သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းရဲ့ မြန်မာခရီး ငြိမ်းချမ်းရေးဆောင်ကျဉ်းဖို့ မျှော်လင့်


ကက်သလစ်ခရစ်ယာန် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis
ကက်သလစ်ခရစ်ယာန် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis

ကက်သလစ်ခရစ်ယာန် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis ဟာ မနက်ဖြန် နိုဝင်ဘာလ ၂၇ ရက်နေ့ နေ့လည်ပိုင်းမှာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ဆိုက်ရောက်ကြွချီလာတော့မှာဖြစ်ပါတယ်။ အခုလို ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်တဲ့အပေါ် မြန်မာနိုင်ငံအပေါ် ကောင်းခြင်းတွေနဲ့ မေတ္တာတရားတွေ ငြိမ်းချမ်းမှုတွေကို ဆောင်ကျဉ်းသယ်ဆောင်လာနိုင်မယ်လို့ ကက်သလစ်ဘုန်းတော်ကြီးတွေက ယုံကြည်မျှော်လင့်မှုတွေရှိပါတယ်။ ပုပ်ရဟန်းမင်းကြီး ရဲ့ လေးရက်တာကြာမြင့်မယ့် မြန်မာပြည်ခရီးစဉ်နဲ့ပတ်သက်လို့ နောက်ဆုံးရသတင်းကို မဆုမွန် က တင်ပြပေးပါမယ်။

ပထမဆုံးအကြိမ်ခရီးစဉ်အဖြစ်နဲ့ ကက်သလစ်ခရစ်ယာန်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis မြန်မာနိုင်ငံကို ကြွချီလာတော့မှာဖြစ်ပါတယ်။ မနက်ဖြန် နိုဝင်ဘာလ ၂၇ ရက်နေ့ နေ့လည်ပိုင်းမှာ မြန်မာနိုင်ငံကို ဆိုက်ရောက်လာမယ့် ပုပ်ရဟန်းမင်းကြီးဟာ မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၃၀ရက်နေ့အထိ လေးရက်တာ ကြွရောက်သီတင်းသုံးမှာဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ သူ့ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ ဗာတီကန်နန်းတော်က သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံကို ပုပ်ရဟန်းမင်းကြီး ကြွချီလာတဲ့အပေါ် ငြိမ်းချမ်းခြင်း၊ လူသားအချင်းချင်းကြား ရင်းနှီးချစ်ခင်ခြင်းနဲ့ ချစ်ခြင်း မေတ္တာတရားတွေ ပွားများပြီးတော့ ကောင်းခြင်းတရားတွေ နမိတ်ကောင်းတွေ ဆောင်ကျဉ်းသယ်ဆောင်လာမယ်လို့ ယုံကြည်မျှော်လင့်ကြောင်း ဗာတီကန်နန်းတော်ရဲ့ မြန်မာနိုင်ငံ ရဟန်းအမတ် ကာဒီနယ်ချားလ်စ်မောင်ဘိုရဲ့ လက်ထောက်ဆရာတော် Father Dominic က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ဟုတ်ကဲ့ မြန်မာစံတော်ချိန် နေ့လည် ၁ နာရီမှာ လေယာဉ်ဆိုက်ဖို့ရှိပါတယ်။ အင်မတန်မှ အတိုင်းထက်အလွန်ဝမ်းသာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခရစ်နှစ် ၂၀၁၇ ရှိတဲ့အချိန်မှာ မြန်မာနိုင်ငံကို ပထမဆုံး ရောက်ရှိလာခြင်းဆိုတော့ အတိုင်းထက်အလွန်ဝမ်းသာမိပါတယ်။ သူက ငြိမ်းချမ်းရေးနဲ့ မေတ္တာဆိုင်တဲ့ တမန်တော်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဝမ်းသာတယ် ပျော်ရွှင်တယ်။ သူမြန်မာပြည်ကို ကြွလာခြင်းအားဖြင့် မြန်မာပြည်သူပြည်သားတွေ ရွင်လန်းမယ်၊ ဝမ်းမြောက်မယ်။ နောက်စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်း အပေါင်းနဲ့ ပြည့်ဝစေဖို့ဆိုတဲ့ မျှော်လင့်ချက်တွေတော့ အားလုံးစီမှာ ရှိပါတယ်။”

ပုပ်ရဟန်းမင်းကြီး ကိုယ်တော်တိုင် မြန်မာနိုင်ငံကို ကြွချီလာခြင်းအားဖြင့် အနာဂတ်မြန်မာနိုင်ငံအတွက် ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး သဟဇာတဖြစ်ရေးနဲ့ မင်္ဂလာတရားနဲ့ပြည့်ဝတဲ့ မြန်မာနိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းသာယာမှုတွေ ပေါ်ထွန်းလာမယ်ဆိုတဲ့ ယုံကြည် မျှော်လင့်ချက်များစွာရှိတယ်လို့လည်း ဆရာတော် Father Dominicက ပြောပါတယ်။

“ပုပ်ရဟန်းမင်းကြီးက billions နဲ့ ချီတဲ့လူတွေကို အုပ်ချုပ်တာဆိုတော့လေ ဒီကမ္ဘာ့ခေါင်းဆောင်လို ဖြစ်နေတာပေါ့နော်။ တကမ္ဘာလုံးရဲ့ အကြီးအကဲခေါင်းဆောင်လိုဖြစ်နေတဲ့အခါကျတော့ အများကြီးမျှော်လင့်ပါတယ်။ အဓိကက ဘာလဲဆိုတော့ ပုပ်ရဟန်းမင်းကြီးသွားတဲ့ နိုင်ငံတိုင်း နိုင်ငံတိုင်းက ပုပ်ရဟန်းမင်းကြီးခရီးစဉ် ပြီးသွားတဲ့ နောက်ပိုင်းမှာ နိုင်ငံရေး၊ လူမှုရေး ၊ ဘာသာရေး စီးပွားရေး တခြားအရေးပေါင်းများစွာမှာ တိုးတက်အောင်မြင်သွားသလိုမျိုး မြန်မာပြည်မှာလည်း ဒီလို လူမှုရေးဘာသာရေး၊ နောက်စီးပွားရေး အစစအရာရာမှာ အကုန်လုံးတိုးတက်ပြီးတော့ ပြောင်းလဲသွားမယ်လို့ အကောင်းဘက်ကိုလေ အများကြီးမျှော်လင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပုပ်ရဟန်းမင်းကြီးနိုင်ငံ တနိုင်ငံ သွားပြီးနောက်ပိုင်းမှာ လူတွေရဲ့အမြင်မှာက ဒီနိုင်ငံက ပုပ်ရဟန်းမင်းကြီးကို ကြိုဆိုတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့် လူတွေအားလုံး အနောက်နိုင်ငံသား၊ အရှေ့ နိုင်ငံသားအားလုံးက ဒီနိုင်ငံကို ပိုပြီးတော့မှ အာရုံစိုက်လာပြီးတော့ လူမှုရေးအပိုင်းရော စီးပွားရေးအပိုင်းရော တခြားအရေးပိုင်း၊ နောက် ပညာပိုင်း အကုန်လုံးမှာ အစစအရာရာ သူသွားခဲ့တဲ့နိုင်ငံတွေက သာဓက ဖြစ်တယ်၊ အဲဒီနိုင်ငံတွေက တိုးတက်သွားတာပဲ။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံလည်း တိုးတက်သွားမယ်လို့ မျှော်လင့်တယ်။ ဒီလိုမျှော်လင့်ချက်နဲ့ပဲ သမ္မတကြီး ဦးထင်ကျော်တို့ ၊ နောက်အမေစု တို့ကနေပြီးတော့မှ အဲလိုရည်ရွယ်ချက်တွေနဲ့ ဖိတ်တယ်လို့ ကျနော်မျှော်လင့်ပါတယ် ယုံကြည်ပါတယ်။”

မနက်ဖြန်မှာ မြန်မာနိုင်ငံကို ရောက်ရှိလာမယ့် ကက်သလစ် ခရစ်ယာန်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis ကို ကြိုဆိုကြဖို့ မြန်မာနိုင်ငံတဝှမ်းလုံးမှာ ရှိတဲ့ ထောင်ချီတဲ့ ကက်သလစ်ဘာသာဝင်တွေဟာ ရန်ကုန်ကို ရောက်ရှိလာနေကြပြီဖြစ်ပြီး ပုပ်ရဟန်းမင်းကြီးကို ကြိုဆိုနိုင်ရေး ကား၊ ရထား စတဲ့ ခရီးလမ်းအဆင်ပြေနိုင်ရေး သက်ဆိုင်ရာ ပြည်နယ်တိုင်းအစိုးရတာဝန်ရှိသူတွေက စီစဉ်ပေးနေပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်းက ကက်သလစ်ဘာသာဝင်တွေအပြင် အိမ်နီးချင်းနိုင်ငံတွေနဲ့ တခြားနေရာတွေက ပုပ်ရဟန်းမင်းကြီးကို ဖူးမြင်ချင်သူတွေလည်း သိန်းနဲ့ချီ လာရောက်ကြဖို့ရှိတယ်လို့လည်း ဆရာတော် Father Dominic က ပြောပါတယ်။

“၂၉ ရက်နေ့ မနက် ၈ နာရီခွဲမှာ ကျိက္ကဆံကွင်းopen လုပ်ထားတဲ့ ဆုတောင်းပွဲလေး တခုရှိပါတယ်။ ဝတ်ပြုဆုတောင်းပွဲလေးပေါ့ အဲဒီဆုတောင်းပွဲလေးမှာ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး သိန်းကျော်ပေါ့လေ၊ ဘယ်နှစ်သိန်းလဲတော့မသိဘူး မြောက်များစွာလာပြီးတော့မှ ဆုတောင်းပွဲမှာ ပါဝင်မယ်လို့ မျှော်လင့်ပါတယ်။ တချို့လည်းရောက်တော့ရောက်နေပြီ ရန်ကုန်မြို့မှာ ။ သူ့ကို ဖူးဖို့အတွက် နိုင်ငံတကာက ရောက်လာတာကတော့ ထောင်ကျော်တာပေါ့နော် ၃၀၀၀ ကျော်လောက်ရှိမယ် စာရင်းအရပေါ့လေ။ နိုင်ငံတကာပေါ့ ဥရောပ ပါမယ်၊ အမေရိက ပါမယ်၊ သြစတေးလျ ပါမယ် အာရှပါမှာပေါ့ ။ အများက အာရှိကလာကြတာပေါ့။ သူတို့ မျှော်လင့်ချက်က သူ့ကိုဖူးမြင်ရခြင်းနဲ့ ဒီ ဝတ်ပြုဆုတောင်းပွဲမှာ သူ့ကောင်းကြီးတော်ကို ရဖို့အတွက် လာကြတာပေါ့။”

ပုပ်ရဟန်းမင်းကြီးဟာ လေးရက်တာကြာမြင့်မယ့် သူ့ခရီးစဉ်ရဲ့ အစီအစဉ်ကတော့ နိုဝင်ဘာ ၂၇မှာ မြန်မာနိုင်ငံ ရန်ကုန်ကို ဆိုက်ရောက်မှာဖြစ်ပြီး နိုဝင်ဘာ ၂၈ရက်နေ့မှာတော့ နို်င်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့ဆုံမှာဖြစ်ပြီး နိုဝင်ဘာလ ၂၉ရက်နေ့မှာတော့ ကက်သလစ်ဘာသာဝင်တွေအပါအဝင် သူ့ကိုဖူးမြင်ဖို့ လာရောက်ကြမယ့် ပြည်သူအများနဲ့ ရန်ကုန်မြို့ ကျိက္ကဆံကွင်း တွေ့ဆုံမယ့်ဝတ်ပြုဆုတောင်းပွဲအခမ်းအနားကျင်းပဖို့ရှိပါတယ် နိုဝင်ဘာလ ၃၀ရက်နေ့မှာတော့ စိန့်မေရီ Cathedral မှာ တွေ့ဆုံပွဲရှိပါတယ်။ အဲ့ဒီ့နောက်မှာတော့ ပုပ်ရဟန်းမင်းကြီးဟာ မြန်မာပြည်ကထွက်ခွာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ခရီးဆက်မှာဖြစ်ကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG