သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအနာဂတ်အတွက် ငြိမ်းချမ်းရေးကို ရှေ့ရှုဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်း


လူတိုင်းရဲ့ လူ့ဂုဏ်သိက္ခာနဲ့ အခွင့်အရေး၊ တိုင်းရင်းသားလူမျိုးစုတိုင်းနဲ့ သူတို့ရဲ့ ထုံးစံဓလေ့တွေအပေါ် လေးစားမှုကိုအခြေခံတဲ့ ငြိမ်းချမ်းရေးဟာ မြန်မာနိုင်ငံရဲ့ အနာဂါတ်ဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီး Francis ကပြောကြားလိုက်ပါတယ်။ ငြိမ်းချမ်းရေးရအောင် ကြိုးစားနေတဲ့ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကြောင့်ဖြစ်လာတဲ့ ဒဏ်ရာတွေကို ကျေအေးခြင်းနဲ့ကုသဖို့ အရေးအကြီးဆုံးဖြစ်တယ်လို့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပထမဆုံးပြောကြားတဲ့ မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။ နေပြည်တော်မှာ သမ္မတဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တေ့ွဆုံမှုအပါအဝင်ပုပ်ရဟန်းမင်းကြီးရဲ့ ဒုတိယနေ့ ခရီးစဉ်အကြောင်း မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

ပုပ်ရဟန်းမင်းကြီး Francis ရဲ့ ခရီးစဉ် ဒုတိယနေ့ဖြစ်တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းက ဘာသာပေါင်းစုံ ခေါင်းဆောင်တွေကို တွေ့ဆုံခဲ့ပြီး နေ့လည်ပိုင်းမှာတော့ နေပြည်တော်ကိုသွားရောက်ပါတယ်။ သမ္မတဖိတ်ကြားချက်ကြောင့် ရောက်လာတဲ့ ပုပ်ရဟန်းမင်းကြီးကို သမ္မတဦးထင်ကျော်က သမ္မတအိမ်တော်မှာ နိုင်ငံတော်အခမ်းအနားနဲ့ ကြိုဆိုပြီးတေ့ွဆုံခဲ့ပါတယ်။ သမ္မတအိမ်တော်မှာပဲ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ နဲ့ ပုပ်ရဟန်းမင်းကြီး သီးခြားတေ့ွဆုံခဲ့ပါတယ်။ အဲဒီနောက် ပုပ်ရဟန်းမင်းကြီးဟာ အစိုးရတာဝန်ရှိသူတွေ၊ သံတမန်တွေ၊ လူမှုအခြေမှုအဖွဲ့ခေါင်းဆောင်တွေကို နေပြည်တော် နိုင်ငံတကာ Convention Center မှာတွေ့ဆုံ မိန့်ခွန်းပြောပါတယ်။ မြန်မာနိုင်ငံခရီးစဉ်အတွင်း ပထမဆုံးပြောကြားတဲ့ မိန့်ခွန်းထဲမှာ ပုပ်ရဟန်းမင်းကြီးက မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကိစ္စတွေကို အလေးထားပြီး ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ ကာလရှည်ကြာထဲက နက်ရှိုင်းတဲ့ ကွဲပြားမှုတွေဖြစ်စေတဲ့ ပြည်တွင်း ပဋိပက္ခတွေနဲ့ ရန်လိုမုန်းတီးမှုတွေကြောင့် ကြီးမားတဲ့ ဝေဒနာတွေကို ခံစားခဲ့ကြရသလို ဆက်လည်းခံစားနေကြရပါတယ်။ လက်ရှိမှာ ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကြောင့် ဖြစ်လာတဲ့ ဒဏ်ရာတွေကို ကျေအေးခြင်းနဲ့ကုသဖို့ဟာ အရေးအကြီးဆုံး နိုင်ငံရေးနဲ့ ဘာသာရေးလုပ်ငန်းစဉ်တွေထဲက အမြင့်မားဆုံး လုပ်ငန်းစဉ်တခုဖြစ်ရပါမယ်။”

မြန်မာနိုင်ငံငြိမ်းချမ်းစေဖို့ အစိုးရရဲ့ဆောင်ရွက်မှုတွေကို သူ့အနေနဲ့ နှစ်သက်အားရတယ်လို့လည်း ပုပ်ရဟန်းမင်းကြီး က မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်ဆိုတဲ့ အစ္စလာမ်ဘာသာဝင်တွေအရေးကို ထုတ်ဖော်ပြောကြားခဲ့ဖူးတဲ့ ပုပ်ရဟန်းမင်းကြီးက အဲဒီကိစ္စကိုတော့ မိန့်ခွန်းထဲမှာတိုက်ရိုက်ပြောမသွားခဲ့ပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ လူတိုင်းရဲ့ လူ့ဂုဏ်သိက္ခာနဲ့ အခွင့်အရေး၊ မတူကွဲပြားမှုတွေအပေါ်လေးစားမှု အခြေခံတဲ့ ငြိမ်းချမ်းရေးက အရေးကြီးတယ်လို့ ခုလို ပြောကြားသွားခဲ့ပါတယ်။

“မြန်မာနိုင်ငံရဲ့ အနာဂါတ်ဟာ ငြိမ်းချမ်းရေးဖြစ်ရပါမယ်။ လူတိုင်းရဲ့ လူ့ဂုဏ်သိက္ခာနဲ့ အခွင့်အရေးတွေကို လေးစားမှု၊ တိုင်းရင်းသားလူမျိုးစုတိုင်းနဲ့ သူတို့ရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာတွေကို လေးစားမှု၊ တရားဥပဒေကို လေးစားလိုက်နာမှု၊ ဘယ်သူ့ကိုမှ ချန်လှပ်မထားဘဲ အများအကျိုးအတွက် ပံ့ပိုးပေးနိုင်အောင် လူတဦးစီတိုင်း အဖွဲ့တိုင်းကိုမြှင့်တင်ပေးတဲ့ ဒီမိုကရေစီစနစ်အပေါ် လေးစားမှု စတဲ့လေးစားမှုတွေအပေါ် အခြေခံတဲ့ ငြိမ်းချမ်းရေးမျိုးဖြစ်ပါတယ်။”

ဒီအခမ်းအနားမှာပဲ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကတော့ ရခိုင်အရေးကိစ္စနဲ့ပတ်သက်လို့ ခုလိုမိန့်ခွန်းထဲမှာ ထည့်ပြောခဲ့ပါတယ်။

“မြန်မာအစိုးရ ရင်ဆိုင်နေရတဲ့ များစွာသောစိန်ခေါ်မှုတွေထဲက ရခိုင်အခြေအနေကတော့ ကမ္ဘာရဲ့ စိတ်ဝင်စားမှု အခံရဆုံး စိန်ခေါ်မှုတခုဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာရှိနေတဲ့ မတူညီတဲ့ အသိုင်းအဝိုင်းတွေကြား ယုံကြည်မှု၊ နားလည်မှု၊ သဟဇာတဖြစ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေပျက်ပြားစေခဲ့တဲ့ ဟိုးအရင်ထဲကရှိနေခဲ့တဲ့ လူမှုရေး၊ စီးပွားရေး နဲ့ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကြိုးစားနေချိန်မှာ ပြည်သူတွေနဲ့ မြန်မာနိုင်ငံ အောင်မြင်တာကိုပဲ မြင်ချင်တဲ့ မိတ်ဆွေကောင်းတွေရဲ့ အားပေးမှုဟာ တန်ဖိုးဖြတ်လို့ မရပါဘူး။”

အစိုးရအနေနဲ့ အားလုံးရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးနိုင်အောင် ဆောင်ရွက်နေတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ခုလို ပြောပါတယ်။

“မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ အများကြီးရှိပါတယ်။ စိန်ခေါ်မှု တခုတိုင်းကနေ ခိုင်မာမှု၊ စိတ်ရှည်မှုနဲ့ ရဲရင့်မှုတွေ ရှိလာစေပါတယ်။ မြန်မာနိုင်ငံဟာ မတူညီတဲ့လူမျိုး၊ ဘာသာစကားနဲ့ ဘာသာယုံကြည်မှုတွေ အသီးသီး ရောယှက်နေတဲ့ အလားအလာကောင်းတွေရှိတဲ့နိုင်ငံတခုဖြစ်ပါတယ်။ ဒီလိုမတူကွဲပြားမှုတွေရဲ့ ထူးခြားမှုကို အင်အားတခုဖြစ်စေဖို့အတွက် အားလုံးရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေး၊ နားလည်သည်းခံစိတ်ရှည်ကြအောင်အားပေး၊ အတူတကွလုံခြုံမှု ရှိအောင်လုပ်ဖို့က အစိုးရရဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။”

မြန်မာနိုင်ငံနဲ့ Vatican နိုင်ငံကြားသံတမန်ဆက်ဆံရေးတည်ထောင်ခဲ့တဲ့ ၆ လအတွင်း ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံကို လာရောက်တဲ့အပေါ် ဝမ်းသာဂုဏ်ယူကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်ရော ပုပ်ရဟန်းမင်းကြီး Francis ပါမိန့်ခွန်းထဲမှာ ပြောကြားသွားခဲ့ကြပါတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည် တည်ဆောက်ရေးမှာ ကူညီဖို့ ပုပ်ရဟန်းမင်းကြီး Francis က ကမ်းလှမ်းခဲ့ပြီးနောက်မှာ သံတမန်ဆက်ဆံရေးကို ထူထောင် ခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် မေလဆန်းတုန်းက Vatican ကိုသွားရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပုပ်ရဟန်းမင်းကြီးတို့ တေ့ွဆုံအပြီး မြန်မာနိုင်ငံနဲ့ Vatican ကြားမှာ သံတမန်ဆက်ဆံရေး စတင်မယ်လို့ ကြေညာခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး Francis ဟာ အင်္ဂါနေ့ ညပိုင်းမှာပဲ ရန်ကုန်မြို့ကို ပြန်လာပါတယ်။နိုဝင်ဘာ ၂၉ ရက်နေ့ကတော့ မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်ကသာမက တခြားနိုင်ငံတွေကပါရောက်နေကြတဲ့ ကက်သလစ်ဘာသာဝင်တွေအားလုံးကို ပုပ်ရဟန်းမင်းကြီး Francis ကဦးဆောင်ပြီး ဆုတောင်းဝတ်ပြုပွဲကြီး ကျင်းပမှာဖြစ်ပါတယ်။ ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ မနက်ပိုင်းပြုလုပ်မယ့် မစ္ဆားတရားပွဲကို ပရိတ်သတ် သိန်းချီလာရောက်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ဗုဒ္ဓဟူးနေ့ ညနေပိုင်းကျရင်တော့ ပုပ်ရဟန်းမင်းကြီးဟာ သံဃာ့မဟာနာယကအဖွဲ့ဘုန်းတော်ကြီးတွေနဲ့ ကမ္ဘာအေးမှာ တွေ့ဆုံဖို့ရှိပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံတဝန်းလုံးက ကက်သလစ် ဂိုဏ်းအုပ်ဆရာတော်တွေကို St. Mary Cathedral မှာ ပုပ်ရဟန်းမင်းကြီး Francis တွေ့ဆုံမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG