သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးနဲ့ သင့်မြတ်ရေးအတွက် ကြိုးပမ်းကြဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်း


မြန်မာနိုင်ငံဟာ ပြည်တွင်း ပဋိပက္ခတွေ တိုက်ပွဲတွေရဲ့ ဒဏ်ကို နှစ်ပေါင်းများစွာ ခံစားနေရပြီး နက်နက်ရှိုင်းရှိုင်း ကွဲပြားမှုတွေ ဖြစ်စေခဲ့တယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒီကနေ့ မိန့်ကြားလိုက်ပါတယ်။ ဒီကနေ့ မြို့တော် နေပြည်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးနောက် ကက်သလစ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က တက်ရောက်လာတဲ့ ဧည့်ပရိသတ်ကို မိန့်ခွန်းပြောခဲ့တာ ဖြစ်ပါတယ်။

" ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ခက်ခဲလှတဲ့ လုပ်ငန်းစဉ်မှာ တရားမျှတမှု၊ လူ့အခွင့်အရေးကို လေးစားလိုက်နာမှုကို အခိုင်အမာ ပိုင်းဖြတ်ချက်နဲ့သာ တိုတက်မှု ရနိုင်မယ်"လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မိန့်ကြားခဲ့ပါတယ်။ ကိုးကွယ်ယုံကြည်မှု ကွဲပြားမှုကြောင့် ကွဲပြားမှုတွေ၊ အယုံအကြည်ကင်းမဲ့မှုတွေ မဖြစ်စေဘဲ ညီညွတ်မှု၊ ခွင့်လွှတ်မှု၊ သည်းခံမှုနဲ့ နိုင်ငံတည်ဆောက်ရေး အတွက် အရင်းအမြစ် ဖြစ်ဖို့ လိုအပ်တယ်လို့လည်း ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်အတွင်း နိုင်ငံတကာ အသိုင်းအဝန်းက အာရုံစိုက်နေကြတဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခနဲ့ ပတ်သက်လို့ ပြောဆိုလိမ့်မယ်လို့လည်း အများက မျှော်လင့်နေကြတာပါ။ ဒါပေမယ့် ဘင်္ဂလားဒေရှ့်ဘက်ကို သိန်းနဲ့ချီ ထွက်ပြေးနေကြရတဲ့ ရိုဟင်ဂျာ မူဆလင်တွေ အရေးကိုတော့ ပုပ်ရဟန်းမင်းကြီးက သူ့ရဲ့ မိန့်ခွန်းမှာ တိုက်ရိုက် ရည်ညွန်းပြောဆိုတာမျိုး မရှိခဲ့ပဲ သင့်မြတ်မှုတွေအတွက် ဝိုင်းဝန်းကြိုးပမ်းကြဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံသားတိုင်း အတွက် တရားမျှတမှု၊ လွတ်လပ်မှုနဲ့ လုံခြုံမှုကို အာမခံပေးနိုင်တဲ့ တိုင်းပြည် တခု အဖြစ် ဆက်လက် တည်ဆောက်နေတဲ့ အကြောင်း ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံကို မနေ့ တနလာၤနေ့က ဆိုက်ရောက်လာတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မြန်မာနိုင်ငံမှာ ဘာသာရေး အရ ခွဲခြားဆက်ဆံမှု မရှိဘူးဆိုပြီး ပုပ်ရဟန်းမင်းကြီးကို ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG