သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီးဦးဆောင်တဲ့ ရန်ကုန် ဝတ်ပြုဆုတောင်းပွဲ


အကြမ်းဖက်မှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဒဏ်ရာတွေ ခံစားနေကြရသူ အများအပြားရှိတဲ့ မြန်မာနိုင်ငံမှာ ခွင့်လွှတ်သည်းခံခြင်းနဲ့သာ ဒဏ်ရာတွေ ပျောက်ကင်းအောင်လုပ်နိုင်လိမ့်မယ်လို့ ပုပ်ရဟန်းမင်းကြီး Francis ကပြောကြားခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီး မစ္ဆားတရားဟောကြားပြီး ဦးဆောင်ဝတ်ပြုဆုတောင်းတဲ့အခမ်းအနားမှာ ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ လက်တုံ့ပြန်ခြင်းဟာ ယေရှုရဲ့ လမ်းစဉ်မဟုတ်ဘူးလို့ ပုပ်ရဟန်းမင်းကြီးပြောကြားခဲ့တဲ့ မစ္ဆားတရားပွဲကို ရန်ကုန်မြို့ကျိုက္ကစံကွင်းမှာ ကိုယ်တိုင်သတင်းယူခဲ့တဲ့ မစုမြတ်မွန်က ဆက်ပြီးတင်ပြပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်တတိယနေ့မှာ အများပြည်သူအတွက် ဝတ်ပြုဆုတောင်းပွဲကို ရန်ကုန်ကျိုက္ကစံကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ မစ္ဆားတရားကို ကြားနာနိုင်ငံကြဖို့အတွက် မြန်မာနိုင်ငံဒေသစုံက ကက်သလစ်ဘာသာဝင်တွေဟာ ညသန်းခေါင်ကျော်ချိန်ထဲက ကျိုက္ကစံကွင်းကြီးထဲမှာ လာရောက်စောင့်စားနေခဲ့ကြတာပါ။ မြန်မာနိုင်ငံတဝန်း ကက်သလစ်ဘာသာဝင် ၇ သိန်းလောက်သာ ရှိပေမဲ့ ဝတ်ပြုပွဲကို လာကြတဲ့ ပြည်တွင်း ပြည်ပဘာသာဝင် ၁ သိန်းကျော်လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဒီနေရာရောက်အောင် ဝေးလံတဲ့ တောင်ပေါ်ဒေသကလာကြသူတွေ။ ခက်ခက်ခဲခဲလာကြသူတွေရှိတယ်ဆိုတာကို သူ့အနေနဲ့သိရှိကြောင်း ပုပ်ရဟန်းမင်းကြီးက ဝတ်ပြုဆုတောင်းပွဲအစမှာ ပြောကြားခဲ့ပါတယ်။ သူကိုယ်တိုင်လည်း မြန်မာနိုင်ငံဆီကို ဘုရားဖူးတယောက်အနေနဲ့လာရောက်တာဖြစ်ပြီး ဘာသာဝင်တွေဆီကသင်ယူဖို့ နှစ်သိမ့်အားပေးဖို့ ရောက်လာခဲ့တာဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။ စစ်ပွဲတွေ။ ပဋိပက္ခတွေရဲ့ဒဏ်ကိုခံနေကြသူတွေရှိတဲ့ မြန်မာနိုင်ငံမှာ မုန်းတီးမှုတွေ။ ငြင်းပယ်ခံရမှုတွေကို ချစ်ချင်းမေတ္တာနဲ့ အောင်မြင်ကျော်လွှားနိုင်မယ်လို့ ပုပ်ရဟန်းမင်းကြီးက ခုလိုဟောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံကလူတော်တော်များများဟာ အကြမ်းဖက်မှုတွေကြောင့် စိတ်ပိုင်းဒဏ်ရာ။ ရုပ်ပိုင်းဒဏ်ရာတွေကို ခံစားနေကြရသူတွေဖြစ်ကြပါတယ်။ လက်စားခြေ၊ တုံ့ပြန်ခြင်းနဲ့ အဲဒီဒဏ်ရာတွေကို ကုသပျောက်ကင်းနိုင်မယ်လို့ ထင်ကြပါတယ်။ ဒါပေမဲ့ လက်စားခြေတုံ့ပြန်ခြင်းဟာ ယေရှုရဲ့ လမ်းစဉ်မဟုတ်ပါဘူး။”

ယေရှုခရစ်တော်ဆိုရင် မုန်းတီးမှု။ ငြင်းပယ်ခံရမှုတွေကြောင့် ကားစင်တင်ခံရပေမဲ့သူဟာ ခွင့်လွှတ်ခြင်း။ သနားကြင်နာခြင်းတို့နဲ့သာ တုံ့ပြန်ခဲ့ကြောင်းကိုလည်း ပုပ်ရဟန်းမင်းကြီး Francis ကဥပမာပေးပြောကြားခဲ့ပါတယ်။ အဆိုးဆုံး နာကြည်းမှု။ နာကျင်ခံစားမှုတွေကို ခွင့်လွှတ်ခြင်းနဲ့ ပြေပျောက်စေနိုင်မယ်လို့ တရားဟောပါတယ်။ ဒုက္ခရောက်နေသူတွေကို ကူညီဖေးမပေးတဲ့ မြန်မာနိုင်ငံက ကက်သလစ်ဘာသာဝင်တွေကိုလည်း ပုပ်ရဟန်းမင်းကြီးက အသိအမှတ်ပြုချီးကျူးသွားခဲ့ပါတယ်။

“မြန်မာနိုင်ငံက ကက်သလစ်အသင်းတော်ဟာ ဘုရားသခင်ရဲ့ ကုသခြင်းကို လိုအပ်သူတွေဆီ အရောက်သွား ကုသပေးနေပါတယ်။ အခက်အခဲ အတားအဆီးတွေကြားက လူနည်းစု လူမျိုးစုတွေဆီသွားပြီး တရားဟောပြောနေပါတယ်။ အတင်းသိမ်းသွင်းတာမျိုးမဟုတ်ဘဲ ဖိတ်ခေါ်ကြိုဆိုခြင်းဖြင့်သာ ဆောင်ရွက်ကြပါတယ်။ လူမျိုး။ ဘာသာ။ လူကြီးလူငယ်မရွေး ဆင်းရဲသား ဒုက္ခရောက်နေသူတွေကို ကူညီပေးနေကြပါတယ်။ ချီးကျူးခံထိုက်တဲ့ ကူညီစောင့်ရှောက်မှုတွေကို မြန်မာနိုင်ငံ ကက်သလစ်အသင်းတော်ကြီးနဲ့ ကက်သလစ်အဖွဲ့အစည်းတွေက ဆောင်ရွက်နေကြပါတယ်။”

မြန်မာနိုင်ငံက ကက်သလစ်အသင်းတော်နဲ့ မြန်မာနိုင်ငံကြီးငြိမ်းချမ်းအောင် ဘုရားသခင်ကောင်းချီးပေးပါစေလို့လည်း ပုပ်ရဟန်းမင်းကြီးက ဆုတောင်းပေးခဲ့ပါတယ်။ ခုလိုပုပ်ရဟန်းမင်းကြီးဟောကြားတဲ့ တရားကိုနာရတဲ့အတွက် ခွန်အားဖြစ်စေတယ်လို့ တနင်္သာရီတိုင်း မြိတ်မြို့ကနေလာတဲ့ ကိုစောအောင်သူက ပြောပါတယ်။

“ဝမ်းသာပီတိဖြစ်ပြီးမှပဲ တော်တော်ခွန်အားလည်းရသလို ပီတိလည်းဖြစ်သလို ဒီကိုလာရတာ အကျိုးနပ်ပါလားဆိုပြီးမှ အဲဒီလောက်ထိကို ကျနော် ခံစားရပါတယ် ။ ကျနော့်မိသားစုဝင်တွေအတွက်လည်း ကျနော်ဆုတောင်းပေးတယ်။ ကျနေ်ာ့နိုင်ငံအတွက် ကျနော်လူမျိုး တိုင်းရင်းသားတွေအတွက် ပြီးတော့မှ ကျနော်တို့ ကမ္ဘာကြီးမှာရှိတဲ့ ဘာသာသူ ခရစ်ယာန်ညီအကို မောင်နှမတွေအားလုံးအတွက်ကိုလည်း စိတ်ကနေပြီးတော့မှ ဆုတောင်းပေးပါတယ်။”

ချင်းပြည်နယ်ကလေးမြို့ကနေလာပြီး မစ္ဆားတရားနာကြားခဲ့တဲ့ Sister Say Say Lucia ကလည်းမြန်မာနိုင်ငံကြီးငြိမ်းချမ်းဖို့ ပုပ်ရဟန်းမင်းကြီးနဲ့အတူ ဆုတောင်းခဲ့တယ်လို့ပြောပါတယ်။

“Sister တို့ကတော့ ခရစ်ယာန် ဘာသာဝင်တယောက်အနေနဲ့ အရမ်းခံစားရတယ် ပျော်တယ်။ ပျော်လွန်းလို့ မျက်ရည်တောင်ကျတယ်ပေါ့နော် ဘာဖြစ်လို့လဲဆိုတော့ Sister ကတော့ဆုတောင်းခဲ့တယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ ကောင်းချီးလူသားတွေအပေါ်မှာသက်ရောက်ပါစေ၊ လူသားတွေ ပျော်ရွင်ကြပါစေ၊ ငြိမ်းချမ်းကြပါစေ ကျမတို့ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ လို့ ဆုတောင်းပါတယ် Sister ကတော့။”

ပုပ်ရဟန်းမင်းကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ ဘာသာဝင်တွေအတွက် အထွဋ်မြတ်ဆုံးဖြစ်တဲ့ ဝတ်ပြုဆုတောင်းပွဲကြီးကတော့ ပြီးဆုံးသွားပါပြီ။ မြန်မာနိုင်ငံ ဒေသအနှံ့က ဘာသာဝင်တွေသာမက။ တခြားနိုင်ငံကဧည့်သည်တွေပါ ပါဝင်ဝတ်ပြုကြတဲ့ပွဲမှာ ဘာသာဝင်တွေရဲ့ မျက်နှာပေါ်မှာ ကြည်ညိုသက်ဝင်ခြင်း။ ဝမ်းမြောက်ခြင်း။ စိတ်လှုပ်ရှားခြင်းဆိုတဲ့ ခံစားချက်တွေထင်ဟပ်နေတာကို မြင်ရတာ စိတ်ကြည်နူးစရာဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ဒီကနေ့ ညနေပိုင်းမှာ ဗုဒ္ဓမဟာသံင်္ဃာ့နာယကဘုန်းတော်ကြီးတွေကို ကမ္ဘာအေးကုန်းမြေမှာ သွားရောက်တေ့ွဆုံပါတယ်။ အဲဒီနောက်မှာတော့ မြန်မာနိုင်ငံဒေသစုံက Bishop ဂိုဏ်းအုပ်ဆရာတော်တွေနဲ့ St. Mary Cathedral မှာတေ့ွဆုံပြီး သူ့ရဲ့ တတိယမြောက်နေ့ မြန်မာနိုင်ငံခရီးစဉ်ကို ပြီးဆုံးစေပါတယ်။

တိုက်ရိုက် လင့်ခ်


ဆက်စပ်သတင်းများ ...

XS
SM
MD
LG