သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းဒင်သုသာန်အလောင်းတွေ့မှု ရွာသားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့လက်ချက်ဖြစ်ဟု တပ်မတော်သတင်း ထုတ်ပြန်


အင်းဒင်သုသာန်အလောင်းတွေ့မှု နှင့် ပတ်သက်ပြီး တပ်မတော် စုံစမ်းစစ်ဆေးရေးအဖွဲ့စစ်ဆေး (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
အင်းဒင်သုသာန်အလောင်းတွေ့မှု နှင့် ပတ်သက်ပြီး တပ်မတော် စုံစမ်းစစ်ဆေးရေးအဖွဲ့စစ်ဆေး (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျးရွာ သုဿန်မှာ တွေ့ရှိခဲ့တဲ့ အလောင်းတွေဟာ ဒေသခံရွာသား တချို့နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ သေဆုံးသူတွေဖြစ်ကြောင်း မြန်မာစစ်တပ်က ပြောဆိုလိုက်ပါတယ်။

စုံစမ်းစစ်ဆေးမှုတွေအရ ရုပ်အလောင်း ၁၀ လောင်း ဟာ တပ်မတော်က ဖမ်းဆီးထားခဲ့တဲ့ အကြမ်းဖက်သမားတွေ ဖြစ်ကြပြီး၊ လုံခြုံရေးအခြေအနေအရ ရဲတပ်ဖွဲ့ကို မလွဲှပြောင်းနိုင်ဘဲ သတ်ဖြတ်မြှုပ်နှံခဲ့တာ ဖြစ်ကြောင်းလည်း ဒီကနေ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ကြေညာချက်က ဖော်ပြခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၁ ရက်နေ့က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေအတွင်း ဖမ်းဆီးရမိထားတဲ့ အကြမ်းဖက်သမား ၁၀ ယောက်ကို စစ်ဆေးမေးမြန်းပြီး နောက်တနေ့မှာပဲ သုဿန်ကို ခေါ်ဆောင်သွားခဲ့ပြီး သတ်ဖြတ်ခဲ့တာ ဖြစ်ကြောင်းလည်း တပ်မတော်စုံစမ်းစစ်ဆေးရေး အဖွဲ့ရဲ့ စစ်ဆေးချက်တွေအရ သိရှိခဲ့ရကြောင်း ပြောဆိုထားပါတယ်။ သုဿန်အရောက်မှာတော့ ဘင်္ဂလီအကြမ်းဖက်သမားတွေရဲ့ လက်ချက်ကြောင့် ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲ သေဆုံးခဲ့ရသူ ဒေသခံတဦးအတွက် လက်စားချေ တုန့်ပြန်ချင်နေကြတဲ့ မိသားစုဝင် ၂ ဦး အပါအဝင် ရွာသား ၃ ဦးနဲ့အတူ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သတ်ဖြတ်မှု ကျုးလွန်ခဲ့ကြောင်းလည်း စုံစမ်းတွေ့ရှိခဲ့တာပါ။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၅ ရက်နေ့က လုံခြုံရေးကင်းစခန်း ၃၀ လောက်ကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက် အုပ်စုကို လိုက်လံရှင်းလင်းတဲ့ စစ်ဆင်ရေးအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်နေတယ်လို့ စွပ်စွဲထားတဲ့ မြန်မာစစ်တပ်က ဥပဒေမဲ့ သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ ဝန်ခံပြောကြားတာ ဒါဟာပထမဆုံးလည်း ဖြစ်ပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ ဒီကနေ့ ကြေညာချက်မှာတော့ သတ်ဖြတ်မှုနဲ့ ပတ်သက်ဆက်နွယ်သူ ဒေသခံတွေနဲ့ တပ်ဖွဲ့ဝင်တွေကို ဥပဒေနဲ့အညီ အရေးယူသွားမှာ ဖြစ်သလို၊ တာဝန်ရှိသူတွေကို အသိပေး အကြောင်းကြားဖို့ ပျက်ကွက်သူတွေနဲ့ တာဝန်ရှိသူ အဆင့်ဆင့်ကိုပါ အရေးယူမှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

XS
SM
MD
LG