သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းဒင်လူသတ်မှု တပ်မတော် သတင်းထုတ်ပြန်ချက် အကဲခတ်တွေကြိုဆို


အင်းဒင်သုသာန်အလောင်းတွေ့မှု နှင့် ပတ်သက်ပြီး တပ်မတော် စုံစမ်းစစ်ဆေးရေးအဖွဲ့စစ်ဆေး (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
အင်းဒင်သုသာန်အလောင်းတွေ့မှု နှင့် ပတ်သက်ပြီး တပ်မတော် စုံစမ်းစစ်ဆေးရေးအဖွဲ့စစ်ဆေး (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာသုသာန်မှာတွေ့ရှိတဲ့ ရုပ်အလောင်းတွေဟာ ရွာသားတချို့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သတ်ဖြတ်ခဲ့တဲ့ ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦး ဖြစ်ကြောင်း တပ်မတော်က စုံစမ်းစစ်ဆေးပြီး သတင်းထုတ်ပြန်လိုက်တဲ့အပေါ် မြန်မာနိုင်ငံရေးသုံးသပ်သူတွေက ကြိုဆိုလိုက်ပါတယ်။ တဆက်တည်းမှာပဲ ဒီပြစ်မှုကို တရားဥပဒေနဲ့အညီအရေးယူဆောင်ရွက်မယ်ဆိုရင် နိုင်ငံတကာရဲ့ ဖိအားတွေကို လျော့ကျစေနိုင်မယ်လို့ ရှုမြင်ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မောင်တောမြို့နယ် အင်းဒင်ရွာသုသာန်မှာတွေ့ရှိတဲ့ အမည်မသိရုပ်အလောင်း ၁၀လောင်း နဲ့ပတ်သက်ပြီး ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ တပ်မတော်သား၊ လုံခြုံရေးတပ်ဖွဲ့ဝင်နဲ့ အရပ်သားဝန်ထမ်းအပြင် ဒေသခံရွာသား လူ ၅၀ လောက်ကို စစ်ဆေးပြီးတဲ့နောက်မှာ ဒီရုပ်အလောင်းတွေဟာ ဘဂ်လီအကြမ်းဖက် သမားတွေဖြစ်ကြောင်းနဲ့ ရွာသားအချို့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သတ်ဖြတ် တာဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

သတ်ဖြတ်မှုမှာ ပါဝင်သူတွေကို ဥပဒေနဲ့အညီ အရေးယူမှာဖြစ်သလို အထက်အဆင့်က တာဝန်ရှိ ကွပ်ကဲသူတွေကိုလည်း ဖော်ထုတ်အရေးယူမှာဖြစ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ တပ်မတော်က ဒီလို ထုတ်ပြန်တာနဲ့ပတ်သက်ပြီး နိုင်ငံရေးသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက အခုလို သုံးသပ်ပြောဆိုပါတယ်။

" တပ်မတော်စုံစမ်းစစ်ဆေးရေးအဖွဲ့ကနေပြီးတော့ပေါ့လေ စနစ်တကျ စုံစမ်းစစ်ဆေးပြီးတော့ ဒီလိုတွေ့ရှိချက်ကို တရားဝင်ထုတ်ပြန်တာမျိုးက ကြိုဆိုရမယ့်ခြေလှမ်းပဲလို့ ကျနော်ကတော့မြင်တယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ တရားဥပဒေနဲ့အညီပေါ့လေ ထိထိရောက်ရောက်အရေးယူဆောင်ရွက်နိုင်ဖို့ လိုအပ်တယ်လို့မြင်တယ်။ အဲ့ဒီ့တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နိုင်မှုကိုလည်း သတင်းမီဒီယာတွေရော နိုင်ငံတကာရော အချိန်နဲ့တပြေးညီ သိရှိနိုင်အောင် ဆောင်ရွက်နိုင်မယ်ဆိုရင် ပိုပြီးတော့ ထိရောက်နိုင်မယ်လို့မြင်တယ်။ ကျနော်တို့မှာ အမှားမရှိဘူး လိုအပ်ချက်မရှိဘူး အားနည်းချက်မရှိဘူးလို့ အလုံးစုံ ခုခံကာကွယ်နေတဲ့ ပုံစံမျိုးကနေ ပြီးတော့ လက်ရှိအခြေအနေမှာ ဒါဟာ ပြောင်းလာတဲ့အနေအထား ဖြစ်ကောင်းဖြစ်နိုင်တယ်လို့တော့ သုံးသပ်ပါတယ်။"

ဒီလို ထုတ်ပြန်လိုက်တာကြောင့် နိုင်ငံတကာက စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ စေလွှတ်ရေး အတွက် ပိုမိုတောင်းဆိုလာနိုင်သလို မှန်မှန်ကန်ကန် တရားစီရင်နိုင်မယ်ဆို နိုင်ငံတကာ ဖိအားတွေ လျော့ကျလာနိုင်မယ်လည်း ရှုမြင်ကြောင်း ပြောပါတယ်။

"တဖက်မှာလည်းပဲ နိုင်ငံတကာအသိုင်းအဝိုင်းကတော့ စုံစမ်းစစ်ဆေးတဲ့အဖွဲ့တွေ စေလွှတ်မယ့်ကိစ္စနဲ့ပတ်သက်ပြီးတော့ ဖိအားပေးတာမျိုးတွေ ပြောလာတာမျိုးတွေကတော့ များလာနိုင်တယ်။ တချိန်တည်းမှာပဲ ကိုယ့်ဘက်က စုံစမ်းစစ်ဆေးမှုတွေ ဖော်ထုတ် အရေးယူမှုတွေ တရားစီရင်မှုတွေဟာ လွတ်လပ်ပွင့်လင်းပြီးတော့ တရားမျှတနေမယ် ဆိုရင် နိုင်ငံတကာရဲ့ဖိအားတွေကို အတန်အသင့် ဖြေလျော့နိုင်မယ်လို့မြင်တယ်။"

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်ကလည်း သူ့အမြင်ကို အခုလို ပြောပါတယ်။

" နိုင်ငံတကာဖိအားကတော့ ဒါတွေကို မတွေ့လည်း ဖိအားကတော့ ပေးနေမှာပဲလေ။ သူတို့ပေးရတဲ့အကြောင်းတရားက ရည်ရွယ်ချက်က တမျိုးကို။ အခုလိုတွေ့တဲ့ အခါကျတော့လည်း ပိုပေးမှာပေါ့လေ။ ဒီလိုရှိတာကိုး။ ဖြစ်ပေါ်ဖြစ်သွားတဲ့ဖြစ်စဉ်ကလည်း အစအဆုံးကြည့်လိုက်တဲ့အခါကျတော့ တဘက်က မချိမဆန့် မတရားလုပ်တဲ့ အတွက်ကြောင့်မို့လို့ ပြန်လုပ်ကြရင်းနဲ့ မှားကုန်ကြတာကိုး။ သူက လက်သီးနဲ့ထိုးတော့ ကိုယ်က ပါးပြန်ရိုက်တဲ့သဘောမျိုး အဲ့လိုဖြစ်သွားတော့ ဒီလိုဖြစ်သွားပြီဆိုရင် ရာဇဝတ်မှုဖြစ်တဲ့အတွက်ကြောင့် တရားဥပဒေလမ်းကြောင်းကပဲ ဆက်သွားသင့်တယ်လို့ ကျနော်တို့ကတော့ ကော်မန့်ပေးချင်တာပေါ့နော်။"

၂၀၁၇ခုနှစ် စက်တင်ဘာလ ၁ရက်နေ့မှာ လုံခြုံရေးတပ်ဖွဲ့ နယ်မြေရှင်းလင်းစဉ်မှာ အကြမ်းဖက်သမား ၂၀၀လောက် တုတ်၊ဓားလက်နက်တွေနဲ့ တိုက်ခိုက်ခဲ့တဲ့ကြောင့် သေနတ်ဖောက်တားမြစ်ပြီး အကြမ်းဖက်သမား ၁၀ကို ဖမ်းဆီးခဲ့ကြောင်း၊ သူတို့ကို ရဲစခန်းကို လွဲှပြောင်းအပ်နှံဖို့ စီစဉ်ခဲ့ပေမဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေ ဆက်တိုက်ဖြစ်ပွားခဲ့ တာကြောင့် ရဲစခန်းကို လွဲှပြောင်းဖို့ အခြေအနေမရှိတာကြောင် သုသာန်ကို ခေါ်ဆောင်သတ်ဖြတ်ဖို့ ဆုံးဖြတ်ခဲ့တာကိုတွေ့ရှိရကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လောလောဆည်မှာတော့ ၂၀၁၇ခုနှစ် သြဂုတ်မှာဖြစ်ပွားတဲ့အကြမ်းဖက်တိုက်ခိုက်မှုကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရှင်းလင်းခဲ့တဲ့နောက် မူဆလင် ၆ သိန်းခွဲလောက်ဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို တိမ်းရှောင်သွားခဲ့ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေဟာ လူမျိုးတုံးသတ်ဖြတ်တဲ့အခြေအနေဖြစ်တယ်လို့ အမေရိကန်အစိုးရက ဖော်ပြပြောဆိုခဲ့သလို။ ကုလသမဂ္ဂကလည်း လူမျိုးပြုတ်ရှင်းလင်း သုတ်သင်တဲ့ အခြေအနေရောက်နေတယ်လို့ ဆိုနိုင်ကြောင်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG