလည်း ဆက်လက်ဆောင်ရွက် ဖို့ ရှိပါတယ်။

မဆုမွန်။ ။အခုဒေါ်အောင်ဆန်းစုကြည်နဲ့ ဗာတီကန်က အထူးကိုယ်စားလှယ် အပါအဝင် ဆရာတော်တို့ပါ တွေ့ဆုံခဲ့တဲ့ ဆွေးနွေးမှုအပေါ်မှာ ကျေနပ်အားရမှုရှိပါသလား။ ဆွေးနွေးပွဲကနေ ရှေ့ဆက်ပြီးတော့ ဘယ်လိုလုပ်ငန်းစဉ်တွေ ဆက်သွားမယ် ဆိုတဲ့လုပ်ငန်းစဉ်တွေကိုရော ချနိုင်ခဲ့ပါသလား ဆရာတော်။

ကာဒီနယ်ဘုန်းတော်ကြီး ဆရာတော် Charles Bo။ ။ ဆွေးနွေးတဲ့အပိုင်းမှာ ကြည့်ရမယ်ဆိုရင် အတော့်ကိုပဲ အားရစရာကောင်းတယ်၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ဒီ ဗာတီကန်နဲ့ မြန်မာနိုင်ငံနဲ့ သံအမတ် ဆက်သွယ်ရေး နဲ့ ရုံးထားဖို့ ကိစ္စကို သူ့အနေနဲ့ အမြန်ဆုံး ဆောင်ရွက်ပေးမယ်ဆိုပြီးတော့ သူ အားရပါးရနဲ့ ပြောသွားတယ်၊ ကောင်းမွန်စွာ ဝမ်းသာစွာနဲ့ ခံစားရတယ်ပေါ့နော်၊ အမြန်ဆုံးလည်းဖြစ်လာနိုင်မယ်လို့ ဆရာတော်အနေနဲ့ ယုံကြည်တယ်လေ။

မဆုမွန်။ ။ ဟုတ်ကဲ့ဆရာတော် ဖြေပေးတာ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

ကာဒီနယ်ဘုန်းတော်ကြီး ဆရာတော် Charles Bo။ ။ ကောင်းပြီ Thank you နော်။

ဗာတီကန် အထူးကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပွဲမှာ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ကာဒီနယ်လ် ရဟန်းမင်းအမတ်အဖြစ် မြန်မာနိုင်ငံက ပထမဆုံး ခန့်အပ်ခြင်းခံထားရသူ ကာဒီနယ်ဘုန်းတော်ကြီး ဆရာတော် Charles Boကို မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗာတီကန်အထူးကိုယ်စားလှယ်တို့ကြား ဗာတီကန်နဲ့ မြန်မာနိုင်ငံကြား သံတမန်ဆက်သွယ်ရေးထူထောင်ရေး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်နေမှုတွေနဲ့ပတ်သက်လို့ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြတယ်ဆိုတာကို မြန်မာသမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးကလည်း ဗွီအိုအေမြန်မာပိုင်းကို အတည်ပြုပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG