သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရဟန်းမင်းကြီး ခရီးစဉ်အကြို ရဟန်းအမတ်ရှင်းပြ


မြန်မာနိုင်ငံ ကက်သလစ်ခရစ်ယာန်ရဟန်းအမတ် ချားလ်စ် မောင်ဘို ။
မြန်မာနိုင်ငံ ကက်သလစ်ခရစ်ယာန်ရဟန်းအမတ် ချားလ်စ် မောင်ဘို ။

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွါးနေတဲ့ ရိုဟင်ဂျာမူဆလင်ပဋိပက္ခနဲ့ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်ကို ဝေဖန်နေကြတာတွေက မျှတမှုမရှိဘူးလို့ မြန်မာနိုင်ငံက ကက်သလစ်ခရစ်ယာန်ရဟန်းအမတ် ချားလ်စ် မောင်ဘိုကပြောဆိုလိုက်ပြီး လူမျိုးတုန်းရှင်းလင်းမှုတွေ လုပ်နေတယ်ဆိုပြီး သတ်မှတ်နေကြတာတွေကလည်း အခြေ အနေတွေကို အထောက်အကူမပေးတဲ့အပြင် အပြစ်တင်စောနေတယ်လို့ဆိုပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ မြန်မာပြည်ခရီး စဉ်မတိုင်မှီ အခုလိုပြောဆိုခဲ့တာပါ။ ဒီအကြောင်း ကိုကျော်အောင်လွင်က ဆက်ပြီးပြောပြပါလိမ့်မယ်။

ကက်သလစ်ခရစ်ယန်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နောက်တပတ်ထဲမှာ မြန်မာနိုင်ငံကိုရောက်လာပါလိမ့်မယ်။ သူ့ရဲ့ဒီခရီးစဉ်ဟာ မြန်မာပြည်အတွင်းက ရိုဟင်ဂျာမူဆလင်၆သိန်းကျော်ဘင်္ဂလားဒေ့ချ်နိုင်ငံ ဘက်ထွက်ပြေးနေတဲ့အချိန် ရောက်လာမှာဖြစ်ပြီး ဘင်္ဂလားဒေ့ချ်နိုင်ငံကို သူမသွားခင် မြန်မာပြည်ကိုအရင်ဝင်လာမှာပါ။

ရိုဟင်ဂျာမူဆလင်တွေအုံနဲ့ ကျင်းနဲ့ဘင်္ဂလားဒေ့ချ်နိုင်ငံဘက်ထွက်ပြီးခိုလှုံနေတဲ့ကိစ္စ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပေါ် ခဲ့တဲ့အကြမ်းဘက်မှုတွေနဲ့ ပတ်သက်ပြီး ငြိမ်းချမ်း ရေးနိုဘလ်ဆုရထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာစစ် တပ်နဲ့မြန်မာအာဏာပိုင် တွေကို နိုင်ငံတကာက အပြင်းအထန်ဝေဖန်နေကြတာပါ။

လောလောဆယ်အီတလီနိုင်ငံရောမ မြို့ကိုရောက်နေတဲ့ မြန်မာနိုင်ငံက ကက်သလစ်ခရစ်ယာန်ရဟန်းအမတ် ချားလ်စ် မောင်ဘိုကတော့ ဒေါ်အောင်ဆန်းစု ကြည်ကိုဝေဖန်နေကြ တာတွေက မျှတမှုမရှိဘူးလို့အေပီသတင်းဌာနကိုပြောပါတယ်။

" ဒေါ်အောင်ဆန်းစုကြည်ဟာ အခြေခံဥပဒေအရ စစ်တပ်ကို ဘာမှပြောပိုင်ခွင့်ရှိတာမဟုတ်ပါဘူး။ သူ့အနေနဲ့အစိုးရနဲ့ စစ်တပ်အကြားမှာ သူ့နည်းသူ့ဟန်နဲ့ ပါးပါးနပ်နပ်ကြိုးစားညှိနှိုင်းနေတာပါ။ စစ်တပ်က ကာကွယ်ရေး၊ပြည်ထဲရေးနဲ့ နယ်စပ်ရေးကိစ္စတွေကိုကိုင်တွယ်ထားတဲ့သူဖြစ်လို့ စစ်တပ်ကအညိုအညင်ဖြစ်လာမယ့်အရေးကို ဒေါ်အောင်ဆန်းစု ကြည်က မလိုချင်ပါဘူး။ လွှတ်တော်ထဲမှာလည်း စစ်တပ်က၂၅ရာခိုင်နှုန်းယူထားတာပါ။ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ကို အကန့်အသတ်နဲ့ကြိုးစားဦးဆောင်နေရတဲ့သူပါ။ အဲဒီနေရာမှာ သူမရှိတော့ဘူးဆိုရင် သိပ်ခက်ခဲတဲ့ အခြေ အနေမျိုးကျနော်တို့ကြုံရလိမ့်မယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို အပစ်ဝိုင်းတင်နေကြတဲ့နိုင်ငံတကာအသိုင်းအဝိုင်း ကကောင်းကောင်းသဘောပေါက်ဖို့လိုတယ်လို့ကျနော်ထင်ပါတယ်"

ကာဒီနလ် ချားလ်စ်မောင်ဘိုပြောချင်တဲ့သဘောက ဒေါ်အောင်ဆန်းစုကြည် ကိုဝေဖန်နေတာတွေက တရားမျှတမှုမရှိဘူး လို့ဆိုလိုချင်တာလားလို့ အေပီသတင်းထောက်ကမေးပါတယ်။

"ဟုတ်ပါတယ်။ တော်တော် မမျှမတဝေဖန်နေကြတာပါ။ မြန်မာပြည်မှာ ဒီမိုကရေစီ ထွန်းကားလာအောင်ဒေါ်အောင်ဆန်းစု ကြည်က သူ့နည်းသူ့ဟန်နဲ့ကြိုးပမ်းနေတယ်ဆိုတာကို အချိန်က သက်သေပြပါလိမ့်မယ်။"

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွါးနေတဲ့ပဋိပက္ခတွေက လူမျိုးတုန်းရှင်းလင်းမှု ဒါမှမဟုတ် လူမျိုးဖြုတ်သုတ်သင်မှုလို့သတ်မှတ် ပြောဆိုနေကြတာတွေကိုလည်း သေသေချာချာ စစ်ဆေးလေ့လာပြီးမှပြောသင့်တယ်လို့ ရဟန်းအမတ် ချားလ်စ် မောင်ဘိုကဆိုပါတယ်။

"စစ်သွေးကြွတွေရဲ့လုပ်ရပ်တွေနဲ့မြန်မာစစ်တပ်ကတုန့်ပြန်ခဲ့တဲ့ကိစ္စတွေမှာ အကြမ်းဘက်မှုတွေရှိတယ်ဆိုပေမဲ့ ဒီကိစ္စမှာ တဘက်နဲ့ တဘက်နှိုင်းယှဉ်ပြီးပြောလို့မဖြစ်ပါဘူး။ ဟုတ်ပါတယ်။ အကြမ်းဘက်မှုတွေရှိခဲ့တယ်။ မီးလောင်မှုတွေ သတ် ဖြတ်မှုတွေနဲ့ လူတွေအမြောက်အများ ထွက်ပြေးမှုတွေလည်း ရှိခဲ့တယ်။ ဒါပေမဲ့ လူမျိုးဖြုတ်သုတ်သင်မှု တို့ လူမျိုးတုန်း ရှင်းမှုတို့ဆိုတဲ့ အသုံးအနှုန်းတွေနဲ့ပတ်သက်လို့ ကျနော်က ဒီအရေးမှာ ကျွမ်းကျင်သူမဟုတ်ပါဘူး။ ဒီလိုသိပ်ပြင်းထန်လွန်း တဲ့အသုံးအနှုန်းတွေ တကယ်ပဲ သုံးသင့် မသင့်ဆိုတာကို ကျနော်တို့ အချိန်ယူပြီးစဉ်းစားကြဖို့လိုလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။"

ရဟန်းအမတ် ချားလ်စ် မောင်ဘိုက ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကိုတောင် သတိထားထားသုံးစွဲဖို့ပြောပါတယ်။

"ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို ပုပ်ရဟန်းမင်းကြီးက သတိ အတော်ထားပြီးပြောကြားရပါလိမ့်မယ်။ ဘာကြောင့်လဲဆို တော့ ဒီအသုံးအနှုန်းက နိုင်ငံရေးအရအထိမခံတဲ့အသုံးအနှုန်း၊ အငြင်းပွါးစရာအသုံးအနှုန်းဖြစ်နေလို့ပါ။ ပုပ်ရဟန်းမင်း ကြီးကရိုဟင်ဂျာလို့ပြောရင်လည်း နိုင်ငံရေးအရ ရည်ရွယ်ပြီးပြောတာမဟုတ်ပဲ ရိုဟင်ဂျာတွေအားလုံးကိုနိုင်ငံသားဖြစ် စေလိုတဲ့သဘော ဆုတောင်းတာမျိုးဖြစ်ပါလိမ့်မယ်"

ပုပ်ရဟန်းမင်းကြီးဟာ ရိုဟင်ဂျာအရေးတင်မကပဲ တိုင်းရင်းသားလူမျိုးစုတွေ ညီညွတ်မှုရှိလာအောင်လည်းလုပ်ပေးနိုင် မယ်လို့ ရဟန်းအမတ် ချားလ်စ် မောင်ဘိုကမျှော်လင့်နေပါတယ်။

"ကျနော်တို့တွေ ဘာသာရေးမတူကွဲပြားမှုတွေရှိကြတယ်ဆိုပေမဲ့ တိုင်းရင်းသားလူမျိုးစု အားလုံးညီညွတ်မှုရှိလာစေမယ့် အားမျိုးဖြစ်လာအောင် ပုပ်ရဟန်းမင်းကြီးက လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ ကျနော်တို့မျှော်လင့်ထားပါတယ်။ နှစ်ပေါင်း ၆၀လောက်ပြည်တွင်းစစ်ဖြစ်လာခဲ့တဲ့မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရအောင်လည်း အကြံအညဏ်ပေးတာ အားပေးတာတွေ ကို ပုပ်ရဟန်းမင်းကြီးက လုပ်နိုင်စွမ်းမယ်လို့ ကျနော်တို့မျှော်လင့်ပါတယ်"

နိုဝင်ဘာ ၂၇ရက်ကနေ ၃၀ရက်နေ့အထိ၄ရက်ကြမယ့် ပုပ်ရဟန်းမင်းကြီးရဲ့ ပထမဆုံးမြန်မာပြည်ခရီးစဉ်မှာ နေပြည် တော်နဲ့ ရန်ကုန်မြို့တွေကို သွားရောက်မှာဖြစ်ပြီး သမ္မတဦးထင်ကျော်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် အစိုးရခေါင်းဆောင်ပိုင်းတွေနဲ့တွေ့ဆုံဖို့ရှိပါတယ်။ သံဃာ့နာယကအဖွဲ့တွေ ခရစ်ယာန်အဖွဲ့တွေအပြင် သံတမန် အသိုင်းအဝိုင်းနဲ့ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေနဲ့လည်းတွေ့ဆုံဖို့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG